NUG နှင့် ရခိုင်တပ်တော် ဆွေးနွေး၊ ဝါရှင်တန်မှ ဆက်သွယ်လာခြင်း ဖြစ်၍ ထူးခြားသော အကြောင်းအ… see more

NUG နှင့် ရခိုင်တပ်တော် ဆွေးနွေး၊ ဝါရှင်တန်မှ ဆက်သွယ်လာခြင်း ဖြစ်၍ ထူးခြားသော အကြောင်းအ… see more

တနင်္ဂနွေနေ့ နေ့လည် တွင် ပလက်ဝ မြို့နယ် သံထောင် ရွာ အနီး တွင် အကြမ်းဖက် စစ်တပ် အတွက် ရိက္ခာများ သယ်ဆောင်လာသော ရဟတ်ယာဉ်အား ရခိုင်တပ်တော် မှ စတင် ပစ်ခတ်လာရာမှ မိနစ် နှစ်ဆယ်ခန့် တိုက်ပွဲများ ဖြစ်ပွားခဲ့သည်ဟု ဧရာဝတီ သတင်းတွင် ပါရှိလာခဲ့သည်။ ရခိုင် ပြည်နယ် အတွင်း စစ်ရေး တင်းမာမှုများ မြင့်တက်လာနေပြီ ဖြစ်သည်။

နောက်တနေ့ တနင်္လာနေ့တွင် အမျိုးသား ညီညွတ်ရေး အစိုးရ အဖွဲ့ နိုင်ငံခြားရေး ဝန်ကြီး ဒေါ်ဇင်မာအောင် နှင့် ဦးမင်းကိုနိုင်တို့ နှစ်ဦးမှ ရခိုင်တပ်တော် စစ်ဦးစီးချုပ် ဗိုလ်ချုပ် ထွန်းမြတ်နိုင်နှင့် အွန်လိုင်းမှ နှစ်နာရီ နီးပါးမျှ ရင်းနှီးပွင့်လင်းစွာ ဆွေးနွေးခဲ့ကြသည်ဟု ဆက်လက် ‌ဖေါ်ပြထားသည်။

ဆွေးနွေးသည့် အကြောင်းအရာ အသေးစိတ် ကို ဖေါ်ပြထားခြင်း မရှိသော်လည်း အတူ လက်တွဲ တိုက်ပွဲ ဝင်နိုင်ရေးအတွက် ဖြစ်မည်ဟု ယူဆရသည်။ AA ပြောခွင့်ရ ခိုင်သုခမှ ထိုအရေး အပေါ် အချိန်က စကားပြောလာလိမ့်မည်ဟု RFA အား ပြောခဲ့သည်။

ဒေါ်ဇင်မာအောင်သည် ဝါရှင်တန်မှ နေ၍ ဆက်သွယ်လာခြင်း ဖြစ်၍ ထူးခြားသော အကြောင်းအရာများ ပါဝင်လာဖို့ ရှိနေသည်။

အမေရိကန်သည် AA အား တရုတ်မှ ထောက်ခံမှု ပေးနေခြင်း နှင့် ရခိုင် ကမ်းရိုးတန်းတွင် တရုတ်တို့ ခြေကုပ်ယူရန် အားထုတ်နေမှုများကို စိုးရိမ်မကင်း ဖြစ်နေပုံရှိ၍ ထူးခြားသော အသွင် လက္ခဏများ ဆောင်လာနိုင်သည်ဟု ဆိုလိုခြင်း ဖြစ်သည်။

ဧရာဝတီ မှ မြန်မာနိုင်ငံ ဆိုင်ရာ အမေရိကန် သံအမတ်ဟောင်း ဖြစ်သူ စကော့ မာဆယ် နှင့် မေးမြန်းခန်းတွင် အမျိုးသား ညီညွတ်ရေး အစိုးရ အား စစ်အာဏာသိမ်း အဖွဲ့ထက်စာလျှင် ပို၍ တရားဝင်သည့် အစိုးရ မျိုး အဖြစ်သာ မက နိုင်ငံတွင် ဒီမိုကရေစီ စနစ် ပြန်လည် သွတ်သွင်းနိုင်ရန် ကြိုးပမ်းနေကြသူများ အဖြစ်လည်း အသိအမှတ်ပြုလာနေကြသည် ဟု မှတ်ချက်ချခဲ့သည်။

အာဆီယံ ၏ အချက် ငါးချက်သည် ရည်ရွယ်ချက် ကောင်းသော်လည်း ယခုထိ အကောင်အထည် မဖေါ်နိုင်ယုံမျှမက တိုင်းပြည်၏ ပြဿနာကို ဖြေရှင်းနိုင်ရန် ဆီလျော်မှု မရှိတော့ဟု ဆိုသည်။ ထို့အတွက် မလေးရှား နိုင်ငံခြားရေး ဝန်ကြီး၏ လူသိရှင်ကြား အကြံပေးချက် အတိုင်း NUG နှင့် ဆက်ဆံသွားရေးသည်သာ တကယ်တမ်း ပို၍ အရေးကြီးသည်၊ အချက်ငါးချက်ကို အကောင်အထည် ဖေါ်ရန် ငြင်းဆန်နေသူများ နှင့် ဆွေးနွေးခြင်းထက် ပို၍ လည်း အသုံးတည့်မည် ဟု ပြောခဲ့သည်။

အမေရိကန် အစိုးရလည်း အာဆီယံ အနေဖြင့် ဘာမှ လုပ်နိုင်စွမ်း မရှိသည်ကို သိနေသော်လည်း တကယ်တမ်း မည်သို့မည်ပုံ ထိထိရောက်ရောက် လုပ်ပေးရမည် ကို စဉ်းစားရ ခက်နေရကြောင်း၊
မြန်မာပြည်သူများကတော့ အာဏာသိမ်း အဖွဲ့နှင့် စေ့စပ်ဆွေးနွေး အ‌ပေးအယူ လုပ်ဖို့ စိတ်ဝင်စားခြင်း မရှိပဲ ၎င်းတို့အား ဖယ်ရှားနိုင်ဖို့ကိုသာ လိုလားနေကြ၍ လက်တွေ့မကျသော အပေးအယူ လုပ် ဆွေးနွေးနေခြင်းထက် မြန်မာပြည်သူတို့ ကြိုးပမ်းမှု များကိုသာ နိုင်ငံတကာ အနေဖြင့် ထောက်ခံသင့်သည်ဟု ဆိုသည်။

စစ်ဗိုလ်ချုပ်များသည် ၎င်းတို့အာဏာ ဆက်လက် ဆုပ်ကိုင်ထားနိုင်ရေး ကိုယ့် နိုင်ငံသားများ အပေါ် မည်မျှအထိ ရက်စက်စွာ ပြုကျင့်နေသည်ကို မြင်တွေ့ ခဲ့ရပြီး ဖြစ်၍ သံတမန် နယ်ပယ်သည် ကျဉ်းမြောင်းလာနေသည်၊ ၎င်းတို့ အဖို့လည်း မဖြစ်မနေ ပြောင်းလာရအောင် ဖိအားများ မကြုံရမချင်း လမ်းကြောင်းပြောင်းမည်သူများ မဟုတ်ဟု ဆိုသည်။

လက်ရှိတွင် ဆွေးနွေးပွဲများဖြင့် ဖက်ဒရယ် ဒီမိုကရေစီ လမ်းကြောင်းပေါ် ပြန်ရောက်နိုင်စရာ လမ်း မမြင်ကြောင်း၊ ၎င်းတို့ အနေဖြင့်လည်း နိုင်ငံကို ထိထိရောက် ရောက် အုပ်ချုပ်နိုင်စွမ်း လည်း မရှိကြောင်း၊ ထို့အတွက် စစ်တပ်အနေဖြင့် ထွက်ပေါက်ကို မဖြစ်မနေ ရှာလာကြသည် အထိ ပြည်တွင်းကော ပြည်ပကပါ ဖိအားပေးနေခြင်းကို အမြင့်ဆုံး အထိ မြှင့်တင် နိုင်မှသာ အောင်မြင်နိုင်ဖို့ အကောင်းဆုံး အခွင့်အလန်း ဖြစ်ကြောင်းလည်း ပြောလာသည်။

မြန်မာပြည်သူများ နိုင်ငံ၏ စစ်တပ်ကို ယခုလို လက်နက် စွဲကိုင်၍ မဖြစ်မနေ ဖယ်ရှားရဖို့ အထိ အခြေအနေ ဆိုက်သွားခဲ့ရသည်ကို စိတ်မကောင်းဖြစ်မိကြောင်းလည်း ထည့်သွင်း ပြောဆိုသွားသည်။

မြန်မာပြည်သူများအား နယ်ခြားဖြတ်ကျော်၍ လူသားချင်းစာနာ ထောက်ထားသည့် အကူအညီများ ပေးနိုင်ရန် အမေရိကန် နှင့် ထိုင်းအာဏာပိုင်တို့ ဆွေးနွေးမှုများ ပြုလုပ်လျက် ရှိနေသည်ဟု အရိပ်အမြွက် ပြောသွားခဲ့သည်။

အမေရိကန် အစိုးရမှ အမျိုးသား ညီညွတ်ရေး အစိုးရ နိုင်ငံခြားရေး ဝန်ကြီး ဒေါ်ဇင်မာအောင်အား ဝါရှင်တန်သို့ ဖိတ်ခေါ်ခဲ့ယုံမက အလည်အပတ် ရောက်ရှိလာသော ပြည်ပ အစိုးရ ကိုယ်စားလှယ် တဦးနှင့် လျော်ညီသည့် သံတမန် ထုံးထမ်းများ ဖြင့် တလေးတစား ဧည့်ခံ ကြိုဆိုပြလိုက်ခြင်းဖြင့် မိမိတို့ အစိုးရသည် မည်သည့်ဖက်မှ ရပ်တည်နေကြောင်း ကမ္ဘာနိုင်ငံများကို ပါးနပ်စွာ အသိပေးလိုက်ခြင်းလည်း ဖြစ်သည်။

ယခုအခါ ပို၍ ပို၍ အထီးကျန် ဆန်လာနေသည့် လက္ခဏာ တရပ် အဖြစ် နိုင်ငံ အတော်များများက မင်းအောင်လှိုင်ထံ သံအမတ် ခန့်အပ်လွှာ ပေးအပ်ရမည့် အရေးကို ရှောင်ရှားလို၍ သံတမန် ဆက်သွယ်ရေးအား သံရုံး ယာယီဝာာဝန်ခံ သို့မဟုတ် သံရုံးအကြီးအကဲ အဆင့်သို့ ပြောင်းလဲ လျော့ချလာနေသည့် အထဲတွင် ဩစတေးလျှ လည်း ပါဝင်လာခဲ့ပြီ ဖြစ်သည်။

အခြေအနေက စစ်ရေး၊ သံတမန်ရေး တွင် အတက်ဖက် သို့ ချည်းကပ်လာနေပြီ ဖြစ်၍ အခြေအနေများက တိုက်ယူစရာ မလိုပဲ ချက်ခြင်းလက်ငင်း ပြောင်းလဲသွားနိုင်သည်ကို ထည့်တွက်ထားမှ ဖြစ်မည်။

ထိုအခါ တွင် တိုင်းပြည်ကို အလျင်အမြန် ထိန်းချုပ် နိုင်ဖို့ မည်သို့ မည်ပုံ လုပ်မည် ကို လိုရမယ်ရ ပလန် များ ဆွဲထားနိုင်မှသာ ဖြစ်ပေတော့မည်။

သို့မှလည်း မိမိတို့ တော်လှန်ရေးအား နိုင်ငံတကာ က တလေးတစား နှင့် ဆက်ဆံလာပြီး အကူအညီများ ချက်ခြင်းလို ပေးလာမည် ဖြစ်သည်၊ အခြေအနေများ ရှူပ်ထွေးသွားမည်ဆိုက တော်လှန်ရေး ရေစုံမျောသွားမည့် အန္တရာယ် ကြုံလာရနိုင်သည်။

ပြည်သူ့ တို့၏ တွန်းလှန်စစ် မုချအောင်ရမည်!!!

Hla Soewai

Leave a Reply

Your email address will not be published.