စစ်ခေါင်းဆောင် မင်းအောင်လှိုင်ထားဝယ်ခရီးစဉ်လုံခြုံရေးတပ်သားတွေ မိုင်းဆွဲခံရကာ…..

စစ်ခေါင်းဆောင် မင်းအောင်လှိုင်ထားဝယ်ခရီးစဉ်လုံခြုံရေးတပ်သားတွေ မိုင်းဆွဲခံရကာ…..

တနင်္သာရီတိုင်းမ်၊ နိုဝင်ဘာ ၁၃

စစ်ခေါင်းဆောင် မင်းအောင်လှိုင်ရဲ့ နဘုလယ်ရေနက်ဆိပ်ကမ်းခရီးစဉ်အတွက် လုံခြုံရေးယူပေးတဲ့ စစ်ကောင်စီတပ်သားတွေ မိုင်းဆွဲခံရလို့ လက်ပြတ်၊ ခြေပြတ်ဖြစ်နေချိန်မှာကျန်တဲ့ စစ်ကောင်စီတပ်သားတွေက အချင်းချင်း ပြန်ပစ်သတ်တာတွေ ရှိခဲ့တယ်လို့ DGRF အဖွဲ့တာဝန်ရှိသူက ပြောပါတယ်။

အဲဒီဖြစ်စဉ်ဟာ နိုဝင်ဘာ ၂ ရက်နေ့ညနေ ၄နာရီခွဲအချိန်ခန့်က ထားဝယ်ခရိုင်၊ ရေဖြူမြို့နယ်၊ နဘုလယ်ဒေသ ဝက်ချောင်းလမ်းဆုံမှာ ပထမအကြိမ် အင်အားပြင်းမိုင်း ၆ လုံးနဲ့တိုက်ခိုက်ခဲ့စဉ်က ဖြစ်ပွားခဲ့တာပါ။

” ပထမဆုံးအကြိမ်က အင်အားပြင်းမိုင်းကြောင့် သေတဲ့သူနဲ့ ဒဏ်ရာပြင်းထန်သူ အများကြီးပဲ။ ၂၅ ယောက် ဝန်းကျင်ရှိမယ်။ အဲဒီထဲက လက်ပြတ်၊ ခြေပြတ် ၃ ယောက်ကို သူတို့အချင်းချင်း ပစ်သတ်လိုက်တာကို ကျနော်တို့အဖွဲ့ကမြင်လိုက်ရတယ်။ ကျန်တဲ့ဒဏ်ရာရသူတွေကိုတော့ ဘယ်လိုလုပ်လိုက်လည်း မသိရဘူး။ ပြီးတော့အလောင်းတွေကို ဒီနေရာမှာပဲ ထားခဲ့တာ ” လို့ DGRF အဖွဲ့တာဝန်ရှိသူက ပြောပြပါတယ်။

စစ်ခေါင်းဆောင် မင်းအောင်းလှိုင် ထားဝယ်ခရိုင်ကိုလာတဲ့ခရီးစဉ်မှာ ၄ကြိမ်မိုင်းဆွဲတိုက်ခိုက်ခံရပြီး စစ်ကောင်စီတပ်သား ၆၀ ဦးထက်မနည်းသေဆုံးခဲ့တယ်လို့ တနင်္သာရီတိုင်းအခြေစိုက် ပြည်သူ့ကာကွယ်ရေးအဖွဲ့တွေဖြစ်တဲ့ LLPDF နဲ့ DGRFအဖွဲ့တွေက မနေ့က တရားဝင် သတင်းထုတ်ပြန်ထားပါတယ်။

စစ်ကောင်စီတပ်သားတွေကို တိုက်ခိုက်တဲ့နေရာမှာ လူနှစ်ယောက်အနိုင်နိုင်သယ်ရတဲ့ မိုင်းအကြီးစားတွေကို အသုံးပြုတိုက်ခိုက်ခဲ့တာကြောင့် အခုလိုရန်သူဘက်က ထိခိုက်ကျဆုံးများခဲ့တာလို့ DGRF တာဝန်ရှိသူက ဆိုပါတယ်။
နိုဝင်ဘာ၂ရက် ည ၁၀ နာရီအချိန်ကလည်း ထပ်မံဝင်ရောက်လာတဲ့ စစ်ကောင်စီကား ၆ စီးကို မိုင်း ၂ လုံးနဲ့ ထပ်မံတိုက်ခိုက်ခဲ့ပြီး ကားထိုးရပ်ချိန် လက်နက်ကြီးတွေနဲ့ပါ ပစ်ခတ်တိုက်ခိုက်ခဲ့တာကြောင့် စစ်ကားတစ်စီးပျက်စီးကာ အများအပြား ထိခိုက်သေဆုံးမှုရှိခဲ့တယ်လို့ ဆိုပါတယ်။

နိုဝင်ဘာ ၅ ရက် မနက်ပိုင်းမှာလည်း လောင်းလုံးမြို့နယ်၊ ထိန်တွင်းကျေးရွာ ကမ်းနားဆိပ်မှာ လုံခြုံရေးယူဖို့ရောက်ရှိလာတဲ့ စစ်ကောင်စီတပ်သား ၁၆ ဦးပါ စစ်ကောင်စီယာဉ်တန်းကို မိုင်းဆွဲတိုက်ခိုက်ခဲ့ရာ နေရာမှာပဲ ၅ ဦးသေဆုံးခဲ့တယ်လို့ ထုတ်ပြန်ချက်အရ သိရပါတယ်။

အဲဒီနေ့ညနေပိုင်းမှာလည်း ရေဖြူမြို့နယ်၊ မူးဒူးကျေးရွာက ထွက်ခွာလာတဲ့ စစ်ကောင်စီတပ်သားအင်အား ၁၀၀ ကျော်ပါစစ်ကြောင်းကို သတင်းအရ အင်အားပြင်းမိုင်း ၄ လုံးနဲ့ ၂ ကြိမ်မိုင်းဆွဲတိုက်ခိုက်ခဲ့တာကြောင့် စစ်ကောင်စီတပ်သား ၄၀ ခန့်ထိခိုက်သေဆုံးခဲ့တယ်လို့ ဆိုပါတယ်။

စစ်ကောင်စီတပ်သားတွေဘက်က လက်နက်ကြီး လက်နက်ငယ်အချက်ရေ ၁၀၀ ဝန်းကျင်ပြန်လည်ခုခံပစ်ခတ်ခဲ့ပေမယ့် ပြည်သူ့ကာကွယ်ရေးတပ်သားတွေဘက်က ထိခိုက်ကျဆုံးမှုမရှိခဲ့ဘူးလို့ သိရပါတယ်။

” ကျနော်တို့ဘက်ကထိခိုက်မှုမရှိတာက အပြန်အလှန်ပစ်ခတ်မှုမလုပ်ခဲ့လို့ပါ။ ကျနော်တို့ အင်အားပြင်းမိုင်းကို အဓိကထားတယ်၊ ဖောက်ခွဲပြီးတာနဲ့ ပြန်ဆုတ်တယ်။ သူတို့အထိနာချက်ကလည်း ကျနော်တို့နယ်မြေရှင်းလင်းချိန် လမ်းမှာ ပုတ်ပွနေတဲ့အသားစတွေ အများကြီးပဲ။ နောက်ပြီး မင်းအောင်လှိုင်ကို တိုက်ခိုက်ဖို့အတွက်အစီအစဉ်ရှိခဲ့ပေမဲ့ အတွင်းစည်းကိုဝင်ဖို့နဲ့ တိုက်ပွဲကြီးဖော်ဆောင်ဖို့ ပစ်ဖို့ လက်နက်ရောအစစအရာရာမှာ အခွင့်အရေးမရခဲ့ဘူး” လို့ တာဝန်ရှိသူက ဆက်ပြောပါတယ်။

စစ်ခေါင်းဆောင်ခရီးစဉ်အတွက် ရေဖြူမြို့နယ် နဘုလယ်ဒေသကို စစ်ကောင်စီတပ်သား အင်အား ၄၀၀ ဝန်းကျင်အထိ အသုံးပြုခဲ့တယ်လို့လည်း သိရပါတယ်။

အဆိုပါတိုက်ခိုက်မှုတွေကို Dawei Guerrilla Revolutionary Force (DGRF) ၊ Laung Lone People Defence Force နဲ့ TPDF တို့ကပူးပေါင်းလုပ်ဆောင်ခဲ့တာဖြစ်ပြီး လုံခြုံရေးနဲ့ စစ်ရေးလျို့ဝှက်ဖို့ လိုအပ်ချက်တွေကြောင့် အခုမှသတင်းထုတ်ပြန်ရတာဖြစ်ကြောင်းလည်း ထုတ်ပြန်ချက်မှာရေးသားထားပါတယ်။

စစ်ကောင်စီဥက္ကဌ မင်းအောင်လှိုင်နဲ့အဖွဲ့ဟာ အခုလ ၄ ရက်နေ့က ထားဝယ်မြို့ကို ရောက်ရှိလာပြီး စစ်ကောင်စီတပ်က တပ်ဖွဲ့ဝင်တွေအပြင် စီးပွားရေး လုပ်ငန်းရှင်တွေနဲ့လည်း တွေဆုံခဲ့သလို ရေနက်ဆိပ်ကမ်းကိုလည်း သွားရောက်ခဲ့ပါတယ

ဓာတ်ပုံ – ပုံဟောင်းအသုံးပြုထားပါတယ်။

Leave a Reply

Your email address will not be published. Required fields are marked *