Local News

ဖုန်းပိုင်ရှင်အမျိုးသမီးကို နစ်နာကြေးပေးဖို့ ကမ်းလှမ်းခဲ့ပေမယ့် ငြင်းဆန်ခံရ

ဖုန်းပိုင်ရှင်အမျိုးသမီးကို နစ်နာကြေးပေးဖို့ ကမ်းလှမ်းခဲ့ပေမယ့် ငြင်းဆန်ခံရ

နာမည်ကျော် Squid Game ဇာတ်လမ်းတွဲမှာ ပါဝင်တဲ့ ဖုန်းနံပါတ်ကို ပြန်လည်တည်းဖြတ်သွားမယ်လို့ Netflix က ပြောကြားလိုက်ပါတယ်။ အဆိုပါဖုန်းနံပါတ်ဟာ တောင်ကိုရီးယားအမျိုးသမီးတစ်ဦး အသုံးပြုနေတဲ့နံပါတ်ဖြစ်ပြီး

ဒီဇာတ်လမ်းတွဲပြသအပြီးမှာ သူမဆီကို ဖုန်းဆက်သွယ်ခေါ်ယူမှုတွေ၊ မက်ဆေ့ဂျ်ပေးပို့မှုတွေအများအပြားရှိခဲ့လို့ အခက်တွေ့နေရကြောင်း ထုတ်ဖော်ပြောဆိုခဲ့ပါတယ်။

သေခြင်းတရားနဲ့ ငွေကြေးကြားမှာ ကလေးတွေကစားနည်းကို ယှဉ်ပြိုင်ဖို့အတွက် ဖိတ်ခေါ်တဲ့ ဖုန်းနံပါတ်ဖြစ်ပြီး ဇာတ်လမ်းပြင်ပမှာ အမှန်တကယ်ရှိနေတဲ့ နံပါတ်ဖြစ်နေခဲ့ပါတယ်။

ပြင်ပမှာလည်း အဆိုပါနံပါတ်ကို ခေါ်ဆိုကာ ကစားချင်တယ်လို့ ပြောဆိုသူတွေ အများအပြားရှိနေကြောင်း အဆိုပါအမျိုးသမီးက ပြောဆိုခဲ့ပြီး Netflix ဘက်က တောင်းပန်မှုတွေပြုလုပ်ခဲ့ရပါတယ်။

တောင်ကိုရီးယားအရှေ့တောင်ပိုင်း Seongju က စီးပွားရေးလုပ်ငန်းရှင်အမျိုးသမီးတစ်ဦးဖြစ်ပြီး သူမဆီကို နေ့စဉ်နဲ့အမျှ ဆက်သွယ်မှုတွေ၊ စာပေးပို့မှုတွေကြောင့် နေ့စဉ်ဘဝကိုပါ ထိခိုက်နေတယ်လို့ သူမက ဒေသမီဒီယာတွေကို ပြောဆိုခဲ့ပါတယ်။

“ဒီနံပါတ်ကို ကျွန်မအသုံးပြုနေတာ ၁၀ နှစ်လောက်ရှိပါပြီ၊ တော်တော်လေးလည်း အံ့သြရပါတယ်၊ ဖုန်းထဲကနေ ဖျက်လိုက်ရတဲ့ နံပါတ်က ၄၀၀၀ ကျော်တောင်ရှိတယ်”

“အစကတော့ ဘာကြောင့်မှန်း ကျွန်မမသိဘူး၊ ဒါပေမယ့် ကျွန်မသူငယ်ချင်းက အဲဒီနံပါတ်ကို Squid Game ထဲမှာ တွေ့လိုက်တယ်လို့ ပြောတော့မှ ကျွန်မသိရတာ” လို့ သူမက Money Today ကို ပြောဆိုခဲ့ပါတယ်။

Netflix ဘက်က သူမကို နစ်နာကြေးအဖြစ် ဝမ်ငါးသန်းနီးပါးပေးဖို့ ကမ်းလှမ်းခဲ့ပေမယ့် သူမက ငြင်းဆန်ခဲ့တယ်လို့လည်း သိရပါတယ်။

ကုမ္ပဏီဘက်ကတော့ နစ်နာကြေးနဲ့ပတ်သက်ပြီး မှတ်ချက်ပြုပြောဆိုတာမျိုးမရှိခဲ့ပေမယ့် အဆိုပါနံပါတ်ကို ခေါ်ဆိုခြင်းမပြုကြဖို့ ပရိသတ်တွေကို တိုက်တွန်းခဲ့ပါတယ်။

ဖုန်းနံပါတ်ပါဝင်တဲ့ဇာတ်ဝင်ခန်းတွေကို ပြန်လည်တည်းဖြတ်ကာ ဖြေရှင်းဖို့လည်း ကြိုးစားနေကြောင်း အသိပေးခဲ့ပြီး သူတို့ဇာတ်လမ်းတွဲရဲ့အောင်မြင်မှုကတော့ လက်ဖျားခါလောက်အောင်ကို ရှိနေခဲ့တာကို သက်သေထပ်မံပြသနိုင်ခဲ့တာဖြစ်ပါတယ်။

Ref The River News