ဒေါကမီး ကျေးရွာဘက်က တို က်ပွဲအတွင်း စစ်ကောင်စီ တပ်ဖွဲ့ဝင်တွေနဲ့ လ က်န က်တွေကို….


ကယား(ကရင်နီပြည်နယ်) ဒီးမော့ဆိုမြို့နယ်၊ ဒေါကမီးကျေးရွာဘက်မှာ မနေ့ ဒီဇင်ဘာ ၃ရက်က စစ်ကောင်စီ နဲ့ ဒေသကာကွယ်ရေးတပ်တွေကြားတိုက်ပွဲတွေဖြစ်ပြီး စစ်ကောင်စီဘက်ကတပ်ကြပ်ကြီး အပါအဝင်

တပ်ဖွဲ့ဝင် ၄ဦးကိုလက်နက်တွေနဲ့ဖမ်းဆီးရမိတယ်လို့ ကရင်နီအမျိုးသားများကာကွယ်ရေးတပ် KNDF ဗဟိုသတင်းနှင့်ပြန်ကြား​ရေးဌာန ဒီကနေ့ ဒီဇင်ဘာ ၄ရက်မှာထုတ်ပြန်ပါတယ်။

မနေ့ကထိတွေ့တိုက်ပွဲအတွင်း စစ်ကောင်စီတပ်ဖွဲ့တွေဘက်ကို ဒီးမော့ဆိုအခြေစိုက်စစ်ကောင်စီတပ်တွေက လက်နက်ကြီးနဲ့ ပစ်ကူပေးခဲ့တာရှိသလို ညနေပိုင်းနဲ့ညပိုင်းမှာ တိုက်ပွဲဖြစ်တဲ့နေရာကို တိုက်လေယာဥ်နဲ့ ဗုံးကျဲတိုက်ခိုက်တာတွေရှိခဲ့တယ်လို့ဆိုပါတယ်။

ဖမ်းဆီးရမိတဲ့စစ်ကောင်စီတပ်ဖွဲ့ဝင်တွေနဲ့အတူ သေနတ်အချို့၊လက်နက်ကြီးအချို့၊ကွန်ပျူတာ ၊ဖုန်း၊ ခဲယမ်းပစ္စည်းတွေနဲ့စစ် အသုံးအဆောင် အချို့ကို သိမ်းဆည်းရမိခဲ့တယ်လို့

ဓာတ်ပုံမှတ်တမ်းနဲ့ထုတ်ပြန်ပါတယ်။ တိုက်ပွဲအတွင်းစစ်ကောင်စီဘက်ကသေဆုံးတာတွေရှိတယ်လို့လည်း ဆိုပါတယ်။

စစ်ကြောင်းထိုးလာတဲ့စစ်ကောင်စီတပ်ဟာ တပ်မ (၆၆) လက်အောက်ခံ ခမရ (၁၀၈) ဓနုဖြူ အခြေစိုက် တပ်ရင်းဖြစ်ပြီး ၂၀၂၁ ခုနှစ် ၊ ဒီဇင်ဘာလ ၂၄ ရက်က ဖရူဆိုမြို့နယ် ၊

မိုဆိုကျေးရွာအနီး အပြစ်မဲ့ပြည်သူ ၄၀ကျော် သတ်ဖြတ်ခံရတဲ့ဖြစ်စဥ်မှာပါဝင်တဲ့တပ်ရင်းလို့ KNDFက ဖော်ပြပါတယ်။

လက်ရှိမှာ ဒီးမော့ဆိုမြို့နယ် ၊ ကုန်းသာကျေးရွာ အရှေ့ဖက်၊သေးဆူလဲ၊ ဒေါကမီး ဘက်မှာ စစ်ကြောင်း ပြန်ထိုးလာတဲ့အခြေနေတွေရှိနေတာကြောင့် စစ်ရေးအခြေနေတင်းမာနေသလို တိုက်ပွဲတွေလည်း ဖြစ်ပွားနေတယ်လို့သိရပါတယ်။

ဒေသခံတွေအနေနဲ့ အဲဒီအနီးတဝိုက် ဖြတ်သန်းသွားလာတာ၊နေအိမ်ပြန်တာတွေမပြုလုပ်ကြသေးဖို့နဲ့ KNDF ကထုတ်ပြန်တဲ့ စစ်ရေးအခြေနေကိုဂရုပြုကြဖို့ အသိပေးထုတ်ပြန်ထားပါတယ်။

စစ်ကောင်စီဘက်ကတော့ ဒီးမော့ဆိုမြို့နယ်၊ ဒေါကမီးကျေးရွာဘက်က တိုက်ပွဲအခြေအနေနဲ့ ဖမ်းဆီးခံရတယ်ဆိုတာတွေနဲ့ပတ်သက်လို့ သတင်းထုတ်ပြန်တာမရှိသေးပါဘူး။

ဓာတ်ပုံ – KNDF

#ဘီဘီစီမြန်မာပိုင်း #ကရင်နီပြည်နယ် #ဒီမော့ဆို

Leave a Reply

Your email address will not be published. Required fields are marked *