Local News

၈၈ ကစပြီး ပြည်သူတွေကို စစ်ခေါင်းဆောင်တွေ ထည့်ခဲ့တဲ့ ဂျင်း

၈၈ ကစပြီး ပြည်သူတွေကို စစ်ခေါင်းဆောင်တွေ ထည့်ခဲ့တဲ့ ဂျင်း

“မြန်မာပြည်မှာ စစ်တပ်က တကယ်အာဏာသိမ်းရင်တော့ ဘယ်သူမှ ဘာမှ တတ်နိုင်မှာ မဟုတ်ဘူး” ဆိုတဲ့ စကားကို စစ်တပ်ခေါင်းဆောင် အားလုံးနီးပါးထံကရော နိုင်ငံရေးသမား အတော်များများထံကပါ ရာစုနှစ်တဝက်မက ကျနော်တို့ ကြားခဲ့ရတယ်။

အဲဒီ ဂျင်း ဘာကြောင့်ထွက်လာသလဲ။ စစ်တပ်ခေါင်းဆောင် အားလုံးနီးပါးက သူတို့ရဲ့ အင်အားကို ဘယ်တိုင်းရင်းသား သူပုန်ကမှ မနိုင်ဘူး။ နယ်စွန်နယ်ဖျားလောက်မှာပဲ အဲဒီအဖွဲ့အစည်းတွေ ဘဝတုံးသွားလိမ့်မယ်လို့ တွက်ခဲ့တယ်။

နိုင်ငံရေးသမား အတော်များများ (အထူးသဖြင့် လက်ျာသမားတွေ) ကလည်း မြစ်ဝကျွန်းပေါ်တို့ ရိုးမတို့ အရှေ့မြောက်တို့က အဖြစ်အပျက်တွေ ၈၈ အပြီးဇတ်လမ်းတွေနဲ့ အရာရာကိုတိုင်းတာပြီး မြန်မာ့နိုင်ငံရေးမှာ စစ်တပ်မပါလို့မဖြစ်ဘူး။

တိုင်းရင်းသား လက်နက်ကိုင်တွေဟာ ပြည်နယ်တွေကိုတောင် အပြည့်အဝ ထိန်းချုပ်နိုင်တဲ့အဆင့်ကို မရောက်နိုင်ဘူးလို့ တွက်ခဲ့တယ်။

အဲဒီ ဂျင်း ကိုကျနော်တို့ (လူကြီးနဲ့ လူလတ် အားလုံးနီးပါး) ဆယ်စုနှစ်များစွာ စားခဲ့ကြတယ်။ စစ်တပ်ဘာကြောင့် အာဏာသိမ်းလဲသိလား။

အဲဒီ ဂျင်းကို လူတွေယုံနေကြဆဲ (စားနေကြဆဲ) ဖြစ်တယ်လို့ သူတို့တွက်တယ်ဗျ။ အဲဒါကြောင့် အာဏာသိမ်းတာပဲ။ သူတို့အဲဒီလို တွက်မယ်ဆိုလည်း တွက်စရာတွေက ရှိခဲ့တာကိုး။

ဒါပေမယ့် ဒီတခါတော့ တွက်ကိန်းမှားသွားခဲ့ပါပြီ။ စစ်တပ်က မလွှဲမရှောင်သာပေးခဲ့ရတဲ့ ဒီမိုကရေစီအခွင့်အရေး အနည်းအကျဉ်းငါးနှစ်နဲ့ အတော်အသင့်ငါးနှစ် စုစုပေါင်း ဆယ်နှစ်လောက်အတွင်း လူလားမြှောက်ခဲ့တဲ့

မျိုးဆက်သစ်လူငယ်တွေရဲ့ ရင်ထဲမှာ အဲဒီ ဒီမိုကရေစီ ဘယ်လောက် ထိုးဝင်ရှင်သန်ပြီး ရေသောက်မြစ်ခိုင်မာနေခဲ့တယ်ဆိုတာကို စစ်တပ်ခေါင်းဆောင်တွေနဲ့ နိုင်ငံရေးသမားတွေ (အားလုံးနီးပါး) ခန့်မှန်းတွက်ချက် နိုင်ခဲ့ခြင်း မရှိပါဘူး။

ဒါကြောင့်လည်း အာဏာသိမ်းစက နေပြည်တော်မှာ ကြက်ခြံထဲက ကြက်တွေလို အဖမ်းခံထားရတဲ့လွှတ်တော်အမတ်တွေဟာ အာဏာသိမ်းတော့မယ်ဆိုတာ ကြိုတင်တွက်လို့ ရခဲ့ပေမယ့် ရုတ်တရက် ဘာလုပ်ရမှန်းမသိ ဖြစ်ခဲ့ကြတာပေါ့။

လွှတ်တော်အမတ်တယောက်ကဆိုရင် “စစ်တပ်တကယ်အာဏာသိမ်းရင်တော့ ကျနော်တို့ ဘာမှလုပ်လို့မရဘူးခင်ဗျ” လို့တောင် သွေးရူးသွေးတန်းနဲ့ ကျနော့်ကို ပြောခဲ့သေးတယ်။

ဒါပေမယ့် မျိုးဆက်သစ်လူငယ်တွေရဲ့ ရင်ထဲမှာခိုင်မာနေပြီဖြစ်တဲ့ ဒီမိုကရေစီစိတ်ဓါတ်ဟာ ၇၂ နာရီ ဂျင်းအပြီးမှာ မိုးဦးကျထွက်တဲ့ မြက်တွေ မှိုတွေလို တပြည်လုံးမှာ တပြိုင်နက်ထွက်လာခဲ့တော့တယ်။

အမြဲတမ်း နောက်လိုက်ကောင်းတဲ့ လူထုကလည်း တာရိုးကျိုးတဲ့ရေလို တသားတည်းပါလာခဲ့တယ်။ အဲဒါ အာဏာရှင်တွေ နိဂုံးချုပ်မယ့်ဇတ်လမ်းရဲ့ နိဒါန်းပါပဲ။

အဲဒီနောက် ပညာတတ်တွေ၊ ဝန်ထမ်းတွေ စသဖြင့် နိုင်ငံချစ်သူတွေအားလုံး နိုးထပူးပေါင်းလာကြနဲ့ “နွေဦးတော်လှန်ရေး” ပေါ်ထွက်လာခဲ့တာပေါ့။

(လွှတ်တော်အမတ်တချို့နဲ့ နိုင်ငံရေးသမားတချို့ စစ်တပ်အာဏာသိမ်းကတည်းက ညှိနိုင်းတိုင်ပင်ခဲ့ကြတာတော့ ကြားရပါတယ်။ တချို့လည်း အာဏာမသိမ်းခင်ကြိုတင်ညှိနိုင်းခဲ့ကြတယ် ကြားပါရဲ့။ စီမံချက်တော့ တိတိကျကျ ချခဲ့ဟန်မတူဘူး။)

မှန်တာကို ဝန်ခံစမ်းပါဗျာ။ Generation Z တွေကို ကျနော်တို့အားလုံး အံ့ဩဝမ်းသာ ခဲ့ရတာ မဟုတ်ဖူးလား။ အခုတော့ မြန်မာပြည်ရဲ့ ဒီမိုကရေစီခရီးလမ်းဟာ ကြမ်းတမ်းနေဆဲဖြစ်ပေမယ့် ပန်းတိုင်ကိုတော့ မြင်နေရပါပြီ။

လက်ရှိ အခြေအနေ အရပ်ရပ်က မြန်မာပြည်မှာ အာဏာရှင်စနစ် ချုပ်ငြိမ်းတော့မယ်ဆိုတာကို ညွှန်ပြနေပါပြီ။ လတ်တလောတော့ ကျနော်တို့ အတူတူ စိတ်ဆင်းရဲလို့ မျက်ရည်ကျနေကြတယ်။ ကျနော်တို့ အတူတူ ပျော်လို့ ဝမ်းသာမျက်ရည်ကျရတဲ့ နေ့ကိုလည်း ရောက်လာဦးမှာပါ။

ကျနော့်ရင်ထဲမှာ နှစ်သစ်ကူး ဆန္ဒတခုပေါ်နေမိတယ်။ ဆူးလေလမ်းမနဲ့ မြို့တော်ခန်းမရှေ့မှာ တိုင်းရင်းသားပေါင်းစုံပါဝင်တဲ့ Generation Z ပြည်သူ့ဖက်ဒရယ် တပ်မတော်သား လူငယ်တွေ ဝတ်စုံပြည့် ချီတက်အောင်ပွဲခံတာကို သတင်းတင်ပြခွင့်ရတဲ့ဘဝပါပဲ။

နေပြည်တော်က လမ်းမကြီးကိုလား။ အာဏာရှင်စနစ်ရဲ့ အကြွင်းအကျန်အဖြစ် နိုင်ငံခြားသားတွေ လာကြည့်ဖို့ ထားလိုက်ပါဗျာ။

ခင်မင်စွာ ခင်မောင်စိုး

Recent Comments

No comments to show.