Local News

NUG နဲ့ CRPH ကို ထောက်ခံကြောင်း အပါအဝင် နိုင်ငံရေးသမားတွေကို ခြွင်းချက်မရှိလွှတ်ပေးဖို့ ဥရောပပါလီမန်အတည်ပြု

NUG နဲ့ CRPH ကို ထောက်ခံကြောင်း အပါအဝင်နိုင်ငံရေးသမားတွေကို ခြွင်းချက်မရှိလွှတ်ပေးဖို့ ဥရောပပါလီမန်အတည်ပြု

အာဆီယံအပါအဝင်နိုင်ငံတကာရဲ့ပူးပေါင်းပါဝင်မှုနဲ့မြန်မာ့အကျပ်အတည်းကိုငြိမ်းချမ်းတဲ့နည်းနဲ့ဖြေရှင်းဖို့ တောင်းဆို

အောက်တိုဘာ ၇ရက် ကပြုလုပ်ခဲ့တဲ့ အီးယူ ဥရောပ ပါလီမန်မှာ မြန်မာနိုင်ငံမှာလူ့အခွင့်အရေးချိုးဖောက်ခံရမှုတွေနဲ့ပတ်သက်လို့ အဆိုပြုချက်ကို မဲခွဲအတည်ပြုဆုံးဖြတ်ခဲ့ပါတယ်။

စစ်အာဏာသိမ်းပြီးနောက်ပိုင်း မြန်မာစစ်တပ်ရဲ့ လူ့အခွင့်အရေးချိုးဖောက်မှုတွေ၊ အကြမ်းဖက်မှုတွေ အဆုံးသတ်ဖို့အပါအဝင် နိုင်ငံရေးခေါင်းဆောင်တွေနဲ့ ဖမ်းဆီးခံထားရသူအားလုံးကို ပြန်လွှတ်ပေးဖို့ တောင်းဆိုထားတဲ့ ဆုံးဖြတ်ချက်တရပ်ကို အီးယူ ဥရောပ ပါလီမန်မှာ အများစုက သဘောတူထောက်ခံအတည်ပြုခဲ့ပါတယ်။

အတည်ပြုချက်ရဲ့ နံပါတ်(၅)အချက် အရ အမျိုးသားညီညွတ်ရေးအစိုးရ -NUG နဲ့ ပြည်ထောင်စုလွှတ်တော်ကိုယ်စားပြုကော်မတီ – CRPH တို့ကို မြန်မာပြည်သူတွေရဲ့ ဒီမိုကရေကိုလိုလားတဲ့စိတ်ဆန္ဒကိုကိုယ်စားပြုတဲ့တစ်ခုတည်းသောကိုယ်စားပြုအဖြစ်ထောက်ခံကြောင်း၊

အာဆီယံ အပါအဝင်နိုင်ငံတကာအသိုက်အဝန်းကမြန်မာ့အကျပ်အတည်းကိုဖြေရှင်းဖို့ ဝိုင်းဝန်းဆောင်ရွက်ပေးကြဖို့နဲ့ အားလုံးပါဝင်တဲ့နိုင်ငံရေးတွေ့ဆုံဆွေးနွေးရေးကို ငြိမ်းချမ်းတဲ့နည်းလမ်းနဲ့ ဆောင်ရွက်ပေးကြဖို့လည်း တောင်းဆိုထားပါတယ်။

နိုင်ငံတော်သမ္မတဦးဝင်းမြင့်၊နိုင်ငံတော်အတိုင်ပင်ခံ ဒေါ်အောင်ဆန်းစုကြည်အပါအဝင်စွပ်စွဲထိန်းသိမ်းခံထားရတဲ့ ခေါင်းဆောင်တွေ နိုင်ငံရေးသမားတွေ ကို ခြွင်းချက်မရှိလွှတ်ပေးဖို့ကို ကနဦးဆောင်ရွက်ဖို့လိုအပ်ပြီး ငြိမ်းချမ်းတဲ့ဖြေရှင်းနည်းနဲ့ဆောင်ရွက်ဖို့ကိုလည်းတောင်းဆိုထားပါတယ်။

စစ်ကောင်စီတပ်ရဲ့ ပြည်သူတွေအပေါ် ကျူးလွန်တဲ့ လုပ်ရပ်တွေဟာ လူအမြောက်အများအပေါ် ရက်စက်စွာ ကျူးလွန်တဲ့ ရာဇဝတ်မှု Crimes Against Humanity မြောက်နိုင်တယ်လို့လည်း လွှတ်တော်ကိုယ်စားလှယ်တွေက ဆိုပါတယ်။

လူနည်းစု တိုင်းရင်းသားတွေနဲ့ ဘာသာတရားကိုးကွယ်ယုံကြည်မှု ကွဲပြားသူတွေအပေါ် ပစ်မှတ်ထားတိုက်ခိုက်နေမှုတွေကိုလည်း ပြင်းပြင်းထန်ထန် ကန့်ကွက်လိုက်တယ်လို့ ဒီဆုံးဖြတ်ချက်ထဲမှာ ပါရှိပါတယ်။

ခရစ်ယာန် ဘုရားရှိခိုးကျောင်း၊ အစ္စလာမ် ဘာသာဝင်တွေရဲ့ ဗလီ တို့လို ဘာသာရေး အဆောက်အအုံတွေ၊ ကျောင်းတွေ၊ ဆေးဘက်ဆိုင်ရာ အဆောက်အအုံတွေ မကြာခဏတိုက်ခိုက်ခံရပြီး ဘာသာရေးခေါင်းဆောင်တွေကို ဖမ်းဆီးမှုတွေကိုလည်း ရှုတ်ချတယ်လို့ ပြောပါတယ်။

ဘီဘီစီမြန်မာပိုင်း
ဓါတ်ပုံ – European Parliament