နံနံပင်ပြီးတော့ ငရုတ်သီးစိမ်း လာပါပြီ (ရခိုင်တွင် ငရုတ်သီး တတောင့် ငွေ ၁၀၀ နဲ့ ဝယ်နေရ)

နံနံပင်ပြီးတော့ ငရုတ်သီးစိမ်း လာပါပြီ (ရခိုင်တွင် ငရုတ်သီး တတောင့် ငွေ ၁၀၀ နဲ့ ဝယ်နေရ)
လတ်တလော ရန်ကုန်မှာ နံနံပင် တပိဿာ သုံးသောင်းဈေး ဖြစ်နေတာကြောင့် ပြည်သူလူထုတွေ အကြား ဝေဖန်မှုတွေ မြင့်တက်နေတာ ဖြစ်ပါတယ်။
နံနံပင်ကို လူတိုင်း မစားပေမယ့် မြန်မာ့ထမင်းဝိုင်းတွေမှာ မရှိမဖြစ် အရာတခု ဖြစ်ပါတယ်။
နံနံပင်ဈေး အဆမတန်မြင့်တက်လာပြီးတဲ့နောက် ထပ်မံမြင့်တက်လာတဲ့ ကုန်စိမ်းကတော့ ငရုတ်သီးစိမ်းပဲ ဖြစ်ပါတယ်။
ရန်ကုန်လို လမ်းပမ်းဆက်သွယ်ရေး ကောင်းမွန်သည့် ဒေသများမှာ ဈေးနှုန်း မသိသာပေမယ့် အခြေအနေ မတည်ငြိမ်တဲ့ ရခိုင်ပြည်နယ်လို ဒေသမျိုးမှာ ကုန်စိမ်းဈေးတွေ အဆမတန် မြင့်တက်နေတယ်လို့ သိရပါတယ်။
ငရုတ်သီးစိမ်း တတောင့်ကို ကျပ်ငွေ ၁၀၀ နဲ့ ဝယ်ယူနေရတဲ့အကြောင်း ရခိုင်ပြည်နယ်က အိမ်ရှင်မတဦးရဲ့ ရင်ဖွင့်သံကို ဖော်ပြလိုက်ပါတယ်-
“ကျမတို့မြို့မှာ ငရုတ်သီး တစ်တောင့် ၁၀၀ ဖြစ်နေတယ်။ ပုံထဲကဟာက ၂၀၀၀ ဖိုးပါ။ တိုက်ပွဲတွေဖြစ်တော့ ကားလမ်းပိတ်ထားတော့ ကုန်စိမ်းတွေက ဇိမ်ခံပစ္စည်း ဖြစ်လာနေတယ်။
စစ်တွေကပါ စစ်တွေကို ဘယ်ကပဲ လာလာလမ်းက တစ်လမ်းထဲ ရှိတာ။ ပိတ်တာ ၄ ရက်ရှိသွားပြီး ပစ္စည်းတွေ စျေးထိုးတက်သွားတယ်။
ကိုယ်တွေဆီမှာက ပင်လယ်စာနဲ့ စပါးပဲထွက်တာ။ ကျန်တာတွေက အရမ်းနည်းတယ်။ ကျန်တဲ့ဟာတွေလဲ အဆမတန် စျေးတက်ပါတယ်။ ကုန်စိမ်းမှန်သမျှ စျေးတွေ ထိုးတက်ပါတယ်။
မနက်ဖြန် စျေးမသွားရဲတော့ဘူး။ ကြာရင်ငတ်မှာ သေချာတယ်။ လမ်းတွေ မြန်မြန်ပြန်ဖွင့်ပါစေလိုပဲ ဆုတောင်းနေရတယ်။”
ထိုသို့ အခြေအနေတွေ ဖြစ်ပေါ်နေတာကြောင့် ငရုတ်သီးမပါရင် စားလို့မမြိန်ကြတဲ့ ရခိုင်ဒေသခံတွေအနေနဲ့ အခက်အခဲတွေ ဖြစ်ပေါ်နေကြတယ်လို့ သိရပါတယ်။
စက်သုံးဆီဈေးနှုန်း မြင့်တက်မှု၊ လုံခြုံရေး အခြေအနေ မတည်ငြိမ်မှုတို့ကြောင့် ကုန်သွယ်မှုလမ်းကြောင်းများ ပြတ်တောက်နေတာကြောင့် ဈေးနှုန်းများ နဂိုရှိသင့်သည်ထက် ပိုမို များပြားနေတာ ဖြစ်တယ်လို့ ဈေးကွက်ကျွမ်းကျင်သူများက သုံးသပ်နေကြပါတယ်။
Crd