‌ေ သဒဏ်စီရင်ခံရတဲ့ တက္ကသိုလ် ကျောင်းသား ၇ ဦး

ဒဂုံ တက္ကသိုလ် ကျောင်းသား ၇ ဦး အား ပြီးခဲ့သည့် ဧပြီလအတွင်း တောင်ဒဂုံ မြို့နယ် အတွင်း ရှိ စစ်တပ်နှင့် ဆက်နွယ်နေသော Global Treasure Bank မှ မန်နေဂျာ စစ်ဖက် အရာရှိ ဟောင်း စောမိုးဝင်း ဆိုသူအား ပစ်ခတ်သတ်ဖြတ်ခဲ့မှု တွင် ပါဝင်သည်ဟု ဆိုကာ ၇ ဦး စလုံးအား နိုဝင်ဘာ ၃၀ ရက်နေ့တွင် သေဒဏ်စီရင်ခဲ့ခြင်း ဖြစ်သည်။

ထိုသို့ သေဒဏ်စီရင်ခဲ့မှု အား ကုလ လူ့အခွင့်အရေး အဖွဲ့ အကြီးအကဲ ဗော်ကာ တပ်ခ် မှ ထိတ်လန့်တုန်လှုပ်မိကြောင်း ထုတ်ဖေါ်ပြောဆိုလိုက်သည်၊ မြန်မာ သည် ယခုအချိန်အထိ သေဒဏ် ချမှတ်ခဲ့သည်မှာ စုစုပေါင်း ၁၃၉ ဦး ထိရှိ သွားပြီ ဖြစ်သည်။ ထိုအထဲတွင် ၄၂ ဦးအား မျက်ကွယ်တွင် သေဒဏ်စီရင်ခဲ့ခြင်း ဖြစ်သည်ဟု သိရသည်။

လူတိုင်းသည် မျှတစွာ တရားစီရင်ခွင့်အား ခံယူနိုင်ခွင့်၊ လွတ်လပ်ပြီး ဘက်မလိုက် မှု ရှိရမည့် တရားခွင် ဟူသော အခြေခံ မူ ကို ဖေါက်ဖျက်ကာ လျို့ဝှက် တရားစီရင် နေမှု ကြောင့် သေဒဏ်ချမှတ်ထားသည့် ပြစ်ဒဏ်အားလုံးအား ရပ်ဆိုင်းပေးရန် တောင်းဆိုသည်ဟု ဆိုသည်။

စစ်ခုံရုံးသည် အထက်ပါ အချက်များအားလုံးကို ဆက်တိုက်ဆိုသလို ဖောက်ဖျက်နေသည်ဟု ဆိုသည်။ စစ်တပ်၏ လုပ်ရပ်များသည် အာဆီယံ အဖွဲ့ကြီး၏ ဘုံရပ်တည်ချက် ငါးရပ်နှင့် တချက်တလေမျှ ကိုက်ညီခြင်း မရှိဟု ဝေဖန် ရှုတ်ချခဲ့ပြန်သည်။

စစ်တပ်သည် သေဒဏ် ချမှတ်ခြင်းအား အတိုက်အခံ များကို နှိမ်နှင်းရန် လက်နက် ကိရိယာ အဖြစ် အသုံးချနေခြင်းသည် ၎င်းတို့ဖန်တီးခဲ့သော နိုင်ငံတွင်း လူ့အခွင့်အရေးများ ထိခိုက် ပျက်စီးသွားသည့် အရေး မှ ပြေလည်ရာ ပြေလည်ကြောင်း အဖြစ် အာဆီယံ နှင့် နိုင်ငံတကာ အသိုက်အဝန်းမှ ဆွေးနွေးမှု များ ဖြစ်ပေါ်နိုင်သည့် အခြေအနေများ ဖန်တီးပေးပါရန် ကြိုးပမ်းနေမှု အား စဉ်းစားစရာ မလိုဟု မထီမဲ့မြင် ပြုလိုက်ခြင်း သာ ဖြစ်သည်ဟု မှတ်ချက်ချခဲ့သည်။

ဒဂုံ တက္ကသိုလ် ကျောင်းသားများ သမဂ္ဂမှ ကျေညာချက် ထုတ်ပြန်ရာတွင် စစ်တပ်၏ လုပ်ရပ်အား လက်စားချေလိုမှု သက်သက် ဟု ဆိုကာ မြန်မာနိုင်ငံ တရားရုံးများအတွင်း စိတ်မချမ်းမြေဖွယ် ဖြစ်ပေါ်နေမှု နှင့် တရားစီရင်ရေး စနစ်တခု လုံး ပြိုလဲနေမှု အား မီးမောင်းထိုးပြနေခြင်း ဖြစ်သည်ဟု ဖေါ်ပြထားသည်။

ကုလ လူ့အခွင့်အ‌ရေး ကော်မရှင်ရုံးမှ အဆိုပါ ပြစ်ဒဏ်များကို ရှင်းလင်းချက် ရရှိရန် ကြိုးစားနေသည်ဟု သိရသည်။မင်းအောင်လှိုင်သည် ၎င်းအပေါ် လူထုမှ ကြောက်ရွံ့တုန်လှုပ်ကာ ဒူးညွတ်လာစေရန် Terror campaign အရှိန်မြှင့်လာနေသည့် လက္ခဏ ပင် ဖြစ်သည်ဟု ဂျပန်ထုတ် The Diplomat စာစောင်က ဆိုသည်။

ဧရာဝတီ သတင်း မှ လူထု အပေါ် ကြမ်းကြုပ်ရိုင်းစိုင်းစွာ ဆက်ဆံနေသော စစ်တပ်သည် လာမည့် ရက်သတ္တပတ်၊ လများ အတွင်း သေဒဏ် စီရင် ရန် ပြင်ဆင်နေပြီ ဖြစ်သည်ဟု ကမ္ဘာကြီးအား အယ်ဒီတာ အာဘော်မှ သတိပေးလာခဲ့သည်။

စစ်တပ်အား နောက်ထပ် ထိုးနှက်ချက်တရပ်အဖြစ် ဂျီနီဗာ အခြေစိုက် လူ့အခွင့်အရေး ကော်မရှင်၏ ပြည့်စုံ လုံလောက်သည့် အိုးအိမ် ထူထောင်‌ရေး အထူး ညှိနှိုင်းရေးမှုး ဘလားခရစ်ရှနန် ရာဂျာဂိုပါးလ်မှ မြန်မာ စစ်တပ်မှ တရားမဝင် နေထိုင်သူများဟု ဆိုကာ အိုးအိမ်များကို အတင်းအဓမ္မ ဖျက်ဆီးခဲ့ကြသဖြင့် လူပေါင်း ၅၀,၀၀၀ ခန့် အိုးအိမ်မဲ့ ဘဝ ရောက်သွားရသည်ဟု ကျေညာချက် ထုတ်ပြန်ခဲ့သည်။ ယင်းသည် လူ့အခွင့်အရေးအတွက် အဓိက ဖြည့်ဆည်းရမည့် တာဝန် ဝတ္တရားကို ချိုးဖောက်လိုက်ခြင်း ဖြစ်သည်ဟုလည်း ဖေါ်ပြထားခဲ့သည်။

မင်္ဂလာဒုံ မြို့နယ် အတွင်းရှိ ဆယ်စုနှစ်ပေါင်းများစွာ အခြေကျပြီး ဖြစ်နေသော လူ ပေါင်း ၄၀,၀၀၀ ခန့်အား တရားမဝင်ဟု ဆိုကာ မည်သည့်နေရာသို့မျှ ပြောင်း‌ရွှေ့နေရာချထားပေးခြင်း မရှိပဲ နှင်ထုတ်ခဲ့ကြခြင်း ဖြစ်သည်။ ယင်းသည် နိုင်ငံတဝှမ်း ထိုသို့ ပြုကျင့်နေမှုများထဲမှ အနီးစပ်ဆုံး ထုတ်နှုတ်ပြခဲ့ခြင်းဟု ဆိုသည်။

မရမ်းကုန်း မြို့နယ် (၃) ရပ်ကွက်တွင် စစ်ကောင်စီ နှင့် ၎င်းတို့၏ လက်ပါးစေများင ဓါးများ၊ တုတ်များ ကိုင်ဆောင်ကာ နာရီဝက်သာ ပစ္စည်းများ သိမ်းဆည်းရန် အချိန်ပေးပြီး ဝင်ရောက်ဖျက်ဆီးခဲ့ခြင်းဟု ကျေညာချက်တွင် ပါရှိသည်။

အာဏာသိမ်းပြီးချိန်မှစ၍ နိုင်ငံ အနှံ့ အိမ်အလုံးရေ ပေါင်း ၃၈,၀၀၀ အား မီးရှို့ဖျက်ဆီးခဲ့ကြ၍ လူပေါင်း ၁.၁ သန်း ခန့် အိုးအိမ်မဲ့ ဖြစ်ကြရသည်ဟုလည်း ဆိုသည်။

ကုလသို့ မကြာမီက တင်သွင်းသော ညှိနှိုင်းရေးမှုး၏ အစီရင်ခံစာတွင် ထိုလုပ်ရပ်အား အိုးအိမ်များအား စနစ်တကျ စီမံ ဖျက်ဆီးပစ်သည့် အတွက် ဒိုမီဆိုက် မြောက်၍ နိုင်ငံတကာ ဥပဒေအရ ရာဇဝတ်မှု မြောက်သည်ဟု သတ်မှတ်ပေးရန် တောင်းဆိုထားသည်။

စစ်တပ်သည် မြောက်ပိုင်း မဟာမိတ် အဖွဲ့ဝင် ဖြစ်သော် AA နှင့် စပါးရိပ် အပစ်အခတ် ရပ်စဲရေး ရရှိသွားသည်နှင့် တပြိုင်တည်း တရုတ်-မြန်မာ နယ်စပ်အနီး ချင်းရွှေဟော် အနီးတွင် အင်အား ၅၀၀ ခန့် စုံရုံးပြီး စစ်ကြောင်းသုံးကြောင်း ခွဲ၍ နမ့်ဖာ တောင် ရှိ ကိုးကန့် MNDAA စခန်း အား ဝင်ရောက်တိုက်ခိုက်ခဲ့သော်လည်း တပ်ရင်းမှုး တဦး၊ တပ်ခွဲမှုး နှစ်ဦး အပါအဝင် ၎င်းတို့ဖက်မှ ငါးဆယ်ခန့် အသေအပျောက် ရှိပြီး အလဲလဲ အပြိုပြို နှင့် ဆုတ်ခွာသွားခဲ့ရသည်ဟု ဧရာဝတီ မှ MNDAA သတင်း ပြန်ကြားရေး ဌာနအား ကိုးကား၍ ဖေါ်ပြထားသည်။

မြန်မာ စစ်တပ်သည် ငြိမ်းချမ်းရေး ဆိုသည်မှာ ခေါင်းထဲတွင် လုံးဝ ရှိသူများ မဟုတ်ပဲ တိုင်းရင်းသား လက်နက်ကိုင်များကို အသာစီးရမည်ထင်က အမြဲလို တိုက်ခိုက်နေလေ့ ရှိသူများ ဖြစ်သည်။

အနောက်နိုင်ငံများကတော့ မြန်မာနိုင်ငံ အတွင်း အခြေအနေများ ဆိုးဝါးနေသည်ကို သိရှိပြီး ဖြစ်သည်ကို ပြဆိုသည့် လုပ်ရပ်အဖြစ် ၎င်းတို့၏ နိုင်ငံသားများ ကိုတော့ ခရီးသွားလာခြင်း မပြုရန် အကြံပေးစာများ ထုတ်ပြန်ခဲ့ကြသည်။

အမေရိကန် နှင့် အနောက် အုပ်စုသည် ဒီမိုကရေစီ ရေး နှင့် လူ့အခွင့်အရေး ဆိုသည်များကို မည်မျှပင် ရှေ့တန်းတင် ပြောဆိုနေသော်ငြားလည်း ၎င်းတို့ ကုမ္ပဏီကြီးများ၏ အကျိုး နှင့် ယှဉ်လာလျှင် ဒုတိယ နေရာသို့ လျှောကျသွားလေ့ ရှိစမြဲ ဆိုသည်ကို မြန်မာ အရေးက နှစ်ဆယ့်တစ်ရာစု တွင် ထင်ရှားသော သက်သေတခု အဖြစ် ထွက်ပေါ်လာခဲ့ရသည်။

ထို့အတွက်လည်း လစ်ဘရယ် ဒီမိုကရေစီသည် ကမ္ဘာစင်မြင့်တွင် တဖြေးဖြေး နောက်ဆုတ်လာနေသည်မှာလည်း အဆန်းတကျယ် တော့ မဟုတ်ပေ။

ပြည်သူတော်လှန်ရေး အင်အားစုများသည် မြစ်ကိုဖြတ်ပြီး ဖောင်ကို ဖျက်ထားခဲ့ကြပြီ ဖြစ်၍ မြန်မာပြည်ကြီး တည်ငြိမ်အေးချမ်းဖို့ တခုတည်းသော နည်းလမ်းသည် တော်လှန်ရေး လမ်းကြောင်းပင် ဖြစ်သည်ဟု United State Peace of Institute တွင် ရေးသားသော ဦးရဲမျိုးဟိန်း မှ သူ၏ ဆောင်းပါးရှည်ကြီး တွင် အကျိုး အကြောင်းနှင့် တကွ ရှင်းလင်းတင်ပြထားသည်ကိုလည်း ဖတ်ရှုရသည်။

ပြည်သူတို့၏ ခုခံတွန်းလှန်စစ် မုချအောင်ရမည်!!!

Hla Soewai

Leave a Reply

Your email address will not be published. Required fields are marked *