CDM အထက်တန်းသူနာပြုဆရာမ ဒေါ်ဇာလီနိုင် အပါအဝင် အရှင်လတ်လတ် မီးရှို့သတ်ဖြတ်ခံရတဲ့သူ များ

CDM အထက်တန်းသူနာပြုဆရာမ ဒေါ်ဇာလီနိုင် အပါအဝင် အရှင်လတ်လတ် မီးရှို့သတ်ဖြတ်ခံရတဲ့သူ များ

ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်အမျိုးသားညီညွတ်ရေးအစိုးရအဖွဲ့ကျန်းမာရေးဝန်ကြီးဌာန
ထုတ်ပြန်ကြေညာချက်အမှတ် (၇/၂၀၂၂)၂၀၂၂ ခုနှစ်၊ ဇွန်လ (၁၅) ရက်

၁။ (၁၀-၆-၂၀၂၂) ရက်နေ့က မကွေးတိုင်းဒေသကြီး၊ ရေစကြိုမြို့နယ်တွင် အကြမ်းဖက်စစ်ကောင်စီ၏ အကြမ်းဖက်သမားများသည် ပြည်သူများကို ကျန်းမာရေးစောင့်ရှောက်မှု ပေးနေသော CDM အထက်တန်းသူနာပြုဆရာမ ဒေါ်ဇာလီနိုင်၊

အသက် (၂၇) နှစ် အပါအဝင် CDM ကျောင်းအုပ် ဆရာကြီး ဦးဝင်းကျော်၊ CDM ကျောင်းဆရာမ ဒေါ်ခင်နှင်းဝေ (ကိုယ်ဝန်ဆောင်မိခင်)၊ မသဲအိအိဝင်းနှင့်

Northern – Yesagyo (N – YSO) ပြောက်ကျားတပ်ဖွဲ့မှ ရဲဘော်ဝူခုန်း (ခ) မောင်ဌေးမင်းဦးတို့ (၅) ဦးကို ဖမ်းဆီးသွားပြီးနောက် ရက်စက်စွာ ညှဉ်းပန်းနှိပ်စက်၍ အရှင်လတ်လတ် မီးရှို့သတ်ဖြတ်ခဲ့ကြောင်း သိရှိရပါသည်။

၂။ CDM အထက်တန်းသူနာပြုဆရာမ ဒေါ်ဇာလီနိုင်သည် ပြည်သူများကို ကျန်းမာရေးစောင့်ရှောက်မှု ပေးလျက်ရှိသည့်အပြင် အကြမ်းဖက်စစ်ကောင်စီက ဖွင့်လှစ်သော သူနာပြုတက္ကသိုလ်များကို

သပိတ်မှောက်ပြီး အမျိုးသားညီညွတ်ရေးအစိုးရ၊ ပညာရေးဝန်ကြီးဌာန၊ ယာယီတက္ကသိုလ်ကောင်စီ၊ သူနာပြုတက္ကသိုလ်-မန္တလေးက ဖွင့်လှစ်သော သူနာပြုသိပ္ပံဘွဲ့ (ပေါင်းကူး) (On Campus) တွင် တက်ရောက်သင်ကြား၍

လက်ရှိစစ်ဆေးလျက်ရှိသည့် သူနာပြုသိပ္ပံဘွဲ့ (ပေါင်းကူး) (On Campus) စာမေးပွဲတွင် အွန်လိုင်းမှတစ်ဆင့် စာမေးပွဲဖြေဆိုနေသူလည်း ဖြစ်ပါသည်။

၃။ အမျိုးသားညီညွတ်ရေးအစိုးရ၊ ကျန်းမာရေးဝန်ကြီးဌာနသည် CDM အထက်တန်းသူနာပြုဆရာမ ဒေါ်ဇာလီနိုင်၊ CDM ကျောင်းအုပ်ဆရာကြီး ဦးဝင်းကျော်၊

CDM ကျောင်းဆရာမ ဒေါ်ခင်နှင်းဝေ (ကိုယ်ဝန်ဆောင်မိခင်)၊ မသဲအိအိဝင်းနှင့် ရဲဘော်ဝူခုန်း (ခ) မောင်ဌေးမင်းဦး အပါအဝင် ကျဆုံးပြည်သူများ၏ မိသားစုများနှင့်ထပ်တူ ကြေကွဲဝမ်းနည်းရပါသည်။

၄။ ဝန်ကြီးဌာနအနေဖြင့် အပြစ်မဲ့ ကျဆုံးခဲ့ရသော ကျန်းမာရေးလုပ်သားများနှင့် ပြည်သူများအတွက် တရားမျှတမှုကို မဖြစ်မနေ ပြန်လည်ရယူပေးမည်ဖြစ်ကြောင်း၊ အကြမ်းဖက် စစ်ကောင်စီနှင့်အတူ အကြမ်းဖက်လုပ်ရပ်များတွင် ပါဝင်ခဲ့သူများအားလုံးကို ပြည်သူ့တရားဥပဒေနှင့်အညီ

ပြင်းထန်စွာ တုံ့ပြန်အရေးယူမည်ဖြစ်ကြောင်းနှင့် စစ်အာဏာရှင်စနစ် ကျရှုံးပြီး ဖက်ဒရယ်ဒီမိုကရေစီပြည်ထောင်စုကြီး ပေါ်ပေါက်လာသည်အထိ ပြည်သူလူထုတစ်ရပ်လုံးနှင့် လက်တွဲ၍ အစွမ်းကုန် ကြိုးပမ်းတိုက်ပွဲဝင်သွားမည်ဖြစ်ကြောင်း ကတိသစ္စာပြု၊ ထုတ်ပြန်အပ်ပါသည်။

ကျန်းမာရေးဝန်ကြီးဌာနအမျိုးသားညီညွတ်ရေးအစိုးရ

Leave a Reply

Your email address will not be published.