ဒီပဲယင်း အရှေ့ခြမ်းကျေးရွာများ၌ ဒေသခံ ထောင်ချီ နေရပ်စွန့်ခွာ ထွက်ပြေးနေပြီး အရေး..

ဒီပဲယင်း၊ ဒီဇင်ဘာ ၆

ဒီဇင်ဘာ ၂ ရက်ကစပြီး နစကတပ်များ စစ်ကြောင်းထိုး ဝင်ရောက်နေသည့် စစ်ကိုင်းတိုင်း၊ ဒီပဲယင်းမြို့နယ် အရှေ့ခြမ်းရှိ ကျေးရွာအများအပြားမှ ဒေသခံ ထောင်ချီ နေရပ်စွန့်ခွာ ထွက်ပြေးနေရပြီး အဆိုပါ ဒေသခံများအတွက် အရေးပေါ် အကူအညီများလည်း လိုအပ်နေသည်ဟု ဒေသတွင်း စစ်ရှောင်ကူညီသူများက ဆိုသည်။

ပြီးခဲ့သည့် ဒီဇင်ဘာ ၂ ရက်ကစပြီး ဒီပဲယင်း အရှေ့ခြမ်းရှိ ညောင်လှကျေးရွာ ၊ ဝဲ ကြီးကျေးရွာ၊ ကုန်းကြီးကျေးရွာ၊ နများ ကျေးရွာ၊ ယဥ်ကျေး ကျေးရွာ၊ မူးရိုးကုန်းကျေးရွာ၊ မရကန်ကျေးရွာ၊ အင်ပင်ကျေးရွာ၊ ကုန်းတဲကျေးရွာ များနှင့် အနီးတစ်ဝိုက် ကျေးရွာများ၊ ဒီပဲယင်းနှင့် ရွှေဘိုနယ် အစပ်မှ ကျေးရွာများသို့ နစကတပ်များနှင့် ပြည်သူ့စစ် အဖွဲ့များ စစ်ကြောင်းထိုး ဝင်ရောက်လာခဲ့ကြောင်း သိရသည်။

ထိုသို့ ဝင်ရောက်လာပြီးနောက် မူးရိုးကုန်းကျေးရွာ၊ ညောင်လှကျေးရွာ၊ နများကျေးရွာ၊ ယဥ်ကျေးကျေးရွာတို့ အပါအဝင် ကျေးရွာအများအပြား၌ မီးရှို့ခံရမှုများကြောင့် ဘုန်းတော်ကြီးကျောင်း နှစ်ကျောင်းနှင့် ဒေသခံတို့၏ အိမ်ခြေ ရာနှင့်ချီ မီးလောင်ပျက်ဆီးခဲ့ကြောင်းဒေသတွင်း သတင်းကွန်ယက်များထံမှ သိရသည်။

အခြေအနေများ ဆိုးဆိုးရွားရွား ဖြစ်နေရာ ဒီပဲယင်း အရှေ့ခြမ်း ကျေးရွာများမှ ထောင်နှင့်ချီသည့် ဒေသခံများမှ ၄င်းတို့ ကျေးရွာများကို စွန့်ခွာ ထွက်ပြေးခဲ့ရတော့သည်။

အဆိုပါ ဒေသခံ စစ်ဘေးရှောင်များထဲတွင် သက်ကြီးရွယ်အိုများ၊ ကလေးငယ် အများအပြားလည်း ပါဝင်နေပြီး ၄င်းတို့မှာ ဘေးလွတ်ကင်းရာ ဘုရားများ၊ ကျောင်းများ၊ ဇရပ်များ၌ ဖြစ်သလို ခိုနား နေထိုင်နေရသည်ဟု သိရသည်။

“အဆိုပါကျေးရွာများမှ စစ်ဘေးရှောင်များအနေဖြင့် ဘေးလွတ်ရာ ဘုရား ကျောင်း ဇရပ်များတွင် မှီခိုနေထိုင်နေရသဖြင့် အနေအထိုင် အစားအသောက်အခက်များစွာ ကြုံတွေ့နေကြရပါသည်။” ဟု ဒီပဲယင်းမြို့နယ် စစ်ရှောင် ထောက်ပံရေးက ဆိုထားသည်။

များစွာသော စစ်ရှောင်များသည် ဇရပ်ဟု ယူဆရသည့် နေရာများ၌ ဖျာကြမ်းများ ခင်း၍ လည်းကောင်း၊ မြေပြင်၌ ပါလာသည့် အခင်းလေးများ ခင်း၍ တစ်ဖုံ၊ အမိုးအကာ မလုံမလောက်ဖြင့် နေထိုင်နေရသည်ကို တွေ့ရသည်။

မြေပြင်၌ မြက်ဖျာလေးများခင်း၍ နေထိုင်နေရသည့် ကလေးငယ်များစွာကိုလည်း မြင်တွေ့ရသည်။

အဆိုပါ စစ်ဘေးရှောင်များမှာ လတ်တလောတွင် စားနပ်ရိက္ခာ အရေးပေါ် လိုအပ်နေကြောင်း သိရသည်။

စစ်ရှောင်ကူညီသူများက ရရာနည်းဖြင့် ကူညီမှုများ ပြုလုပ်နေသော်လည်း စစ်ရှောင် အရေအတွက် များပြား လွန်းသဖြင့် အကူအညီများ ဆက်တိုက် တောင်းခံလျက် ရှိနေသည်ကိုလည်း တွေ့ရသည်။

“ဒီပဲယင်းမြို့နယ် စစ်ရှောင်ထောက်ပံ့ရေးအဖွဲ့အနေဖြင့် စစ်ဘေးရှောင်များအတွက် အရေးပေါ်စားနပ်ရိက္ခာများ ကူညီထောက်ပံ့လျက်ရှိပြီး ဆက်လက်ကူညီနိုင်ရန် လုပ်ဆောင်နေပါသည်။

အလှူရှင်များအနေဖြင့်လည်း စစ်ဘေးရှောင်များအတွက် အတတ်နိုင်ဆုံး ပါဝင်ကူညီပေးကြပါရန် အနူးအညွတ် မေတ္တာရပ်ခံအပ်ပါသည်” ဟု ဒီပဲယင်းမြို့နယ် စစ်ရှောင် ထောက်ပံရေးက ဆိုထားသည်။

၄င်းတို့အဖွဲ့သည် ပြီးခဲ့သည့် ရက်များက ယာယီစစ်ရှောင်စခန်း လေးခုမှ စစ်ဘေးရှောင် နှစ်ထောင်နီးပါးအတွက် လိုအပ်နေသည့် စားနပ်ရိက္ခာ အချို့ကို သွားရောက်ကူညီပေးခဲ့သည်ဟု သိရသည်။

စစ်ရှောင်များအတွက် အဆိုပါ အခြေအနေများကို ပြီးခဲ့သည့် ငါးရက်ကပင် စတင်ကြုံခဲ့ရခြင်း ဖြစ်ပြီး ထောင်နှင့်ချီသည့် စစ်ဘေးရှောင်များမှာ အချိန်နှင့်အမျှ အကူအညီများ ပိုလိုအပ်လျက် ရှိနေကြောင်းလည်း သိရသည်။

သောင်းရီ

Photo- ဒီပဲယင်းမြို့နယ် စစ်ရှောင် ထောက်ပံရေး

ပုံစာ- ဒီပဲယင်းအရှေ့ခြမ်းကျေးရွာများမှ စစ်ဘေးရှောင်များနှင့် စစ်ရှောင်များအတွက် ရိက္ခာလာပို့သူ အချို့

Credit

Leave a Reply

Your email address will not be published. Required fields are marked *