အမျိုးသမီးငါးဦးထက် မနည်း ပါဝင်ကာ အုပ်စုဖွဲ့ရန်ဖြစ်ရာမှ ဆယ်ဦးခန့်ဒဏ်ရာ…

ရန်ကုန်၊ ဒီဇင်ဘာ ၁၂
ရန်ကုန်တိုင်း၊ မင်္ဂလာတောင်ညွန့်မြို့နယ်၌ အုပ်စုဖွဲ့ရန်ဖြစ်ကြရာမှ ဆယ်ဦးခန့်ဒဏ်ရာရရှိမှု ဖြစ်ပွားခဲ့ကြောင်း သိရသည်။
ဒီဇင်ဘာ ၁၁ ရက် ညပိုင်းက မင်္ဂလာတောင်ညွန့်မြို့နယ်၊ ၁၀၄ လမ်းထိပ်၌ အဆိုပါ ရပ်ကွက်အနီး နေထိုင်သူများနှင့် အခြားသူများ အုပ်စုလိုက် ခိုက်ရန် ဖြစ်ပွားခဲ့ကြောင်း သိရသည်။
ရန်ဖြစ်ရာမှ ဓား၊ ကုန်းသီးများဖြင့်ပါ တိုက်ခိုက်ကာ ဆက်လက်ရန်ဖြစ်ကြပြီးနောက် အဆိုပါ ရပ်ကွက်အနီးနေထိုင်သူ ဆယ်ဦးခန့် ဓားဒဏ်ရာများ အပါအဝင် ထိခိုက်ဒဏ်ရာများ ရရှိခဲ့ကြောင်း သိရသည်။
” မီးရထားရပ်ကွက်ကလူတွေနဲ့ အပြင်အဖွဲ့တွေဖြစ်တာ။ ဓားတွေရော၊ ကုန်းသီးနဲ့ပစ်တာတွေရော အစုံဘဲ။ ဒဏ်ရာရသူက ဆယ်ဦးဝန်းကျင်လောက်ရှိတယ်”ဟု
ကူညီပေးခဲ့သော မင်္ဂလာတောင်ညွန့်လူငယ် လူမှုကူညီရေးအသင်းမှ အသင်းသားတစ်ဦးက ပြောသည်။
ဒဏ်ရာရရှိသူများ၌ အမျိုးသမီးငါးဦးထက် မနည်း ပါဝင်ကာ မျက်လုံး၊ လည်ပင်း၊ နှဖူးနှင့် လက်တို့၌ ဒဏ်ရာများ ရရှိခဲ့ကြောင်း သိရသည်။ ၎င်းတို့မှာ ရန်ကုန်ဆေးရုံကြီး၌ ဆေးကုသမှု ခံယူနေကြောင်း သိရသည်။
မောင်ဇော်
ဓာတ်ပုံ-လင်းလက်လူမှုကူညီရေးအသင်း
#ယနေ့ခေတ်