Local News

CDM ဗိုလ်ကြီး ညီသုတနှင့် ဆက်သွယ်မေးမြန်းချက် အပိုင်း ၂ နိဂုံးပိုင်း

CDM ဗိုလ်ကြီး ညီသုတနှင့် ဆက်သွယ်မေးမြန်းချက် အပိုင်း ၂ နိဂုံးပိုင်း

ဖေဖော်ဝါရီလ ၁ ရက်နေ့တွင် စစ်တပ်က တိုင်းပြည်အာဏာကို သိမ်းလိုက်ပြီးနောက် စစ်တပ်မှ ထွက်ကာ ပြည်သူ့ဘက်တွင် ရပ်တည်ကာ ပထမဆုံး CDM ပြုလုပ်ခဲ့သူ ပြည်သူ့စစ်သား ဗိုလ်ကြီးညီသုတနှင့် တပ်တွင်း စစ်သားများ၏ စိတ်ဓာတ်ပိုင်းဆိုင်ရာဖြစ်ပေါ်နေမှု၊ အနာဂတ်တွင် ဖြစ်လာနိုင်သည့်တိုက်ပွဲ ထောင်ချောက်များအကြောင်းနှင့် တပ်အခြေအနေများကို မေးမြန်းဖော်ပြလိုက်ပါသည်။

မေး။ ။ NUG က D day ကြေညာပြီးနောက်ပိုင်းမှာ တိုက်ပွဲတွေ ခပ်စိတ်စိတ်ဖြစ်လာတယ်။ CDM ရဲနဲ့ စစ်သား အရေအတွက်လည်း များလာတဲ့အခါ လက်ရှိတပ်တွင်းမှာ စစ်သားတွေရဲ့ စိတ်ဓာတ်ပိုင်းဆိုင်ရာ ဘယ်လိုအနေအထားရှိနေနိုင်သလဲ။

ဖြေ။ ။ လက်ရှိကတော့ စစ်တပ်လည်း စစ်ပန်းနေတာပေါ့။ သူတို့ တာဝန်တွေကလည်း ပိုပြီးတော့ များပြားနေတာပေါ့။ တာဝန်တွေက များပြားနေတဲ့အခါကျတော့ စိတ်ပိုင်းဆိုင်ရာမှာ သူတို့ ကျဉ်းထဲကြပ်ထဲကို ရောက်နေကြတယ်ပေါ့။

တပ်တွင်းမှာတော့ စိတ်လည်း ပန်းတယ်၊ စစ်လည်း ပန်းတယ်။ လူတွေလည်း ပန်းနေတဲ့အခါကျတော့ သူတို့ ပိုပြီးတော့မှ လွယ်လွယ်ပေါက်ကွဲနေတာမျိုး ဖြစ်နေတယ်ဆိုတာလည်း သိရတယ်။ နောက်တစ်ခါ မွန်းကျပ်မှုတွေလည်း ပိုခံစားနေရတယ်ဆိုတော့ ဒါကတော့ တော်တော်လေး အထဲမှာ ပေါက်ကွဲမှုတွေ ရှိနေတယ်ဆိုတာမျိုးတော့ သိရတယ်။

မေး။ ။ လက်ရှိမှာ ရဲမေတွေပါ ဝင်တိုက်ရတဲ့အနေအထားဖြစ်လာတော့ စစ်တပ်ဘက်က အနေအထားက စစ်အင်အားနည်းလာပြီလို့ သုံးသပ်လို့ရလား။

ဖြေ။ ။ အင်အားကတော့ နည်းသွားတာတော့ မဟုတ်ဘူး။ အရင်တုန်းက ဖွင့်ထားတဲ့စစ်မျက်နှာတွေက နိုင်နင်းတယ်လို့ ပြောလို့ရတယ်။ ဒါပေမဲ့လည်း အဲ့အချိန်ကတည်းကကိုက စစ်ဆင်ရေးကို နှစ်နဲ့ချီပြီး ထွက်နေရတာ။ ပြန်နားတဲ့အချိန်က နည်းနည်းလေး။
အခုချိန်မှာကျတော့ စစ်မျက်နှာသည် ဘက်ပေါင်းစုံကနေ စစ်မျက်နှာ ဖွင့်နေကြတာဖြစ်တယ်။ ဘက်ပေါင်းစုံကနေ စစ်မျက်နှာဖွင့်ထားတာဖြစ်တဲ့အတွက်ကြောင့် ရှေ့တန်းသွားနေတဲ့စစ်သည်တွေတင်မဟုတ်ဘဲ ကိုယ့်ရဲ့ပတ်ဝန်းကျင် တပ်ဝန်းကျင်ထွက်လိုက်တာနဲ့ စစ်မြေပြင် ဖြစ်လာတဲ့အနေအထားမှာ စစ်သည်တွေရဲ့ အင်အားဟာ လုံလောက်မှုမရှိတော့ဘူး။

ဒီစစ်မျက်နှာတွေ များလာတဲ့အတွက် လက်ရှိစစ်သည်အင်အားနဲ့ ထိန်းချုပ်လို့မရနိုင်တဲ့အနေအထားဖြစ်လာတယ်။ ဒီအတွက်ကြောင့်မို့ အမျိုးသမီးတွေကိုပါ တိုက်ပွဲဝင်ဖို့အတွက် အသုံးပြုဖို့ တိုက်တွန်းနေတာတွေရှိတယ်။ အမိန့်ပေးနေတာတွေရှိတယ်။ ဒီလိုပဲ စစ်မှုထမ်းဟောင်းတွေကိုလည်း ပြန်ပြီးသုံးဖို့အတွက် ပြန်ပြီးစီစဉ်နေတာတွေ ကျွန်တော်တို့ကြားရပါတယ်ဗျ။

မေး။ ။ လက်ရှိအခြေအနေအရ ပြည်သူ့ဘက်က အားသာနေတဲ့အနေအထားမျိုးရှိပါသလား။

ဖြေ။ ။ အားသာချက်ကတော့ ဘက်ပေါင်းစုံကနေ စစ်မျက်နှာဖွင့်နိုင်တာပေါ့။ ဒီအတွက်ကြောင့်မို့လို့ ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ဝင်တွေ၊ EAO တွေ ဘက်မှာတော့ စစ်တပ်ကို စစ်ပန်းအောင်လုပ်နိုင်တဲ့အနေအထား အများကြီးရှိပါတယ်။ ကျွန်တော်တို့ ခွေးရူးလုပ်တမ်း ကစားသလိုပေါ့။

ဘယ်နေရာကနေ ပေါ်ထွက်လာမလဲ။ ဘာတွေဆက်ဖြစ်မလဲဆိုတာကို မသိနိုင်သလိုမျိုးပဲ။ မြို့တွင်းလုံခြုံရေးကအစ မြို့ပြင်လုံခြုံရေးကအစ နေရာတိုင်းမှာ ကျွန်တော်တို့တိုက်ခိုက်ခံရနိုင်တယ်ဆိုတဲ့ စိတ်ခံစားမှုမျိုးပေးနိုင်တယ်။ တစ်နည်းအားဖြင့် စစ်ကောင်စီကို စစ်ပန်းအောင်လုပ်နိုင်တဲ့ အားသာချက်တစ်ခုဖြစ်ပါတယ်။

လက်ရှိမှာတော့ ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ဝင်တွေအနေနဲ့လည်း အားကောင်းအောင် တည်ဆောက်နေဆဲဖြစ်ပါတယ်။ ဒါ့အပြင် EAO တွေအနေနဲ့လည်း တချို့သော ကိစ္စတွေမှာ ချိန်ဆပြီးတော့မှ စစ်ရေးကို ဆောင်ရွက်နေတာ တွေ့ရပါတယ်။

အချိန်ကာလတစ်ခုအထိကတော့ EAO အဖွဲ့ဝင်တွေ ဟန်ချက်ညီညီပေါင်းစည်းသွားနိုင်တဲ့ လုံလောက်တဲ့လက်နက်တွေရနိုင်တဲ့ ဒီလိုအချိန်မျိုးတစ်ခု ရနိုင်တယ်ဆိုတဲ့အချိန်ကျရင်တော့ ကျွန်တော်တို့ အခုထက်ပိုပြီး အရှိန်မြှင့်ပြီး သွားလို့ရမှာဖြစ်ပါတယ်။ ဒီအချိန်မှာတော့ စစ်ကောင်စီ စစ်ပန်းဖို့အတွက် နောက်တစ်ခါ စစ်ကောင်စီကို စစ်မြူဖို့အတွက် ဒီအတွက်ကို ဦးတည်ကြိုးစားတာကတော့ ဒီအဆင့်မှာ အကောင်းဆုံးပဲခင်ဗျ။

မေး။ ။ စစ်တပ်က လက်ရှိမှာ ပြည်သူ့အိုးအိမ်တွေ ဖျက်ဆီးတယ်။ ပြည်သူတွေကို သတ်နေတယ်။ ဒီအခြေအနေဟာ စစ်တပ်ရဲ့ နောက်ဆုံးလို့ပြောနိုင်လား။ ပြည်သူ့ဘက်ကို မပါဘဲ ပြည်သူကို သတ်တဲ့စစ်တပ်ဖြစ်နေလား။

ဖြေ။ ။ စစ်တပ်ရဲ့ နောက်ဆုံးအချိန်ဟာ နီးကပ်လာပြီ။ ဘာကြောင့်လဲဆိုတော့ သမိုင်းမှာ တိုင်းရင်းသား လက်နက်ကိုင်တွေနဲ့ပဲဖြစ်ဖြစ်၊ နိုင်ငံရေးအင်အားစုတွေနဲ့ပဲဖြစ်ဖြစ် စစ်တပ်ဟာ အမြဲတမ်း ထိပ်တိုက်တွေ့ခဲ့ရတယ်။

ဒီတစ်ခေါက်ကတော့ အင်အားစုတွေက ဘုံရည်မှန်းချက်တွေ၊ ဘုံပန်းတိုင်တွေနဲ့ စုပေါင်းသွားတယ်။ စည်းလုံးသွားတဲ့အနေအထားဖြစ်တဲ့အခါကျတော့ စစ်တပ်အနေနဲ့က လုံးဝကို သီးခြားကြီးဖြစ်သွားတယ်။

ဒါ့အပြင် စစ်တပ်ထဲမှာကို စစ်တပ်လုပ်တာကို လက်မခံတဲ့အင်အားများလာတဲ့အခါကျတော့ သမိုင်းမှာ စစ်တပ်အတွက် တော်တော်လေးကို ဖရိုဖရဲနိုင်တဲ့အခြေအနေတစ်ခုဖြစ်နေပါတယ်။ ပြည်သူတွေနဲ့ ပိုဝေးကွာတဲ့အနေအထားကို ရောက်နေပါပြီ။

မေး။ ။ တပ်ရဲ့အနေအထားက အနာဂတ်မှာ ဘယ်လိုပုံစံဖြစ်လာနိုင်သလဲ။

ဖြေ။ ။ စစ်တပ်ကတော့ ပြုပြင်ပြောင်းလဲမှုကတော့ အနိမ့်ဆုံး လုပ်ရတော့မှာပါ။ သူလုပ်နိုင်တဲ့ အနေအထားကတော့ ပြည်နယ်အချို့ကို သဘောတူညီမှုယူလိုက်ပြီးတော့ ကိုယ်ပိုင်အုပ်ချုပ်ခွင့် ပေးလိုက်တာမျိုး ရန်ငြိမ်းအောင်လုပ်မယ့်အနေအထားမျိုးတွေလည်း ရှိတယ်။ ဥပမာ ဝဒေသကို အုပ်ချုပ်ရေးအာဏာပေးလိုက်သလိုမျိုးပဲ။

အခုတစ်ခါရခိုင်ပေါ့။ အခုဆိုရင်လည်း ကရင်ပြည်နယ်၊ ကချင်ပြည်နယ် ဒီလိုမျိုး အဓိက ပြည်နယ်တွေကို ပေးလိုက်ခြင်းအားဖြင့် ပြသနာတွေကို ပြေလည်အောင် ကြိုးစားထားတာတွေလည်း ရှိပါတယ်။ ဒါဆိုရင်တော့ သူတို့သည် ပုံစံတစ်မျိုးဖြစ်သွားနိုင်တယ်။ အဲ့ဒီဟာတွေကို ပြည်နယ်တွေပေါ့ သက်ဆိုင်ရာတိုင်းရင်းသားလက်နက်ကိုင်တွေက လက်မခံဘဲနဲ့ အားလုံးပေါင်းစုပြီးတော့မှ ပြန်ပြီးတော့မှ တွန်းလှန်မယ်ဆိုရင် အချိန်တစ်ခုမှာ စစ်တပ်ဟာ စစ်ရေးအရ ရင်ဆိုင်ဖို့ရာ အင်မတန်ခက်ခဲသွားမှာပါ။

မေး။ ။ စစ်တပ်ကို ခုခံတော်လှန်နေတဲ့ ပြည်သူ့တပ်ဖွဲ့ဝင်တွေကိုကော ဘာတွေအကြံပြုချင်ပါသလဲ။

ဖြေ။ ။ ပထမအဆင့်ကတော့ လက်ရှိ ရှိနေတဲ့အင်အားတွေ၊ တိုင်းရင်းသားလက်နက်ကိုင်တွေဆိုရင် တည်ဆောက်ပြီးသား အင်အားရှိတယ်။ ဒီအင်အားတွေ ပေါင်းစုဖို့။ ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ဝင်တွေ ဆိုရင်လည်း အချိန်တစ်ခုကို စောင့်ဖို့ လိုအပ်နေတာတော့ အမှန်ပါပဲ။

ဒီကြားထဲမှာ တိုက်ရိုက်ရင်ဆိုင်တာထက် ရန်သူကို စကစကို စစ်ပန်းသွားအောင် လုပ်နိုင်ဖို့က အရေးကြီးပါတယ်။ ဘယ်စခန်းကို သိမ်းရမယ်။ ဘယ်ဒေသကို သိမ်းရမယ်ဆိုတာကတော့ ဒီကာလမှာ အရေးမကြီးသေးပါဘူး။ ဒီကာလမှာ ရန်သူကို စစ်ပန်းအောင် လုပ်ဖို့ပဲ အဓိကထားပြီး လုပ်ရမှာဖြစ်ပါတယ်။
အဓိက ကတော့ လူအင်အား၊ လက်နက်အင်အားပေါ့ အထူးသဖြင့် လက်နက်အင်အားပေါ့။
လက်နက်အင်အားကောင်းလာမယ့်အချိန်တစ်ခုကို စောင့်ပြီးတော့ (စကစကို) ရင်ဆိုင်ခြင်းအားဖြင့် အသက်ဆုံးရှုံးမှုအနည်းဆုံးနဲ့ အောင်ပွဲကို ရမှာဖြစ်ပါတယ်။

ဒီကာလမှာတော့ ကျွန်တော်တို့သည် တတ်နိုင်သမျှ အင်အားချင်း တိုက်ရိုက်ဆုံတွေ့နိုင်မယ့်နည်းလမ်းတွေကို ရှောင်ကွင်းပြီးတော့မှာ ပျောက်ကျားစစ်ကို အခြေခံပြီးတော့မှ ကိုယ့်ဘက်ကနေ ဆုံးရှုံးမှုနည်းနည်းနဲ့ ရန်သူလည်း စစ်ပန်းတဲ့တိုက်ကွက်ပုံစံမျိုးကိုပဲ အဓိကသွားဖို့ လိုပါတယ်ခင်ဗျ။

မေး။ ။ အောက်ခြေမှာ တပ်သား စုဆောင်းမှုရှိတယ်ဆိုတဲ့သတင်းတွေထွက်နေတယ်ပါတယ်၊ ဘာတွေများ ကြားသိထားရတာ ရှိပါသလဲ။

ဖြေ။ ။ တပ်သားကတော့ စုဖို့အရမ်းခက်ခဲနေတဲ့အနေအထားပါ။ ဘယ်လောက်ထိ ရလဲ မရလဲဆိုတာကတော့ ကျွန်တော်လည်း သေချာမသိတော့ဘူး။ ဝင်သူမရှိသလောက်ကတော့ ဖြစ်နေတယ်။ အင်အားကတော့ လောလောဆယ်မှာ စစ်မျက်နှာတွေ အများကြီးဖြစ်နေတာမို့ လက်ရှိအင်အားနဲ့ တော်တော်လေးကို ရုန်းကန်နေရတယ်။

ဒါကြောင့်လည်း လက်ရုံးတပ်ခွဲလို့ခေါ်တဲ့ ရေတို့ လေတို့ကအစ လုံခြုံရေးတွေ လုပ်နေရတဲ့အနေ အထား၊ အမျိုးသမီးတွေလည်း ပါဝင်ရတဲ့အနေအထား။ ဒီလိုအနေအထားမျိုးကို သူတို့ဘယ်လောက်ထိ တောင့်ခံနိုင်မလဲ။ ပြည်သူ့ကာကွယ်ရေးအဖွဲ့တွေကလည်း ဘယ်လောက်ထိ ဖိအားပေးထားနိုင်မလဲအပေါ် မူတည်ပါတယ်။

မေး။ ။ စစ်တပ်ဘက်ကနေ တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့အစည်းတွေဘက်ကို ကမ်းလှမ်းတာမျိုး ကြားသိရတာ ရှိပါသလား။

ဖြေ။ ။ ရခိုင်ကိုဆိုရင်လည်း အေအေဆိုရင် ကာကွယ်ဆေး လေးသောင်းပို့ဖို့ ဒါတွေကိုလည်း ကြားရပါတယ်။ ကရင်ဘက်မှာရှိနေတဲ့ တိုင်းရင်းသားခေါင်းဆောင်တွေနဲ့ သူတို့ စကားပြောတာတွေလည်း ရှိပါတယ်။ ဒါတွေလည်း သိရပါတယ်။

မေး။ ။ အနာဂတ်မှာ စစ်တပ်က ကိုယ်ပိုင်နယ်မြေတွေ ပေးတဲ့ပုံစံဖြစ်လာနိုင်ပါသလား။

ဖြေ။ အဲ့လိုဖြစ်လာနိုင်ပါတယ်။ သူတို့အဲ့လိုပေးလိုက်ပြီးတော့မှ တခြားအင်အားစုတွေနဲ့ ထိပ်တိုက်တွေ့မယ့်အနေအထားကနေ ထိပ်တိုက်မတွေ့တော့ဘဲ ပေးလိုက်မှာပေါ့။ သူတို့အနေနဲ့က တခြားသော အင်အားစုတွေကို နိုင်နိုင်နင်းနင်းနဲ့ ကိုင်တွယ်နိုင်မယ့်အနေအထားမျိုးဆိုတော့ အဲ့ဒီကစားကွက်ကိုလည်း ထုတ်သုံးလိမ့်မယ်လို့ ယူဆရပါတယ်။

မေး။ ။ ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့တွေနဲ့ကော အနာဂတ်မှာ ဘယ်လိုအနေအထားဖြစ်လာနိုင်သလဲ။

ဖြေ။ ။ ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ဝင်တွေကတော့ လတ်တလောမှာ ပြည်မမှာဆိုရင်လည်း စုစုစည်းစည်းနဲ့တော့ မရှိသေးဘူးပေါ့။ ပြန့်ကျဲနေတဲ့အနေအထားဆိုတော့ ပြောရစောပါသေးတယ်။ လက်ရှိမှာတော့ တိုင်းရင်းသားနယ်မြေတွေကို အခြေပြုပြီးတော့မှ စစ်ရေးလှုပ်ရှားမှုတွေ လုပ်နေရတာဖြစ်တဲ့အတွက် တစ်ချိန်မှာ ဝဒေသလိုမျိုး ဖြစ်လာမလားဆိုတာကတော့ ဒီအချိန်မှာ ပြောရစောပါသေးတယ်။

သူတို့လိုချင်တဲ့ လောလောဆယ်မှာတော့ စစ်ရေးအရ ဖိအားပေးနိုင်တဲ့ တိုင်းရင်းသားလက်နက်ကိုင်တွေနဲ့ သူတို့ဟာ အပေးအယူလုပ်လာနိုင်ခြေတွေ ရှိပါတယ်။ လက်ရှိမှာ အေအေနဲ့ အပေးအယူသဘောလုပ်နေတဲ့ အနေအထားကိုလည်း မြင်နေရပါတယ်။ ဒီလိုပဲ ကရင်ဘက်မှာရှိနေတဲ့ တချို့သော တပ်မဟာတွေနဲ့ NCA လမ်းကြောင်းပေါ်မှာ လျှောက်ဖို့အတွက် ညှိနှိုင်းနေတဲ့ဟာတွေလည်း ရှိပါတယ်။

မေး။ ။ ဗိုလ်ကြီးအနေနဲ့ ဘယ်လိုလမ်းကြောင်းပေါ်ကို သွားသင့်တယ်လို့ ထင်ပါသလဲ။

ဖြေ။ ။ အဓိကကတော့ တပ်မတော်တစ်ရပ်ကတော့ ပြည်သူက လိုလားတဲ့တပ်မတော်တစ်ရပ်ဖြစ်ရင် အကောင်းဆုံးပေါ့။ အခုနက ပြောတာတွေကတော့ ဆေးမြီးတိုနဲ့ကုတာပေါ့။ သို့သော်လည်း အဓိက ပြသနာက ပြည်သူလူထုအများစုက လက်မခံတာ၊ မယုံကြည်တာ၊ မရိုသေတာ ဒါတွေဖြစ်နေတဲ့အခါကျတော့လည်း နောက်ဆုံးကျရင်တော့ ပြည်နယ်တွေအကုန်လုံးကို ပေးရမှာပါပဲ။

သူတို့ ဖယ်လိုက်ရမယ့်အနေအထားက တဖြည်းဖြည်းနဲ့ဖြစ်လာမှာပဲ။ အဲ့အပေါ်မှာ သူတို့က ထိန်းလို့ရတဲ့အနေအထားတွေကို ထိန်းမယ်၊ အပေးအယူလုပ်လို့ရတဲ့နယ်မြေတွေကို အပေးအယူလုပ်မယ်။ တချို့အဖွဲ့တွေကို ဖိမယ်ဆိုတဲ့ဗျူဟာမျိုးကတော့ အရင်ကလည်း သုံးခဲ့တာပါပဲ။ ဘယ်လောက်ထိကြာကြာသုံးမလဲ၊ ဘယ်လောက်ထိအလုပ်ဖြစ်မလဲ ဆိုတာကတော့ စောင့်ကြည့်ရမှာပဲ။ လုပ်သင့်တဲ့ ဖြစ်သင့်တဲ့နည်းလမ်းတော့မဟုတ်ဘူး။ သမိုင်းမှာလည်း ဒါဆေးမြီးတိုနဲ့ ဒီလိုပဲ ကုခဲ့ရတာတော့ ကြာပြီ။

မေး။ ။ စစ်တပ်က လက်နက်မရှိတဲ့ သာမန်ပြည်သူတွေရဲ့ အိမ်တွေမီးရှို့တာ၊ ပစည်းတွေယူတာတွေ ဆက်တိုက်လုပ်ဆောင်နေတယ်။ တိုင်းရင်းသားလက်နက်ကိုင်တွေနဲ့ တိုက်ပွဲဖြစ်တော့လည်း ဒီလိုပုံစံပဲ စစ်တပ်က ကျူးလွန်ခဲ့တယ်။ ပြည်သူတွေ ကိုယ့်ဒေသကို ပြန်မလာနိုင်အောင် ကြောက်လန့်သွားအောင် အခုလိုတွေ ကျူးလွန်နေတာလား။ ဘာ့ကြောင့်ပါလဲ။

ဖြေ။ ။ တချို့သော တိုင်းရင်းသားဒေသတွေမှာ ခေါင်းမထောင်ရဲအောင် လုပ်တဲ့အပိုင်းတွေရှိတယ်။ အဲ့လိုပဲ အခုမြင်တွေ့နေရတဲ့ပုံစံတွေမှာတော့ အဓိကကတော့ ဆင်းရဲမွဲတေမှုပေါ့။ အထဲမှာက ဆင်းရဲမွဲတေအောင် ထားထားတယ်။ အသက်ရှင်ရုံ လစာလောက်ပဲရတယ်။

သူတို့အနေနဲ့ အနည်းငယ်လောက်လေး ပိုပေးရင်ကို ပျော်နေတာ။ အခုဆိုရင် အထဲမှာ စစ်ကောင်စီက အစားအသောက်တွေ၊ တခြားသော အသုံးအဆောင်လေးတွေ နည်းနည်းပါးပါးဂရုစိုက်လိုက်တာနဲ့ သူတို့ကိုယ်သူတို့ ပိုရတယ်လို့ ခံစားကြရတယ်။

ဒီလိုမျိုးစစ်ဆင်ရေးတွေ သွားရတဲ့အခါမှာ အိမ်တွေက ဟောင်းလောင်းဖြစ်နေတယ်။ အိမ်တွေထဲမှာ ပိုက်ဆံကျန်ခဲ့တာရှိမယ်။ အသုံးအဆောင်ကျန်ခဲ့တာရှိမယ်။ ဒါတွေက သူတို့လစာ တစ်သိန်းခွဲလောက်နဲ့ ဝယ်လို့ရှိရင် ဘယ်လိုမှဝယ်လို့မရတဲ့ပစည်းတွေ ဖြစ်ကောင်းဖြစ်နိုင်တယ်။ ဒီအတွက်ကြောင့် သူတို့က ကျင့်ဝတ်ဆိုတာကို မေ့ပြီး လောဘတက်ပြီး ဒီလိုမျိုး အကျင့်ပျက်ပြီး ပြည်သူတွေရဲ့ ပိုင်ဆိုင်မှုတွေကို ယူကြတာဖြစ်ပါတယ်။

မေး။ ။ အလယ်ပိုင်းမှာ စစ်ရေးပိုင်းတအားဖိနေတာကရော။

ဖြေ။ ။ သူတို့သွားနေတဲ့ဗျူဟာကတော့ အဓိကက ပင်မအင်အားစုထွက်လာနိုင်တဲ့ EAO တွေရှိတဲ့ဒေသတွေကို ဝန်းရံလိုက်တယ်။ ဥပမာဆိုရင် ကရင်မှာဆိုရင် ဝန်းရံထားလိုက်တယ်။ ကချင်မှာဆိုရင် အနားသတ်တွေမှာ သူတို့ ဝန်းရံထားလိုက်တယ်။

ပြည်မလို့ပြောလို့ရတဲ့ စစ်ကိုင်းတို့ မန်းလေးတို့မှာတော့ အခြေစိုက်စခန်းတွေ ကြီးကြီးမားမားထားလို့မရတာရှိတယ်။ မလွယ်တာတွေရှိတယ်။ သူတို့အနေနဲ့က စစ်အင်အား အများကြီးထွက်လာနိုင်တဲ့ဒေသတွေကို ပတ်လည်ဝန်းရံလိုက်ပြီးမှ အတွင်းထဲမှာရှိတဲ့သူတွေကိုကျ ရှာဖွေရေးတွေ ခပ်မြန်မြန်လုပ်နိုင်တယ်လို့ သူတို့ယူဆထားပုံရပါတယ်။ လောလောဆယ်မှာ အဲ့ဒီပုံစံအတိုင်း ကျင့်သုံးနေတာပါ။

မေး။ ။ အာဏာသိမ်းမှုတွေဖြစ်လာပြီးနောက်ပိုင်း ပြည်သူဘက်က ခုခံတော်လှန်ချိန်မှာ စကစ ဘက်က စစ်ရေးအရှိန်မြှင့်ပြီး တချို့ဒေသတွေမှာ လက်နက်ကြီးတွေအသုံးပြုပြီး ပြည်သူတွေကို သတ်ဖြတ်မှုတွေ ကျူးလွန်နေတာကရော။

ဖြေ။ ။ စစ်ရဲ့သဘောတရားကတော့ နိုင်အောင်တိုက်ကြမှာပဲ။ သူတို့အနေနဲ့က လက်ရှိ ရှိနေတဲ့ စစ်အင်အားနဲ့ သူတို့နိုင်သလောက်ထိန်းမယ်။ မနိုင်ဘူးဆိုလို့ရှိရင် ရှိတဲ့အင်အားကို ထုတ်သုံးရမယ်။ ဒါသည် သူတို့အနေနဲ့ သူတို့မှာရှိနေတဲ့အရင်းအမြစ်ကို ထုတ်သုံးမှာပဲ။

ဒီထက်ပိုဆိုးလာရင်လည်း သံချပ်ကာပေါင်းများစွာ၊ လေယာဉ်ပျံပေါင်းများစွာ အမြှောက်ပေါင်းများစွာ တစ်ဆင့်တစ်ဆင့် သုံးမယ့်အနေအထားမျိုးရှိပါတယ်။ အဲ့အပေါ်ကိုလည်း ဒီဘက်က မျှော်လင့်ထားရပါမယ်။ စစ်တိုက်နေတာဖြစ်တဲ့အတွက် သူတို့ဘက်ကလည်း မနိုင်နိုင်အောင်လုပ်မယ်။

မနိုင်နိုင်အောင် ရှိတဲ့ပစ္စည်းတွေ ထုတ်သုံးမှာပဲ။ ဒီဘက်ကလည်း ဒါကို မျှော်လင့်ထားပြီးတော့မှ စစ်ရေးစီမံမှု၊ စစ်ကစားမှုတွေ အတက်အကျ အနိမ့်အမြင့် သုံးသပ်ပြီးတော့မှ ပါးပါးနပ်နပ် ကိုင်တွယ်ရမှာဖြစ်ပါတယ်။

မေး။ ။ စစ်တပ်ကို မထောက်ခံသူအားလုံးကို စကစက ရန်သူလို့ သတ်မှတ်ထားတာလား။

ဖြေ။ ။ ဟုတ်ပါတယ်။ အဲ့လိုအခြေအနေမျိုးဖြစ်နေပါတယ်။

မေး။ ။ ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ဘက်မှာ တချို့တွေက လူမှုကွန်ရက်အသုံးပြုပြီး ပုံတင်တာ စာတင်တာမျိုးဟာ စစ်တပ်ဘက်က သတင်းအချက်အလက်စုဆောင်းတဲ့နေရာမှာ အားသာချက်ပုံစံမျိုးဖြစ်နေသလား။

ဖြေ။ ။ ကျွန်တော်နားလည်သလောက်တော့ တချို့ကာကွယ်ရေးတပ်ဖွဲ့ဝင်တွေမှာလည်း သေနတ်ဝယ်မယ့်ကိစ္စတွေ၊ သူတို့ရဲ့ နေထိုင်စားသောက်ရေးစရိတ်တွေက အရမ်းမြင့်နေတော့ သူတို့တွေ တင်တာမျိုးရှိပါတယ်။

ဒီလိုဟာမျိုးမှာ ကျွန်တော်တို့အကြံပြုချင်တာကတော့ တစ်ယောက်နှစ်ယောက်ကတော့ လူထွက်ပြပေါ့။ အဖွဲ့မှာတော့ အကုန်လုံးပြတာမျိုး အကုန်လုံးပေးသိတာမျိုးတွေ ဒီလိုမျိုး လုပ်စရာ ပေးသိတာမျိုး မလိုပါဘူး။ ပြည်သူတွေဘက်ကလည်း ဒီစခန်း ဘာလိုအပ်သလဲပဲ သိချင်တာပါ။

ဒါကြောင့် တစ်ယောက် နှစ်ယောက်ကပဲ တာဝန်ခံပြီးတော့ လူလုံးပြမယ့်သူရှိသင့်တယ်။ ပြရမယ့်သဘော။ တခြားသောအဖွဲ့ရဲ့ လုံခြုံရေး၊ တခြားသော စစ်ရေးအင်အားကို ခန့်မှန်းနိုင်မယ့်အနေအထားကို သိသွားအောင်မလုပ်သင့်ဘူး။ တဲတွေပြတာမျိုး၊ လူအင်အားကို ပြတာမျိုးတွေ ထုတ်ပြောတာမျိုး ရှောင်ရှားရင် အကောင်းဆုံးပါပဲ။

မေး။ ။ ရှိ ရှိသမျှ လူငယ်တွေကို ဖမ်းနေတာတွေ ဖြစ်နေတာကရော။

ဖြေ။ ။ ဖြစ်နိုင်ခြေရှိတာကတော့ PDF တပ်ဖွဲ့ဝင်တွေ အကြောက်တရားဝင်အောင် လုပ်တာမျိုးပါ။ ဖမ်းသွားပြီး စစ်တပ်ထဲ ထည့်တာမျိုးက ဖြစ်နိုင်ခြေနည်းပါတယ်။ ဖမ်းသွားတဲ့သူတစ်ယောက်က တစ်ချိန်မှာ စစ်တပ်ကို ပြန်ပုန်ကန်လာမှာပဲ။

အဲ့လိုမျိုးနည်းနဲ့တော့ တပ်သားသစ်စုဖို့တော့ အစီအစဉ်မရှိလောက်ဘူး။ ယာယီပေါ်တာဆွဲတဲ့သဘော တစ်နေရာကနေ တစ်နေရာကို ပစည်းသယ်ဖို့ သုံးတာမျိုး ဒီလိုမျိုးဖြစ်မှာပါ။ အဓိက ရည်ရွယ်တာတော့ လူငယ်PDFတွေကို အကြောက်တရားဝင်သွားအောင်၊ စိုးရိမ်စိတ်တွေ ပိုဝင်လာအောင် ရည်ရွယ်ပုံရပါတယ်။

မေး။ ။ လက်ရှိမှာ အနေအထားအရ တိုက်ပွဲမဖြစ်ဖူးတဲ့နေရာတွေမှာပါ တိုက်ပွဲတွေဖြစ်နေတယ်။ အရင်က တိုင်းရင်းသားတွေနဲ့ စစ်တပ်နဲ့ ဆက်ဆံရေးက အေးစက်ပြီးသားဖြစ်တော့ ဒီအခြေအနေမှာ စကစနဲ့ ညှိနှိုင်းမှုယူပြီး ကိုယ်ပိုင်နယ်မြေတွေဖြစ်လာဖို့ဆိုတာ ဖြစ်နိုင်ပါ့မလား။ ထောင်ချောက်ဖြစ်လာနိုင်လား။

ဖြေ။ ။ သမိုင်းမှာပြန်ကြည့်ရင် ဒီလိုပဲ အပစ်အခတ်ရပ်တဲ့ကိစ္စကတော့ နားလိုက် ပြန်ပြီး တိုက်လိုက် အနေအထားကတော့ တွေ့လာခဲ့ရတယ်။ ဒီအခြေအနေမှာ သူတို့အရင်အတိုင်း ဆက်လုပ်မလား မလုပ်ဘူးလားကတော့ သူတို့ကိုယ်တိုင်ပဲ သိမှာပဲ။

စစ်ကောင်စီကတော့ သူ့ကို တိုက်တဲ့အင်အားစုတွေ ပျော့အောင် ထောက်ချောက်တစ်ခုအနေနဲ့သုံးမှာပဲလေ။ ကစားကွက်တစ်ခုအနေနဲ့ အပေးအယူလုပ်ပြီး သုံးတာမျိုးက သူအားသာမယ်ထင်လို့ ဒီလိုအပေးအယူလုပ်ဖို့ ကြိုးစားနေတာပဲ။

စစ်ကို လိုသလိုကစားရတာပဲ။ ပြန်တိုက်မယ်လို့ပြောတဲ့အဖွဲ့က ပြော၊ စေ့စပ်ညှိနှိုင်းမယ်လို့ပြောတဲ့အဖွဲ့ကပြော။ ဒီလိုပဲ စစ်ဆိုတာ။ စစ်တိုက်တယ်ဆိုတာ အားလုံးက နိုင်အောင် တိုက်ရတာ သူ့ဘက်က သံချပ်ကာတွေ အမြှောက်တွေ သုံးမှာပဲ။ သူ့ဘက်က စစ်မြူတာပေါ့။

အဖွဲ့တွေကို အပေးအယူသဘော လုပ်မှာပဲ။ ကိုယ့်ဘက်ကလည်း စစ်ပန်းနေလို့ရှိရင် မတိုက်ချင်ယောင်ဆောင်ပြီး အင်အားပြန်ဖြည့်လို့ရတာ ရှိတယ်။ စစ်တိုက်တဲ့သူတိုင်း လုပ်နေကျပုံစံပဲ။ ကိုယ့်ဘက်က စစ်ပန်းပြီဆိုရင် မတိုက်ချင်ယောင်ဆောင်ပြီးတော့မှ အင်အားဖြည့်တဲ့အလုပ်တွေလည်း ပြန်လုပ်ရတယ်။
ဒါတွေက နေ့စဉ်ဘဝမှာလည်းလုပ်ပါတယ်။ ကိုယ့်မှာ ပိုက်ဆံနည်းနေလို့ရှိရင် ပစ္စည်းသွားမဝယ်ဘူး ဒီလိုပုံစံမျိုးပါပဲ။ ကိုယ့်အိတ်ကပ်ကို ကြည့်ပြီးလုပ်ရတာပဲ။ မောင်းတင်တာက တစ်ပိုင်းပဲ။ နိုင်ဖို့အတွက်ဆိုရင် ဒီလိုပဲ အနိမ့်အမြင့် အတက်အကျ ကစားပွဲကို ဒီလိုပဲ ဘောလုံးပွဲကန်သလို တစ်ခါတလေမှာ အမြဲတမ်းတိုက်စစ်ကြီးပဲ ကစားလို့မရဘူး။
ကိုယ့်ဘက်က လူက ပန်းလာပြီဆိုရင် နောက်တန်းကို ခံစစ်ကို အားကောင်းအောင် လုပ်ပြီးတော့ ကိုယ့်ဘက်က အရှိန်ပြန်ယူပြီး အားပြန်ဖြည့်ရတာ အမော ဖြည့်ရတာရှိတယ်။ ပြီးမှ တိုက်စစ်ပြန်ဖွင့်ရတာ။ ဒီလိုမျိုးက စစ်ရဲ့ပုံစံမှာ ရှိပြီးသား။
မေး။ ။ စကစအတွက် ပြည်သူတွေက စစ်ရေးပစ်မှတ်ဖြစ်လာတာမျိုးလား။

ဖြေ။ ။ ပြည်သူတွေကိုယ်တိုင်ကိုက တော်လှန်တဲ့သူတွေ ဖြစ်လာတာ။ အဲ့ဒါက အဓိကပါ။ တော်လှန်တဲ့သူတွေသည် မြို့တွေမှာလည်း ဖြစ်လာတဲ့အခါကျတော့ သူတို့(စကစ)အနေနဲ့က အိမ်တွေ၊ အဆောက်အအုံတွေကို စစ်ရေးပစ်မှတ်လို့ သဘောထားလာတဲ့အနေအထားမျိုးဖြစ်လာတာပေါ့။

ပြည်သူကိုယ်တိုင်က တော်လှန်သူဖြစ်လာတဲ့အခါ သူတို့(စကစ)အတွက် ပြည်သူအားလုံးက ရန်သူဖြစ်လာတယ်။ သူတို့(စကစ)က ပြည်သူအားလုံးကို ရန်သူလို ဆက်ဆံကြတယ်။ ဒီလိုဆက်ဆံလေလေ ပြည်သူက မုန်းတီးလေလေ နာကျည်းလေလေ သူတို့ရဲ့တော်လှန်စိတ်တွေက ပြင်းထန်လေလေ။ အဲ့ဒီကနေ ခွန်အားတွေရပြီး စစ်တပ်အတွက်ကတော့ အမှားအကြီးကြီးပေါ့။ အမှားတွေများလေလေ သူတို့(စကစ)ကျဆုံးဖို့ များလေလေပါပဲ။

(အင်တာဗျူးအပိုင်း ၁ ကို https://web.facebook.com/khitthitnews/posts/1306662819771061 တွင် ဖတ်ရှုနိုင်ပါသည်)