Local News

(၁၀)နှစ်အတွင်း အာဆီယံ ထိပ်တန်းနိုင်ငံဖြစ်စေရမည်ဟု စစ်ခေါင်း… see more

(၁၀)နှစ်အတွင်း အာဆီယံ ထိပ်တန်းနိုင်ငံဖြစ်စေရမည်ဟု စစ်ခေါင်း… see more

တက်ညီလက်ညီ ကြိုးစားလုပ်ဆောင်ပါက (၁၀)နှစ်အတွင်း အာဆီယံ၏ ထိပ်တန်းနိုင်ငံအဖြစ် ရောက်နိုင်မည်ဟု အာဏာသိမ်းစစ်ခေါင်းဆောင်က ၂၀၂၁ခုနှစ် စက်တင်ဘာလ(၂၂)ရက်နေ့က ပြုလုပ်သည့် စီမံကိန်းကော်မရှင် အစည်းအဝေးတွင် ပြောသည်။

တက်ညီလက်ညီ ကြိုးစားအားထုတ် လုပ်ဆောင်ပါက အာဆီယံတွင် အလယ်အလတ်အဆင့်ရှိသည့် နိုင်ငံအဖြစ် (၅)နှစ်အတွင်း ရောက်နိုင်မည်ဖြစ်သလို (၁၀)နှစ်အတွင်းတွင် အာဆီယံ၏ ထိပ်တန်းနိုင်ငံအဖြစ် ရောက်နိုင်မည်ကို

အပြည့်အဝယုံကြည်သလို မြေပေါ် မြေအောက် သယံဇာတများကို ပေါင်းစည်းပြီး အသုံးပြုရင် မဖြစ်နိုင်စရာအကြောင်း မရှိကြောင်း အာဏာသိမ်းစစ်ခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်က ပြောကြားခြင်း ဖြစ်သည်။

မြန်မာနိုင်ငံအပါအဝင် ကမ္ဘာ့နိုင်ငံများ ရေရှည်တည်တံ့ခိုင်မြဲပြီး ဟန်ချက်ညီ သည့် ဖွံ့ဖြိုးမှုပန်းတိုင်များ (Sustainable Development Goals-SDGs) 2015-2030 ကို အကောင်အထည် ဖော်ဆောင်ရွက်ရန် အတည်ပြုခဲ့ကြပြီးဖြစ်သည့်အတွက်

မြန်မာနိုင်ငံသည် ဖွံ့ဖြိုးမှုအနည်းဆုံးနိုင်ငံအဖြစ်မှ လွတ်မြောက်ရေး သတ်မှတ်ထားသည့် စံနှုန်းများ ဆက်လက်ပြည့်မီရေး ကိုလည်း စီမံကိန်းများ၊ လုပ်ငန်းစဉ်များနှင့် ချိတ်ဆက်အကောင်အထည်ဖော် ဆောင်ရွက် သွားကြရန် လိုအပ်ကြောင်းလည်း ၎င်းက ဆိုသည်။

ဒါ့အပြင် စစ်ခေါင်းဆောင်က “တိုင်းဒေသကြီးနဲ့ ပြည်နယ်အစိုးရအဖွဲ့တွေအနေနဲ့ ခွင့်ပြုရန်ပုံငွေတွေကို ပြည်သူလူထုအတွက် အသုံးပြုဖို့လုပ်အပ်တယ်၊ မိမိတို့ဟာ နိုင်ငံရေးအစိုးရ မဟုတ်ပေမဲ့ ပကာသနကိုလျှော့ချကာ

တိုင်းပြည်အတွက် လက်တွေ့အကျိုးရှိပြီး ပြည်သူလူထုကို တိုက်ရိုက်အကျိုးပြုမယ့် လုပ်ငန်းတွေကို ဆောင်ရွက်သွားဖို့ လိုအပ်ကြောင်း၊ မိမိတို့ ဆောင်ရွက်မှုတွေဟာ အစိုးရချမ်းသာရန်မဟုတ်ဘဲ တိုင်းပြည်ချမ်းသာရန်အတွက် ဆောင်ရွက်နေခြင်းဖြစ်တယ်” လို့ ပြောပါတယ်။

ကိုဗစ်-၁၉ ကပ်ရောဂါဆိုင်ရာအသုံးစရိတ်ကို အခု (၆) လ ဘဏ္ဍာရေး နှစ်မှာ အရေးပေါ်ရန်ပုံငွေကျပ် ၅၆ ဘီလီယံအပြင် ကိုဗစ်-၁၉ ကပ်ရောဂါ ဆိုင်ရာ အထူးရန်ပုံငွေတစ်ရပ်ကိုလည်း ကျပ် ဘီလီယံ ၁၀၀ လျာထား သုံးစွဲသွားနိုင်ဖို့ စီစဉ် ထားကြောင်းလည်း သိရပါတယ်။

ဘဏ္ဍာရေးဆိုင်ရာကော်မရှင် အစည်းအဝေးမှာ ၂၀၂၁ ခုနှစ်၊ အောက်တိုဘာလ (၁) ရက်မှ ၂၀၂၂ ခုနှစ်၊ မတ်လ (၃၁) ရက် အထိ (၆) လအတွက် ပြည်ထောင်စု၏အရအသုံး ခန့်မှန်းခြေ ငွေစာရင်းနဲ့ ပြည်ထောင်စုရဲ့ ဘဏ္ဍာငွေအရအသုံးဆိုင်ရာ ဥပဒေ ကြမ်းတို့ကို

ဆွေးနွေး အတည်ပြုတာဖြစ်ပြီး ကာကွယ်ရေးဘတ်ဂျက်အပါအဝင် တိုင်းပြည်ရဲ့ တစ်စုံလုံးဘတ်ဂျက်အခြေအနေနဲ့ ပတ်သက်လို့ တော့ စစ်ကောင်စီက ပြည်သူလူထုကို ပွင့်လင်းမြင်သာစွာ ချပြခြင်းမရှိဘဲ ထိမ်ချန်လျှို့ဝှက်ထားပါတယ်။

ပြီးခဲ့တဲ့ အရပ်သားအစိုးရလက်ထက်က တိုင်းပြည်ရဲ့ဘတ်ဂျက်နဲ့ ပတ်သက်ပြီး လွှတ်တော်မှာ ဆွေးနွေးခဲ့ကြသလို ဘဏ္ဍာရေးကော်မရှင် ဥက္ကဋ္ဌဖြစ်တဲ့ နိုင်ငံတော်သမ္မတက တိုင်းပြည်ရဲ့ ဘတ်ဂျက်အသုံးစရိတ်ပမာဏနဲ့ ပတ်သက်ပြီး ပွင့်လင်းမြင်သာပြည်သူတွေကို ချပြခဲ့ပါတယ်။

စစ်တပ်အာဏာသိမ်းပြီးနောက် မြန်မာနိုင်ငံရဲ့ ဘဏ္ဍာရေးနှစ်ကို ၂၀၂၂-၂၀၂၃ ခု၊ ဘဏ္ဍာရေးနှစ်ကစပြီး ဧပြီလ (၁) ရက်မှ မတ်လ (၃၁) ရက်အထိ ပြောင်းလဲပြင်ဆင် သတ်မှတ်လိုက်ပြီး ကူးပြောင်းချိန်အဖြစ် ၂၀၂၂ ခုနှစ်၊ မတ်လ (၃၁) ရက်အထိ (၆) လတာကာလ သတ်မှတ်ထားတာဖြစ်ပါတယ်။

နိုင်ငံ့အာဏာကို အာဏာသိမ်းစစ်ခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် ဦးဆောင်သည့်အဖွဲ့က သိမ်းလိုက်ပြီးနောက် လက်ရှိ၌ မြန်မာနိုင်ငံအတွင်းမှ နိုင်ငံခြားရင်းနှီးမြှုပ်နှံမှုများနှင့် နိုင်ငံခြားကုမ္ပဏီများလည်း လုပ်ငန်းများ ရပ်ဆိုင်းသွားကြသလို နိုင်ငံမှ ထွက်ခွာရန်လည်း ပြင်ဆင်နေမှုများရှိနေသည်။

Credit Living Myanmar