NUG ငွေတိုက်စာချုပ်ကိုယ်စားလှယ်အဖြစ်မှ ပန်ဆယ်လိုနုတ်ထွက်မှု ဝန်ကြီးဦးတင်ထွန်းနိုင် ရှင်းလင်း

NUG ငွေတိုက်စာချုပ်ကိုယ်စားလှယ်အဖြစ်မှ ပန်ဆယ်လိုနုတ်ထွက်မှု ဝန်ကြီးဦးတင်ထွန်းနိုင် ရှင်းလင်း

အမျိုးသားညီညွတ်ရေးအစိုးရ (NUG) ၏ ငွေတိုက်စာချုပ်ကိုယ်စားလှယ်အဖြစ်မှ ပန်ဆယ်လိုနုတ်ထွက်မှုနှင့် ပတ်သက်ပြီး NUG စီးပွားရေး၊

ဘဏ္ဍာရေးနှင့် ရင်းနှီးမြှပ်နှံမှုဝန်ကြီးဌာန (MOPFI) ပြည်ထောင်စုဝန်ကြီး ဦးတင်ထွန်းနိုင်က အထင်အမြင်လွဲမှားမှုသာ ဖြစ်ကြောင်း ၎င်း၏ လူမှုကွန်ရက်စာမျက်နှာမှတဆင့် ယနေ့ ရှင်းလင်းဖော်ပြလာသည်။

ဦးတင်ထွန်းနိုင်က “မပန်ဆယ်လို တင်လိုက်တဲ့ပို့စ်နဲ့စပ်လျဉ်းပြီး “ငွေကြေး” အရှုပ်အရှင်းဖြစ်လို့ သူ့ကို ငွေတိုက်စာချုပ် အရောင်းကိုယ်စားလှယ်အဖြစ်ကနေ ရပ်စဲခံရသယောင် တဖက်အုပ်စုက ထိုးချစွပ်စွဲတဲ့ပို့စ်တွေ တက်လာတာတွေ့မိပါတယ်။

အဲဒါ မမှန်ပါဘူး။ မပန်ဆယ်လို ကူညီအားဖြည့်ရောင်းချပေးခဲ့တဲ့ ငွေတိုက်စာချုပ်ရောင်းရငွေအားလုံး တပြားမကျန် ကောင်းမွန်စွာ အပြည့်အဝ လက်ခံရရှိပါတယ်။

ဖြစ်ပျက်သွားတဲ့ အခြေအနေဟာ တကယ်တော့ နားလည်မှုလွဲမှားရာကနေ ပေါ်ပေါက်ခဲ့တာပါ။ ဒါနဲ့စပ်လျဉ်းပြီး သူနဲ့ကျနော်လည်း မနေ့က နှစ်ကြိမ်တိုင်တိုင် ဆက်သွယ်ဆွေးနွေး ညှိနှိုင်းအဖြေရှာခဲ့ပြီး ဖြစ်ပါတယ်” ဟု ဆိုထားသည်။

ယခုလို အခြေအနေမျိုးတွင် ဖြစ်ပေါ်ခဲ့သည့်အတွက် တောင်းပန်ပြီး အလားတူကိစ္စရပ်များ ထပ်မံဖြစ်ပွားခြင်း မရှိစေရန် ဆောင်ရွက်သွားမည် ဖြစ်ကြောင်းလည်း ဝန်ကြီး ဦးတင်ထွန်းနိုင်က ပြောသည်။

ယမန်နေ့ (မေ ၁၇ ရက်) တွင် ပန်ဆယ်လိုက ၎င်း၏ လူမှုကွန်ရက်စာမျက်နှာမှတဆင့် ငွေတိုက်စာချုပ်ကိုယ်စားလှယ်အဖြစ်မှ နုတ်ထွက်ကြောင်းကို အသိပေးခဲ့ပြီး ထောက်ပို့ကိစ္စများ၊ လှုံ့ဆော်ရေးများနှင့် တော်လှန်ရေး ရန်ပုံငွေရှာဖွေရေး ကိစ္စရပ်များတွင် ဆက်လက် ပါဝင်နေဦးမည် ဖြစ်ကြောင်း ဆိုထားသည်။

ဆက်လက်၍ ၎င်းက “MOPFI ဝန်ထမ်းတွေရဲ့ ဆက်ဆံရေးအဆင်မပြေမှုကို MOPFI ဝန်ကြီး မဖြေရှင်းနိုင်တဲ့အတွက် ဖြေရှင်းနိုင်မယ်ယူဆတဲ့ NUG အစိုးရထံ ဆက်လက်တိုင်ကြားသွားမှာ ဖြစ်ပါတယ်။ မရတဲ့အဆုံးမှ ပြည်သူကို အသေးစိတ် တိုင်ကြားပါ့မယ်။

လူပါးဝခံနေရတဲ့ Bond Agent တွေကိုယ်စား၊ တော်လှန်ရေးကြောင့် ငြိမ်ခံနေရသူတွေကိုယ်စား လူမိုက်လုပ်ပါမယ်။ NUG Bond ဟာ တော်လှန်ရေးအတွက် ကြီးမားတဲ့ ထောက်တိုင်တခု ဖြစ်တာကြောင့် ဆက်လက်ဝယ်ယူကြဖို့ တိုက်တွန်းပါတယ်” ဟု ပြောထားသည်။

စစ်အာဏာသိမ်းမှုဆန့်ကျင်ရေးအတွက် ရန်ပုံငွေအဖြစ် ကြားကာလ အမျိုးသားညီညွတ်ရေးအစိုးရ (NUG) က အတိုးမရဘဲ ၂ နှစ်သက်တမ်းပြည့်ချိန်တွင် ငွေရင်းအတိုင်း ပြန်လည်ထုတ်ယူနိုင်မည့် ဒေါ်လာ ၁၀၀၊ ဒေါ်လာ ၅၀၀၊ ဒေါ်လာ ၁၀၀၀ နှင့် ဒေါ်လာ ၅၀၀၀ တန် ငွေတိုက်စာချုပ် ၄ မျိုးကို ပြီးခဲ့သည့် ၂၀၂၁ နိုဝင်ဘာ ၂၂ ရက်မှစတင်ကာ ရောင်းချခဲ့ခြင်း ဖြစ်သည်။

Leave a Reply

Your email address will not be published.