ပွဲအပြီးမှာ မြန်မာနိုင်ငံအတွက်ဆုတောင်းပေးလိုက်တဲ့ အောင်လအန်ဆန်း(ရုပ်သံ)

မြန်မာအတွက်ဆုတောင်းပေးနေတယ်လို့ အောင်ပွဲရအောင်လအန်ဆန်းပြော
ရုပ်သံကိုတော့ အောက်ဆုံးမှာ ထည့်ပေးထားပါတယ်။
ဂျပန်နိုင်ငံသား အိုကာမီယာရှင်ကို ပထမအချီမှာပဲ ဒိုင်ပွဲရပ်နဲ့ အနိုင်ရခဲ့တဲ့ မြန်မာ့စပါးအုံးမြွေ “အောင်လအန်ဆန်း”က မြန်မာနိုင်ငံအတွက် ဆုတောင်းပေးနေတယ်လို့ ပွဲအပြီးမှာ ပြောခဲ့ပါတယ်။
ဒီနေ့ မြန်မာအချိန် ၈နာရီကျော်မှာ ထိုးသတ်ခဲ့တဲ့ပွဲမှာ အောင်လဟာ ပြိုင်ဖက် ဂျပန်နိုင်ငံသားကို ပထမအချီမှာပဲ အနိုင်ထိုးနိုင်ခဲ့တာဖြစ်ပါတယ်။
အောင်လရဲ့ အားပါတဲ့ ဒူးတိုက်ချက်ဟာ အိုကာမီယာရှင်ရဲ့ခေါင်းနဲ့ မိတ်ဆက်ပြီးတဲ့နောက်မှာ အောင်လက ဆက်တိုက်ဖိထိုးတာကြောင့် ဒိုင်ပွဲရပ်ပြီး အောင်လအနိုင်ရသွားတာဖြစ်ပါတယ်။
ပွဲအပြီးမှာ အောင်လက ပွဲစီစဉ်ပေးတဲ့ One Championship နဲ့ ပရိသတ်တွေကို ကျေးဇူးတင်စကားဆိုပါတယ်။
သူရဲ့မိခင်နိုင်ငံဖြစ်တဲ့မြန်မာနိုင်ငံအတွက်လည်း ဆုတောင်းပေးနေတယ်လို့ တခုတ်တရထည့်သွင်းပြောဆိုခဲ့ပါတယ်။
“နောက်တစ်ချက်က မြန်မာ။ မြန်မာနိုင်ငံရေ ငါမင်းအတွက် ဆုတောင်းပေးနေပါတယ်။ ဒီနောက်ဆုံး ၂နှစ်ဟာ အားလုံးအတွက်ခက်ခဲတဲ့နှစ်တွေဖြစ်တယ်။
မင်းတို့ကို ငါချစ်ပါတယ်။ ငါတို့နိုင်ငံအတွက် ခက်ခဲမှုတွေ ရှိခဲ့တယ်။ ဆက်ပြီးတော့ဆုတောင်းပေးနေပါတယ်။
ဘုရားသခင်က ငြိမ်းချမ်းမှုပေးလိမ့်မယ်လို့ ယုံကြည်စွာပြောလိုပါတယ်။ အားလုံးကိုချစ်တယ်” လို့ အောင်လအန်ဆန်းက ပြောပါတယ်။
အောင်လအန်ဆန်းနဲ့ အိုကာမီယာရှင်တို့ပွဲဟာ မစ်ဒ်ဝိတ်တန်းအတွက် ထိုးသတ်ခဲ့ကြတဲ့ပွဲဖြစ်ပါတယ်။