ပတ်စ်ပို့ Online Booking စနစ်အား ဒီဇင်ဘာ ၅ ရက်မှ စ၍ ရပ်ဆိုင်းထားမည်ဟုဆို

ရန်ကုန်၊ ဒီဇင်ဘာ ၄

မြန်မာနိုင်ငံကူးလက်မှတ် (Passport )ပြုလုပ်ရာတွင် အသုံးပြုရသည့် Online Booking စနစ်အား ဒီဇင်ဘာ ၅ ရက်မှ စတင်ကာ ခေတ္တရပ်ဆိုင်းမည်ဖြစ်ကြောင်း မြန်မာနိုင်ငံကူးလက်မှတ် ထုတ်ပေးရေး အဖွဲ့မှ ယနေ့ ဒီဇင်ဘာ ၄ ရက်တွင်ထုတ်ပြန်ကြေညာခဲ့သည်။

လက်ရှိအသုံးပြုနေသည့် Online Booking စနစ်တွင် ပွဲစားများထံမှ တစ်ဆင့် ရက်ချိန်းဝင်ရောက်ခွင့် QR code များအား အဆမတန်ဈေးဖြင့် ဝယ်ယူရခြင်း၊ အခြားသူ၏ QR code အား လက်လွှဲအသုံးပြုခြင်းများ ပြုလုပ်နေကြ သည်ကိုတွေ့မြင်နေရသည်။

ထို့ကြောင့် လက်ရှိအသုံးပြုနေသည့် စနစ်ဟောင်းအစား နိုင်ငံကူးလက်မှတ် လျှောက်ထားလိုသူကိုယ်တိုင် ၂၄ နာရီပတ်လုံးပိတ်ရက်မရှိ ရယူနိုင်မည့် Online Booking စနစ်သစ်အားပြောင်းလဲ ရေးဆွဲနေ​ခြင်းကြောင့် စနစ်ဟောင်းအား ခေတ္တရပ်ဆိုင်းရခြင်းဖြစ်ကြောင်း သိရသည်။

“စနစ်သစ်ရေးနေလို့ ခဏနားတယ်ပြောတယ်၊ နားပေမယ့်လည်း ဘိုကင်ရထားပြီးသား သူတွေကတော့ လုပ်လို့ရတယ်လေ ၊ ကိုယ်တိုင်လျှောက်လို့ရမယ် ဆိုပိုလွယ်မှာပေါ့လေ ၊

အခုတောင်တစ်ပတ် ၅ ရက် ဘိုကင်တင်ရတာတောင် ဘိုကင်က ပြည့်တာများတယ်ပေါ့၊ နောက်ပြီး QR code ကလဲ ပွဲစားတွေလက်ထဲ ၃ သောင်း၊ ၅ သောင်း ပေါက်ဈေးရှိတယ်လေ” ဟု ပတ်စပို့ရုံးနှင့် နီးစပ်သူတစ်ဦးက ဆိုသည်။

Onilne Booking စနစ်ဖြင့် မြန်မာနိုင်ငံကူးလက်မှတ် ထုတ်ပေးရေးရုံးအတွင်းသို့ ဝင်ရမည့် QR Code ရရှိရန် ပွဲစားများမှ Booking တင်ပေးပြီး ၎င်း Booking ရရှိရန် အနည်းဆုံး ၂ ပတ်မှ ၄ ပတ်လောက်ကြာသည်အထိ စောင့်ဆိုင်းရကြောင်း သိရသည်။

” QR code ရမှ ရုံးထဲဝင်လို့ရမှာလေ ၊ အဲ့ဒါရဖို့ကို ကိုယ့်ဘာသာ ဘယ်လိုမှ တင်မရဘူးပွဲစားနဲ့ တင်ရင် လချီစောင့်နိုင်ရင်စောင့် အနည်းဆုံး တစ်လကျော်ပဲ အဲ့လိုစောင့်ရင် လုပ်ခ သုံးသောင်းတဲ့၊

မစောင့်နိုင်ဘူးမလား ချက်ချင်းလိုချင်တယ်မလား ငါးသောင်းနဲ့ တစ်သိန်းကြားကျမယ်တဲ့ ၊ ပြီးခဲ့တဲ့ တစ်ပတ်ကမှ စုံစမ်းထားတာ” ဟု ပတ်စ်ပို့ စာအုပ်လုပ်လိုသူ တစ်ဦးက ဆိုသည်။

မြန်မာနိုင်ငံကူးလက်မှတ် လျှောက်ထားခြင်းအား Online Booking ရယူရသည့် စနစ်အား မတ်လ ၂၁ ရက်မှ စတင်ကာ အသုံးပြုလာခဲ့ပြီး ထိုစနစ်ဟောင်းအား ပြင်ဆင်​နေကာ စနစ်သစ် အနေဖြင့် ပြန်လည်အသုံးပြုနိုင်မည့် ရက်အားထပ်မံကြေညာပေးသွားမည်ဖြစ်ကြောင်း ထုတ်ပြန်ချက်တွင် ပါရှိသည်။

ဂျူဂျူး
ဓာတ်ပုံ-SOM
#ယနေ့ခေတ်

Leave a Reply

Your email address will not be published. Required fields are marked *