ရန်ကုန်မှာ လုယက်သူတွေက ခုခံသူကို အက်စစ်နဲ့ပက်

မဲခေါင်၊နိုဝင်ဘာ ၈

ရန်ကုန်တိုင်း အတွင်း လုယက်မှု ကျူးလွန်သူ အများစုက ပစ္စည်းပို့တဲ့ သူတွေကို ပစ်မှတ်ထား လုယူနေပြီး ခုခံတဲ့အတွက် အက်စစ်နဲ့ အပက်ခံခဲ့ရတယ်လို့ လုယက်ခံရသူ အမျိုးသား တစ်ဦးက ပြောပါတယ်။

“လှိုင်သာယာကို ပစ္စည်းသွားပို့တာ၊ ဘုရင့်နောင်တံတား အဆင်း မှတ်တိုင်မှာ လိပ်စာဝင်မေးတာ။ နိုဝင်ဘာလ ၆ ရက်နေ့၊ အချိန်က နေ့လည် ၃ နာရီကျော်လောက်ပဲရှိမယ်။

နောက်နှစ်မှတ်တိုင် ရောက်တော့ ဆိုင်ကယ်နဲ့ လူသုံးယောက် လိုက်လာပြီး လုတာ။ ဖုန်းနဲ့ လွယ်ထားတဲ့ ပိုက်ဆံအိတ်ကို လုတာ။ ဖုန်းတော့ မှန်ကွဲပြီး ပါသွားတယ်” လို့ သူကပြောပါတယ်။

လုယက်သူ သုံးဦးက ပိုက်ဆံအိတ်ကို လုယူရာမှာ ပြန်လည်ခုခံခဲ့တဲ့ အတွက် ပိုက်ဆံအိတ် မပါသွားပေမယ့် အက်စစ်နဲ့ အပက်ခံလိုက်ရတယ်လို့ လုယက်ခံရသူ အမျိုးသားက ပြောပြပါတယ်။

“ပိုက်ဆံအိတ်လုတော့ ခြေထောက်နဲ့ ပြန်ကန်လိုက်တယ်။ ကျွန်တော့် စက်ဘီးလဲသွားတော့ သူတို့ထဲက အလယ်မှာ ထိုင်တဲ့ ကောင်က အက်ဆစ်နဲ့ ပက်တယ်။ ခြေထောက်မှာ ထိသွားတယ်။

ပြီးတော့မှ သွေးထွက်လာတာ။ ကျွန်တော်က စကားထစ်တော့ အော်ပြီး အကူအညီ မတောင်းနိုင်ခဲ့ဘူး” လို့ သူကပြောပါတယ်။

လုယက်သူတွေ ထွက်ပြေးသွားပြီးနောက် အငှားယာဉ်မောင်း တစ်ဦး လာရောက်ကူညီပေးတဲ့ အတွက် မိသားစုနဲ့ ပြန်ဆက်သွယ်နိုင်ခဲ့တယ်လို့ သူကဆက်ပြောပါတယ်။

လှိုင်သာယာ ရွှေလင်ဗန်း စက်မှုဇုန်မှာလည်း အောက်တိုဘာ ၁၂ ရက်နေ့က အမျိုးသား နှစ်ဦးက ပစ္စည်း လိုက်ပို့သူ လူငယ်အမျိုးသား တစ်ဦးကို ဓားထိုး လုယက်မှု ဖြစ်ပွားခဲ့ပြီး လူငယ်မှာ နေရာတွင် သေဆုံးခဲ့ သော်လည်း တရားခံများကို ယနေ့အချိန်ထိ ဖမ်းဆီးရမိခြင်း မရှိသေးဘူးလို့ သိရပါတယ်။

“လုတဲ့သူတွေက သူတို့မှာ ပိုက်ဆံပါမှန်း သိတယ်။ ကလေးတွေက ပစ္စည်းပို့တဲ့အခါ ငွေကြိုရှင်း ပေးရတာတွေ ရှိတယ်။ ပိုက်ဆံသိန်းချီ ပါတော့ သူတို့တွေ မျက်စိကျပြီး လုလာကြတာ။

လုံခြုံမှု မရှိတော့ ပိုဆိုးတယ်” လို့ တောင်ဒဂုံမြို့နယ်တွင် နေထိုင်သူ အမျိုးသမီး တစ်ဦးက ပြောပါတယ်။

ရန်ကုန်မြို့မှာ နေ့စဉ်အုပ်စုဖွဲ့ လုယက်မှု၊ ခါးပိုက်နှိုက်မှုနဲ့ ဓားပြမှုတွေ ဖြစ်နေပေမယ့် ပြစ်မှုကျူးလွန်သူတွေကို ဖမ်းဆီးနိုင်ခြင်း မရှိတဲ့နည်းတူ အခုလို အက်စစ်နဲ့ ပက်တာတွေ လုပ်လာလို့ ပြည်သူတွေ အနေနဲ့ ဂရုစိုက်ဖို့ လိုအပ်နေပါတယ်။

MK – 005
MeKongNews

Leave a Reply

Your email address will not be published. Required fields are marked *