စတိုးဆိုင်တစ်ဆိုင်ကို ကျွဲစိမ်းမဲအတုတွေနဲ့ လာလိမ်သွား

မကွေး၊ ဒီဇင်ဘာ – ၁၂
မကွေးတိုင်း၊ မကွေးမြို့က စတိုးဆိုင်တစ်ဆိုင်အတွင်း ကျွဲစိမ်းမဲအတုတွေနဲ့ အချိုရည်ဘူးတွေ လာလဲသွားပြီး မသင်္ကာလို့ စစ်ဆေးကြည့်တဲ့အချိန်မှ
အလိမ်ခံလိုက်ရမှန်း သိလိုက်တယ်လို့ မကွေးမြို့က အလိမ်ခံလိုက်ရတဲ့ စတိုးဆိုင်ပိုင်ရှင်က အသိပေးထားပါတယ်။
“လူလိမ်တွေက တစ်နေ့တစ်မျိုးမရိုးရဘူး။ကျွဲစိမ်းမဲအတုတွေ လာလဲတာဗျာ” ဆိုပြီး ဆိုင်ပိုင်ရှင်က လူမှုကွန်ရက်ကတစ်ဆင့် ရုပ်သံဖိုင်နဲ့အတူ မဲအတု၊
အစစ် ခွဲခြားပြထားတာ တွေ့ရပါတယ်။ကျွဲစိမ်းမဲအတုတွေနဲ့ အသက် ၁၅ ဝန်းကျင် ကလေးတွေ လာလိမ်သွားတာဖြစ်တယ်လို့ သိရပါတယ်။
“ကလေးတွေက ဘယ်လိုလာလိမ်လဲဆိုတော့ ကျွဲစိမ်းအစစ်မှာက မဲနောက်ဘက်မှာ ကျွဲစိမ်းလိုဂိုပါတယ်။အတုမှာက မပါဘူး။အတုကို ရုတ်တရက်ကြည့်လိုက်တယ်ဆိုရင် မသိသာဘူး။
ဖောက်ချိတ်နဲ့ အသာလေးညှပ်ထားတယ်။ဘယ်လိုလုပ်ထားလဲဆိုတော့ ကျွဲစိမ်းဖရီးဘူးဆိုရင် ဘူးကိုဖြတ်လိုက်လို့ အခွံရဲ့ အောက်ခံဘက်မှာ ပတ်ပတ်လည် ဖရီးလို့ရေးထားတယ်။ Thank you ဆိုရင်လည်း အကုန်ပတ်ပတ်လည် Thank you ပဲ။
အဲဒါကို မဲပေါက်တဲ့ အခွံအတိုင်း ညှပ်ပြီး တခြားအဟောင်းက ဖောက်ချိတ်နဲ့ ပြန်ညှပ်ပြီး လာလဲတာ။ အဲဒီ သူ့တို့ရဲ့ဉာဏ်ပြေးပုံကို တခြားနေရာမှာသုံးလိုက်ရင် ကလေးတွေ တော်တော်အောင်မြင်မှာပဲ” လို့ ဆိုင်ပိုင်ရှင်က ဆိုပါတယ်။
အခုလို ကျွဲစိမ်းမဲအတုတွေ တွေ့ရှိပြီးနောက် ဆိုင်မှာရှိသမျှ မဲခွံတွေကိုလည်း ပြန်စစ်ဆေးနေရပြီး တခြားဆိုင်တွေလည်း သတိထားရအောင် အခုလိုအသိပေးရတာဖြစ်တယ်လို့ ပြောထားပါတယ်။
ဓာတ်ပုံ – ကျွဲစိမ်းမဲအတုခွဲပြတဲ့ ရုပ်သံဖိုင်မှ
Opinion Leadres