ဦးခေါင်းခွံတစ်ခြမ်းမရှိတဲ့ ကံအကောင်းဆုံးလူသား ကိုစောမူးနေဆေး…

ဒီဇင်ဘာ ၃

ယာဥ်တိုက်မှု(Accident)တစ်ခုကြောင့် ဦးခေါင်းခွံတစ်ခြမ်းမရှိပဲ ၂ နှစ်ခန့်နီးပါးအကြာ အသက်ရှင်နေထိုင်နိုင်ခဲ့တဲ့ ကံအကောင်းဆုံးလူသားလို့ ဆိုလို့ရတဲ့ ကိုစောမူးနေဆေး၏ ခွဲစိတ်ကုသမှုအောင်မြင်သွားခဲ့ပြီဖြစ်၍

လက်ရှိတွင် ရန်ကုန်တိုင်းအတွင်းက ထန်းတပင်မြို့နယ်ရှိ ၄င်း၏နေအိမ်မှာ ဆေးဝါးကုသမှု ဆက်လက်ခံယူနေတယ်လို့ ကာယကံရှင်မိသားစုဝင်များ၏ ပြောပြမှုအရ သိရပါတယ်။

ဦးခေါင်းခွံတစ်ခြမ်းပဲရှိတဲ့ ကိုစောမူးနေဆေး၏ ဦးခေါင်းခွံ ပြန်လည်ခွဲစိတ်ကုသမှုကို ယခု ၂၀၂၂ ခုနှစ်၊နိုဝင်ဘာလ တတိယအပတ်အတွင်းမှာ ရန်ကုန်မြို့၊

အင်းစိန်မြို့နယ်ရှိ ကွယ်ကဘောပုဂ္ဂလိကဆေးရုံမှာ အချိန် ၃ နာရီကျော်ကြာ Operation ပြုလုပ်ခဲ့ခြင်းဖြစ်ပြီး ခွဲစိတ်ကုသမှုအောင်မြင်ခဲ့တာဖြစ်တယ်လို့ သိရပါတယ်။

“သူဖြစ်တဲ့ Accident က ဆိုင်ကယ်ကို ကားကဝင်တိုက်တာပါ။ အဲ့နေ့က သူ့ ညီကိုသွားကြိုတဲ့ အချိန်မှာ ဖယ်ရီကြိုလာတဲ့ လိုက်ထရပ်ကားက နောက်ကနေဝင်တိုက်တာပေါ့။

အဲ့အချိန်မှာ မိုးကလည်းရွာတော့ သူကလမ်းဘေးချရပ်ပြီး မိုးကာဆောင်းတဲ့အချိန်မှာ ကားကနောက်ကနေ ဝင်တိုက်တာပေါ့။ သူကအတိုက်ခံရလိုက်ရတာပါ၊ သူ့ညီကပွန်းပဲ့ဒဏ်ရာရတယ်၊ သူကတော့ ခေါင်းကိုအတော်လေးထိသွားတာပေါ့။

သူဖြစ်တုန်းက နိုင်ငံရေးတွေစဖြစ်တဲ့အချိန်ပေါ့၊ ပြောရရင် ကိုဗစ်နဲ့ နိုင်ငံရေးအခြေအနေတွေကြောင့် ကြားထဲမှာ ခွဲစိတ်မှုမပြုလုပ်နိုင်ပဲ အချိန် ၂ နှစ်နီးပါးလောက်ကြာသွားတယ်။

သူစဖြစ်တုန်းက မြောက်ဥက္ကလာမေဒါဝီဆေးရုံမှာခွဲတယ်၊ဆေးကုသတယ်၊ အဲ့မှာ ဦးခေါင်းခွံကိုဗိုက်ထဲမှာထည့်တယ် ၃ လပြည့်ရင် ဆေးရုံမှာပြန်ခွဲပြီး ဗိုက်ထဲက ဦးခေါင်းခွံကိုပြန်ကပ်ရမယ်ပေါ့။

၃ လပြည့်လို့ ပြန်ပြတဲ့ အချိန်မှာ နိုင်ငံရေးတွေကစဖြစ်နေတော့ ဆေးရုံမှာလည်း ဆရာဝန်၊ ဆရာမတွေမစုံလင်တာနဲ့ ဒီကြားထဲမှာ ဆေးသောက်ပြီးပဲသူက နေခဲ့ရတာပေါ့။ သူ့ ဦးခေါင်းခွံတစ်ခြမ်းလုံးကို ဗိုက်ထဲကိုထည့်ထားပြီး ဒီအတိုင်းပဲနေခဲ့ရတာပါ။

ဆေးကစွဲသောက်ရတယ်၊ သူကဆေးပြတ်တာနဲ့တက်တယ်၊ သောက်ဆေးပြတ်လို့မရဘူး၊ အရမ်းပူလို့ အေးလို့မရဘူး။ အခုကွယ်ကဘောဆေးရုံမှာ ပြန်လည်ခွဲစိတ်ပြီး ဗိုက်ထဲကဦးခေါင်းခွံကိုခေါင်းမှာပြန်ထည့်နိုင်ခဲ့တာပါ။

ကျန်းမာရေး အခြေအနေက အရက်ကထက်စာသာရင် သိသိသာသာလေး ကောင်းလာပါပြီ။ လက်ရှိအိမ်မှာပဲ ဆေးဝါးကုသမှုခံယူနေပါတယ်”လို့ ကာယကံရှင် မိသားစုဝင်တစ်ဦးဖြစ်တဲ့ ကိုဝေဖြိုးက မြန်မာ့ပလက်ဖောင်းသို့ ပြောပြခဲ့ပါတယ်။

ကိုစောမူးနေဆေး တွေ့ ကြုံခဲ့ရတဲ့ ယာဥ်တိုက်မှုဖြစ်စဥ်ကတော့ လွန်ခဲ့တဲ့ ၂ နှစ်ကျော်ခန့်က မှော်ဘီမြို့နယ်အတွင်းမှာ ဖြစ်ပွားခဲ့ခြင်းဖြစ်တယ်လို့ ကာယကံရှင်မိသားစုဝင်တွေက ပြောပါတယ်။

“ကျနော်တို့က ကူညီချင်တဲ့ ဆန္ဒတစ်ခုနဲ့ပဲ သူ့ကိုလုပ်ပေးခဲ့ တာပါ။ ဦးနှောက်လို့ ရေးလိုက်ရတာ သူက ဦးခေါင်းခွံတစ်ခြမ်းကို ဗိုက်ထဲထည့်ထားလိုက်ရလို့ပါ။ ဆိုင်ကယ်အက်စီးဒန့်ဖြစ်ပြီး ဦးခေါင်းခွံကို သူကဗိုက်ထဲ ခဏထည့်လိုက်ရတယ်။

ဘယ်လိုပြောရမလဲ သူ့အနာမကျက်မချင်းပေါ့လေ၊ ဗိုက်ထဲကို ထည့်ထားလိုက်ရတယ်။ ၃ လပြည့်ရင် ဗိုက်ကိုပြန်ခွဲပြီး ခေါင်းမှာပြန်ကပ်မယ်လည်ဆိုရော နိုင်ငံရေးနဲ့ ကိုဗစ်ကဖြစ်တော့ ပြန်ပြီးတော့ မထည့်ဖြစ်နိုင်ပဲ အဲ့လိုလေးနဲ့ ကြာသွားတာပေါ့၊

ကြာသွားတဲ့နေရာမှာ သူကပြန်ပြီးတော့ ခွဲစိတ်ကုသချင်တယ်လို့ ပြောတော့ သူ့မိဘတွေက ခြံတွေရောင်းတာ သူတို့နေတဲ့ခြံတွေကို နှစ်ခြမ်းခွဲရောင်းတယ်။ အင်းဟုတ်ပြီ အဲ့ဒါဆိုရင် ကျနော်တို့ ခရစ်ယာန်အသင်းဘက်က ဆရာ၊ဆရာမတွေရှိတယ် အသင်းဘက်ကလည်း အလှူခံမယ်။

ကျနော့်ဘက်ကလည်း အလှူခံမယ်ဆိုပြီး ဖေ့ဘုတ်လူမှုကွန်ရက်ပေါ်မှာ Public နဲ့တင်လိုက်ပါတယ်။ အဲ့လိုတင်လိုက်တဲ့အခါမှာ အလှူခံလေးက မြန်သွားတယ်၊အလှူငွေလေးတွေရလာတာပေါ့ အဲ့ဒီအလှူကရရှိတဲ့ငွေကြေးရယ်၊

သူမိသားစုကထောက်ပံ့တဲငွေကြေးနဲ့ ခွဲစိတ်မှုပြုလုပ်တယ်၊ဗိုက်ထဲက ဦးခေါင်းခွံကို ခွဲထုတ်ပြီး ဦးခေါင်းခွံကို ပြန်ဆက်နိုင်သွားခဲ့ပါပြီ၊ အခုဆေးရုံ ဆင်းလာတာကိုရက်ပိုင်းပဲရှိပါသေးတယ်။ သူက ၂ နှစ်လုံးနီးပါး ဒီအတိုင်းပဲနေခဲ့ရတာပါ။

ဦးခေါင်းခွံကဗိုက်ထဲမှာထည့်တယ်ဆိုတာက ဆေးပညာအရပေါ့ ဗိုက်ထဲမှာ အလွှာလေးတွေရှိတယ်ပြောပါတယ်။ အဲ့ဒါကို ဘယ်အလွှာမှာလည်းတော့ မသိဘူး ထည့်ထားလိုက်တာပေါ့လေ။ သူ့ကို ပြန်လည်ခွဲစိတ်မှု ပြုလုပ်ပေးတာက အင်းစိန်ကွယ်ကဘောဆေးရုံက ခွဲစိတ်အထူးကုဆရာဝန်ကြီးအဖွဲ့ပါ။

အက်စီးဒန့် စဖြစ်တုန်းကတော့ မြောက်ဥက္ကလာ၊မေဓါဝီဆေးရုံမှာ ခွဲစိတ်ကုသပြီး ဦးခေါင်းခွံကို ဗိုက်ထဲထည့်ခဲ့တာဖြစ်ပါတယ်”လို့ ကိုစောမူးနေဆေး၏ ခွဲစိတ်ကုသမှုအောင်မြင်စေရန် လိုက်လံကူညီဆောင်ရွက်ပေးခဲ့သည့် ကိုလွှမ်းမိုးထွဋ်က ဆက်လက် ပြောပြခဲ့ပါတယ်။

အသက်က (၃၄)နှစ်ခန့်ရှိပြီဖြစ်တဲ့ ကိုစောမူးနေဆေး ဟာ လက်ရှိတွင် ရန်ကုန်မြို့၊ထန်းတပင်မြို့နယ်၊ကျွဲကူးအုပ်စုရှိ သဲကုန်းကြီးကွက်သစ်တွင် ၄င်း၏ အတူနေမိသားစုဝင်နှင့်အတူနေထိုင်ပြီး ဆက်လက် ဆေးဝါးကုသမှုခံယူလျက်ရှိတယ်လို့ သိရပါတယ်။ သူဟာာ ယခင်ကတော့ ဆိုင်ကယ်ပြုပြင်သည့်လုပ်ငန်းကို လုပ်ကိုင်ခဲ့တယ်လို့လည်း သိရပါတယ်။

ပုံစာ – ဦးခေါင်းခွံတစ်ခြမ်းနဲ့နေထိုင်ခဲ့ရသူ ကံအကောင်းဆုံးလူသား ကိုစောမူးနေဆေးအား တွေ့ရစဥ်

Leave a Reply

Your email address will not be published. Required fields are marked *