International News

NUG က D Day ကြေငြာပြီးနောက် မြန်မာပြည်သူတွေနဲ့အတူ ရပ်တည်ကြောင်း အမေရိကန် ပြော

NUG က D Day ကြေငြာပြီးနောက် မြန်မာပြည်သူတွေနဲ့အတူ ရပ်တည်ကြောင်း အမေရိကန် ပြော

NUG ကနေ အာဏာသိမ်းစစ်ကောင်စီအပေါ် ပြည်သူ့
တော်လှန်ရေးဆင်နွဲဖို့ ကြေညာတာဟာ အမေရိကန်ရဲ့ရပ်တည်ချက်သဘောထားအပေါ် တစုံတရာ အပြောင်းအလဲမရှိကြောင်း အမေရိကန်နိုင်ငံခြားရေးဝန်ကြီးဌာနပြောခွင့်ရပုဂိုလ် Mr.Ned Price က သွယ်ဝိုက်ပြောသွားပါတယ်။

စင်တင်ဘာ ၉ ရက်က ပြုလုပ်တဲ့သတင်းစာရှင်းလင်းပွဲမှာ သတင်းထောက် Simon က ” လက်ရှိ အခက်အခဲကို ဖြေရှင်းဖို့ အကြမ်းဖက်တဲ့နည်းကို လက်မခံဘူးဆိုပြီး ခင်ဗျား မနေ့က ပြောခဲ့တယ်။ NUG က ခုခံတော်လှန်စစ် ဆင်နွဲဖို့ ကြေညာတဲ့အပေါ် ခင်ဗျားပြောခဲ့တာပါ။

ကျုပ်မေးချင်တာက ခင်ဗျားက NUG က ကြေညာတာကို လက်မခံဘူးဆိုတဲ့သဘောဆိုတော့ ခင်ဗျားတို့မှာ တခြား ဘာအဖြေတွေရှိနေလဲဆိုတာ ကျူပ်က စိတ်၀င်စားမိတယ်။ အခု အာဏာသိမ်းစစ်တပ်တပ်လို့ ခင်ဗျားတို့ကိုယ်တိုင်ပြောနေတဲ့ စစ်တပ်ကို လက်မခံတဲ့သူတွေ ဒီမိုကရေစီလိုလားတက်ကြွလှုပ်ရှားသူတွေကို ခင်ဗျားပြောချင်တာက ဘာလဲ။ ခင်ဗျားတို့ရဲ့ အဖြေက ဘာလဲ။

နောက်ဆက်မေးချင်တာက NUG က အာဏာသိမ်းစစ်တပ်ကို စစ်ကြေညာပြီ-လက်နက်ကိုင်ပြီဆိုပါတော့ဗျာ။ အဲဒါက ခင်ဗျားတို့နဲ့ NUG ဆက်ဆံရေးကို ထိခိုက်စေသလား။ အမေရိကန် ဒုနိုင်ငံခြားရေး၀န်ကြီးနဲ့ NUG နဲ့ ထပ်တွေ့ဖို့ အခွင့်အရေး နဲသွားပြီလား။ UN မှာ NUG အတွက် နေရာရဖို့ကို အမေရိကန်က ထောက်ခံပေးဖို့ ကိစအပေါ် တစုံတရာ အကျိူးသက်ရောက်မှုရှိစေတာလား” ဆိုပြီးမေးခဲ့ပါတယ်။

နိုင်ငံခြားရေး၀န်ကြီးဌာန ပြောခွင့်ရ Mr Price က ”ကျနော်တို့ ထပ်တလဲလဲ ပြောပြီးပါပြီ။ အမေရိကန်ဟာ မြန်မာပြည်သူတွေဘက်က ရှိနေတယ်။ မြန်မာပြည်သူတွေဟာ အာဏာသိမ်းတာကို လက်မခံဘူး။ ထောက်လဲ မထောက်ခံဘူးဆိုတာ ကျနော်တို့ ပြောပြီးပါပြီ။ ကျနော်တို့လိုပဲ မြန်မာပြည်သူတွေကဒီမိုကရေစီပြန်ရတာကိုပဲ မြင်ချင်လိုချင်တယ်။ အခုစစ်တပ်ကပြောနေတာတွေ လုပ်နေတာတွေ မြန်မာပြည်သူတွေက လက်မခံပါဘူး ” လို့ သတင်းထောက်မေးတာကို တိုက်ရိုက်မဖြေပဲ သွယ်ဝိုက်ဖြေသွားခဲ့ပါတယ်။

သူရဲ့အဖြေဟာ NUG ကြေညာချက်အပေါ်တစုံတရာဝေဖန်ပြောမသွားသလို NUG လက်နက်ကိုင်တယ်ဆိုတဲ့အပေါ်လည်း မှတ်ချက်ပေးမသွားတာတွေ့ရပါတယ်။ မြန်မာပြည်သူတွေဘက်ကပဲရပ်မယ်- မြန်မာပြည်သူတွေက အာဏာသိမ်းစစ်တပ်ကို လက်မခံဘူးဆိုတာကိုပဲပြောသွား တာတွေ့ရပါတယ်။ UN မှာ NUG ကိုယ်စားလှယ်ထောက်ခံရေးကိစ္စကိုလည်း Mr. Price က ဖြေမသွားပါဘူး။

မြန်မာ့အရေးနဲ့ပတ်သက်လို့ အမေရိကန်ရဲ့ရပ်တည်ချက်ဟာ မပြောင်းလဲဘူးဆိုတာပြသ သလို Price ရဲ့ပြောဆိုမှုတွေဟာ NUG ကို ထောက်ခံတယ်ဆိုတဲ့သဘောဆောင်နေတယ်လို့ တက်ရောက်ခဲ့တဲ့သတင်းထောက်အများစုက သုံးသပ်ပါတယ်။

” အင်အားကြီးနိုင်ငံတနိုင်ငံအနေနဲ့ ဒီထက်ပြောဖို့မဖြစ်နိုင်ပါဘူး။ ကျနော့် သတင်းထောက်အတွေ့အကြုံအရ မြန်မာပြည်သူတွေဘက်ကရပ်တယ်ဆိုတာဟာ NUG ဘက်ကရပ်တယ်လို့ပြောတာနဲ့အတူတူပါပဲ – အကြမ်းဖက်နည်းနဲ့ဖြေရှင်းတယ်ဆိုတဲ့စကားလုံးနဲ့ လက်နက်ကိုင်ခုခံတော်လှန်ခြင်းဆိုတာတွေက မတူဘူးလေ။ Price က ပထမနေ့က အကြမ်းဖက်ဖြေရှင်းတာကို လက်မခံဘူးပဲပြောတာလေ” လို့ လည်း သတင်းစာရှင်းလင်းပွဲတက်ရောက်ခဲ့တဲ့ ဝါရင့် အမေရိကန်သတင်းထောက်တဦးက BNN ကိုပြောပါတယ်။

အမေရိကန် အနေဖြင့် လက်ရှိ လက်နက်ကိုင် ပဋိပက္ခများကို ၎င်းတို့ ထောက်ခံနေခြင်း မရှိဟု ရှင်းလင်းပြတ် သားစွာ ရပ်တည်ထားဖို့ လိုသည်။ မြန်မာ အရေးသည် ကုလ စင်မြင့်တွင် ကာလကြာမြင့်စွာ ဆက်လက်၍ တွန်းတွန်း တိုက်တိုက် လုပ်သွားစရာ များ ရှိနေသည်။

အကယ်၍သာ အမေရိကန်သည် အမျိုးသား ညီညွတ်ရေး အစိုးရ၏ တိုက်ပွဲခေါ်သံအား ပွင့် လင်းစွာ ထောက်ခံလိုက်မည်ဆိုက နောက်ပိုင်းတွင် ၎င်းတို့ ဆွေးနွေးသည့် အကြောင်းအရာ မှန်သမျှ၊ တင်သွင်းသည့် အဆိုမှန်သမျှ ကို သမာသမတ်ကျသည်၊ လုပ်သင့် လုပ်ထိုက်သည်ဟု ကျန် ကုလ အဖွဲ့ဝင် နိုင်ငံများမှ ယုံကြည်ဖို့ ခဲယဉ်းသွားပေတော့မည်။

ဤသည်မှာ သံတမန် ကစားပွဲ တခု ၏ ကကြိုး ကကွက် တခုထက် မပိုပေ။ မြန်မာ နိုင်ငံတွင် လက်နက်ကိုင် ပဋိပက္ခ များ ပိုမိုပြင်းထန်လာသည်နှင့် အမျှ ဆုံးရှုံးရမှု များပြားလာဖွယ် ရှိနေ သည့် တရုတ် အနေနှင့်လည်း အမေရိကန် တို့ ပြောသမျှ ကို တလုံးတပါဒမှ ယုံကြည်မည်လည်း မဟုတ်ပေ။

၎င်းတို့ ခြေရာလက်ရာ မကင်းကြောင်း သံသယ ရှိနေသည်ကို ဂလိုဘယ် တိုင်း သတင်းစာ တွင် အရိပ်အမြွက် ရေးသားလာပြီး ဝင်ရောက်စွက်ဖက်ခြင်း မပြုရန်ပင် သတိပေးလာခဲ့သည်။

Burma News Network