စားမကုန်နိုင်အောင် သီးတဲ့ ရုံးပတီကို တနိုင်တပိုင် စိုက်ပျိုးနည်းစနစ်

ရုံးပတီပင်ကို အပူပိုင်း၊အပူလျော့ပိုင်းဒေသတွေမှာ စိုက်ပျိုးနိုင်ပါတယ်။ စိုက်ပျိုးကာလအားဖြင့် ကဆုန်၊ နယုန်၊သီတင်းကျွတ်၊တန်ဆောင်မုန်းလတွေမှာ အသင့်တော်ဆုံးဖြစ်ပါတယ်။

ရုံးပတီဟာ ရေမဝပ်တဲ့မြေမျိုးမှာ ပိုပြီးဖြစ်ထွန်းပါတယ်။ မြေအမျိုးအစားမရွေးစိုက်ပျိုးနိုင်ပါတယ်။မြေချဉ်ငန်ဓာတ် (၆-၆.၈)အတွင်းမှာ ပိုမိုဖြစ်ထွန်းပါတယ်။

တစ်သုတ်ပြီးတစ်သုတ် စိုက်ပျိုးသွားရင် စဉ်ဆက်မပြတ်စားသုံးနိုင်တဲ့ သီးနှံဖြစ်ပါတယ်။ စိုက်မယ်ဆိုရင် စိုက်ဘောင်တွေပေါ်မှာ တိုက်ရိုက်စိုက်ပျိုးနိုင်သလို

(၃-၄)ပေရှိတဲ့ စိုက်ဘောင် တွေကို အမြင့်(၆)လက်မရှိအောင် မြေဆွေးထည့်ပေးပြီး ဘောင်ပေါ်မှာ ကျင်းတွေကို ဘောင်နုတ်ခမ်းကနေ (၆)လက်မစီခွာပြီး (၃)ပွင့်ဆိုင်ကျင်းတူးပြီး စိုက်ပျိုးနိုင်ပါတယ်။ မျိုးစေ့ကို မစိုက်ခင် (၁၂)နာရီလောက် ရေစိမ် ပေးပါ။

ရေပေါ်မှာပေါ်နေတဲ့ အစေ့တွေကို ဖယ်ရှားပေးပါ။ တစ်ကျင်းကို မျိုးစေ့(၃)စေ့စီထည့်ပေးပြီး အပွင့် ထွက်လာရင် အသန်မာဆုံးအပင်တစ်ပင်ကိုပဲချန်ပြီး ကျန်တဲ့အပင်တွေကို နုတ်ပစ်ဖို့လိုပါတယ်။ တစ်ဘောင်နဲ့ တစ်ဘောင်ကြားမှာ လူသွားလမ်းအကျယ် (၉)လက်မ – (၁)ပေလောက်ချန်ထားပေးရမှာဖြစ်ပါတယ်။

စိုက်ဘောင် ပေါ်မှာ အလျားလိုက် စိုက်တန်း(၂)တန်းထားရှိပေးပြီး စိုက်တန်းတွေအတွင်း တစ်ပင်နဲ့တစ်ပင် (၁)ပေခြားစီ ရှိသင့်ပါတယ်။ ပျိုးပင်တွေကို ပြောင်းရွှေ့စိုက်ပျိုးမယ်ဆိုရင်တော့ အမြစ်တွေမနာစေဖို့ အထူးဂရုပြုသင့်ပါတယ်။

ပန်းပွင့်ချိန်နဲ့ အသီးဖြစ်ချိန်မှာ ရေကို များများလိုအပ်ပါတယ်။ စီးပွားဖြစ် စိုက်ပျိုးနိုင်ပြီးအပင်(၁၅) ရက်သားမှာ တစ်ကြိမ်၊(၂၅)ရက်သားမှာတစ်ကြိမ်ပေါင်းလိုက်ပေးရမှာဖြစ်ပါတယ်။ တတ်နိုင်ရင် နေ့တိုင်းပေါင်းလိုက်၊မြေဆွပြီး အစိုဓာတ်လုံလောက်မှုရဖို့ ရေလောင်းတာတွေလုပ်ပေးဖို့လိုပါတယ်။

မြေသြဇာ အဖြစ်နွားချေးဆွေးထည့်ပေးရင် ပိုကောင်းပါတယ်။ ဒါ့အပြင် ရုံးပတီပင်တွေကိုလည်း နှစ်ရှည်သီးနှံ ပင်တွေနဲ့ ကြားညှပ်သီးနှံအဖြစ် စိုက်ပျိုးနိုင်ပါတယ်။

သနပ်ခါးနဲ့ရုံးပတီ၊သရက်နဲ့ရုံးပတီ၊ဇီးနဲ့ရုံးပတီ၊လျှော်ဖြူပင်နဲ့ရုံးပတီ စတဲ့နှစ်ရှည်ပင်သီးနှံတွေနဲ့ ရုံးပတီကို ထည့်သွင်းစိုက်ပျိုးနိုင်ပါတယ်။ အသီးကိုခူးဆွတ်မယ်ဆိုရင် (၂-၄)လက်မအထိရှည်တဲ့အခါ ဒါမှမဟုတ် ပန်းပွင့်ပြီး တစ်ပတ်ကြာတဲ့အခါ ခူးဆွတ်ရမှာဖြစ်ပါတယ်။

အသီးတောင့်တွေဟာ ရင့်လွယ်တဲ့အတွက် ပူတဲ့အချိန်မှာဆိုရင်နေ့တိုင်း ခူးဆွတ် ပေးရမှာဖြစ်ပါတယ်။ ပုံမှန်အားဖြင့် (၂)ရက်တစ်ကြိမ်ခူးဆွတ်ပေးရမှာဖြစ်ပါတယ်။

အသင့်စားသုံးဖို့အတွက် မရင့်ခင်ခူးဆွတ်သင့်ပြီး ရင့်တဲ့အသီးတွေကို နေခြောက်လှန်းပြီး အစေ့တွေကို ထုတ်ယူရမှာဖြစ်ပါတယ်။ လေလုံတဲ့အိတ်တွေ၊ပုလင်းတွေထဲမှာ ထည့်သွင်းသိုလှောင်ပြီး စိုက်ပျိုးတဲ့ ရာသီ ရောက်ရင် ပြန်လည်စိုက်ပျိုးနိုင်ပါတယ်။ တစ်ဧကမှ ပိဿာချိန် (၁၀၀၀-၃၀၀၀)အထိ ထွက်နိုင်ပါတယ်။

Credit…
မျဝေပေးလိုက်ပါတယ်ဗျာ

Leave a Reply

Your email address will not be published. Required fields are marked *