နေ့အပူချိန်မြင့် တက်လာသည်နှင့်အမျှ မိုးကြိုးပစ်၊လေပြင်းတိုက်စေသည့် မိုးတိမ်တောင်…

ရန်ကုန်၊ ဒီဇင်ဘာ ၉

ဆောင်းတွင်း၌ နေ့အပူချိန်မြင့်တက်လာသည်နှင့်အမျှ မိုးကြိုးပစ်၊ လေပြင်းတိုက်စေသည့် မိုးတိမ်တောင်များ ယခု ကာလများတွင် ပိုမိုဖြစ်ပွားမှု အားကောင်းလာနိုင်ကြောင်း မိုးလေဝသ နှင့် ဇလဗေဒ ပညာရှင်များက ဆိုကြသည်။

ပြီးခဲ့သည့် နိုဝင်ဘာလ ၃၀ ရက် ညပိုင်းကပင် မိုးတိမ်တောင် ဖြစ်စဉ်ကြောင့် ရန်ကုန်တိုင်းဒေသကြီးတွင် လေပြင်းတိုက်ခတ်ခြင်း နှင့်

မိုးရွာသွန်းခြင်းများ ဖြစ်ပွားခဲ့ကာ အလားတူ ဖြစ်စဉ်မျိုး ရန်ကုန်တိုင်းဒေသကြီးတွင်ပင် ဒီဇင်ဘာလ ၇ ရက်က ထပ်မံဖြစ်ပွားခဲ့ကာ မိုးတိမ်တောင် ဖြစ်စဉ်သည် လေပြင်းတိုက်ခြင်း၊

မိုးကြိုးပစ်ခြင်း၊ လျှပ်စီးလက်ခြင်းကို ဖြစ်ပေါ်စေသည်ဟု မိုးလေဝသပညာရှင် ဦးလှထွန်းမှ ဆိုသည်။

“ဆောင်းတွင်းမှာ မအေးပဲနဲ့ ပူတယ်။ တိမ်ဖြစ်ထွန်းမှု အားကောင်းတယ်။ ဒီတိမ်တိုက်တွေက မိုးတိမ်တောင်လို့ ခေါ်ရမှာပေါ့။ မိုးတိမ်တောင်တွေက နွေရာသီ၊ မိုးကြိုရာသီတို့ မိုးနှောင်းရာသီတို့မှာ ဖြစ်တာ။

ဆောင်းမစစ်ဘူး ဆိုတာက အခုက မိုးလွန်ရာသီထဲ သွားရောက်နေတဲ့ သဘောရှိတယ်။ ဒါကြောင့် အဲ့ဒီလို ဖြစ်တာပေါ့” ဟု ၎င်းက ဆက်လက်ပြောကြားခဲ့သည်။

ကမ္ဘာကြီး ပူနွေးလာသည့် အတွက် အပူချိန်များ မြင့်တက်နေကာ ပင်လယ်ရေ မျက်နှာပြင် အပူချိန်လည်း မြင့်တက်လာသည့် အတွက် ရေငွေ့ပြန်ကာ

အထက်တွင် စုပြီး တိမ်ဖြစ်ခြင်းမျိုး ဖြစ်ကြောင်း နှင့် ကမ္ဘာကြီး ပူနွေးလာသည့် အတွက် ပုံမှန်မဟုတ်သော မိုးလေဝသ ဖြစ်စဉ် ဖြစ်ပွားသည်ဟု သိရသည်။

“ရာသီဥတု က မအေးပဲ ပူနေရင်တော့ ဖြစ်ဖို့ များတာပေါ့။ အပူချိန်များမှလည်း ဖြစ်တာကိုး။ ရာသီဥတု ပူရင် ဘာမှမဖြစ်ဘူး။ ပူတယ် အိုက်တယ် ဆိုတာကလည်း လေထုထဲမှာ

ရေခိုး ရေငွေ့ ပါတဲ့ လေနွေးတွေပေါ့ ရှိနေတဲ့ အခါကျတော့ ဆောင်းတွင်း မစစ်ဘူးလို့ ပြောကြတာပေါ့” ဟု မိုးလေဝသ ပညာရှင် ဦးလှထွန်းက ဆက်လက်ပြောပြခဲ့သည်။

မိုးတိမ်တောင်ဖြစ်စဉ်များသည် အချိန်တိုအတွင်း ဖြစ်ပေါ်လေ့ ရှိပြီး ကမ္ဘာကြီး ပူနွေးလာမှုကြောင့် အစွန်းရောက် မိုးလေဝသ ဖြစ်စဉ်များနှင့် ပုံမှန်မဟုတ်သည့် ရာသီဥတု ဖြစ်စဉ်များ ယခုကာလတွင် ပိုများလာနိုင်ကြောင်း သိရသည်။

ထက်ဦးမောင်
ဓာတ်ပုံ- The Weather Channel
#ယနေ့ခေတ်

Leave a Reply

Your email address will not be published. Required fields are marked *