မန္တလေးတစ်မြို့လုံးကို လှုပ်နှိုးသွားသည့် ငလျှင်လှုပ်ခတ်မှု ရုပ်သံ

ညအချိန်မတော် ထွက်ပေါ်လာသည့် အသံကျယ်ကြီးနှင့် ရုတ်တရက် လှုပ်ခါသွားသည့် အခြေအနေကြောင့် အိပ်ရာမှ လန့်နှိုးသွားခဲ့ရသည်ဟု

အသက် ၂၀ ကျော်အရွယ် မန္တလေးမြို့ခံအမျိုးသမီးတစ်ဦးကပြောသည်။

မန္တလေးတိုင်းဒေသကြီး၊ တံတားဦးမြို့နယ်ကိုဗဟိုပြု၍ ယမန်နေ့ည ( ယနေ့ ဒီဇင်ဘာ ၁၅ရက်၊ နံနက် အစောပိုင်း ၃နာရီ၊ ၁၆ မိနစ်ခန့်တွင် လှုပ်ခတ်သွားသည့် ငလျင်ဒဏ်ကို မန္တလေးမြို့ခံအများစု ခံစားသိရှိခဲ့ရသည်။

” အခုမနက်ပိုင်းအထိ ရင်တွေတုန်နေတုန်းပဲ”ဟု ငလျင်လှုပ်ခတ်မှုကြောင့် လန့်နိုးခဲ့ရာကနေ မနက်မိုးလင်းချိန်ထိ စိတ်ထဲစွဲကျန်နေသည့်ခံစားချက်ကို မန္တလေးမြို့ခံအမျိုးသမီးတစ်ဦးကပြောသည်။

အဆိုပါငလျင်လှုပ်ခတ်မှုနှင့်ပတ်သက်၍ မန္တလေးမြေငလျင်စခန်းမှတောင်-အနောက်တောင်ဘက် (၁၅)မိုင် ခန့်အကွာ၊ မြန်မာနိုင်ငံ ပြည်တွင်း (တံတားဦးမြို့၏ အရှေ့ဘက် (၄)မိုင်ခန့်အကွာ)၊ မြောက်လတ္တီတွဒ် (၂၁.၈၁) ဒီဂရီ၊

အရှေ့ လောင်ဂျီတွဒ် (၉၆.၀၃) ဒီဂရီ၊ အနက် (၆၃)ကီလိုမီတာကို ဗဟိုပြု၍ အင်အားရစ်(ခ်)တာစကေး (၅.၂) အဆင့်ရှိ အင်အားအသင့်အတင့်ရှိသော မြေငလျင်တစ်ခု လှုပ်ရှားသွားကြောင်း တိုင်းထွာရရှိပါသည်ဟု

မိုးလေဝသ နှင့် ဇလဗေဒ ညွှန်ကြားမှု ဦးစီးဌာနက သတင်းထုတ်ပြန်သည်။

ငလျှင်လှုပ်ခတ်မှုကြောင့် မန္တလေးမြို့ရှိ ဘုရားနှင့် ဘုန်းကြီးကျောင်းတချို့ ထိခိုက်ပျက်ဆီးမှုရှိခဲ့သည်ဟုသိရသည်။

အမရပူရမြို့ တောင်လေးလုံးကျောင်းတိုက် သာသနာနယ်မြေအတွင်းရှိ သူဌေးဘုရားစေတီ သတ္တဌာနဘုရားများ သမ္ဗုဒ္ဓေစေတီတော်များတို့သည်

မနေ့ညက လှုပ်ခတ်ခဲ့သော ငလျှင် ကြောင့် စိန်ဖူတော်များမြေခခြင်း အက်ကြောင်းနှင့် ပြတ်စီးမှု့များ ရှိခဲ့ပါသည်ဟု ကျောင်းတိုက် တွင်းရှိ သံဃာတစ်ပါးကဖော်ပြထားသည်။

ထို့ပြင်မန္တလေးမြို့၊ဒက္ခိဏာဝန်ကျောင်းတိုက်၊သိမ်ကျောင်းအတွင်း၌ ပူဇော်ထားသော ရှေ့ဟောင်းဗုဒ္ဓရုပ်ပွားတော်၏ ဦးခေါင်းတော်သည် မြေခခဲ့ရသည်ဟု သိရသည်။

” တော်တော်ကြမ်းတာဗျ ခါရမ်းနေတာပဲ အသံအကျယ်ကြီးနဲ့ “ဟု အသက် ၃၀ ဝန်းကျင်ရှိမန္တလေးမြို့ခံအမျိုးသားတစ်ဦးက ငလျင်လှုပ်ခတ်မှုခံစားသိရှိရသည်ကို ပြောသည်။

အချိန်အနည်းငယ်အကြာမျှသာ လှုပ်ခတ်သွားသည့် ငလျင်ကြောင့် ပျက်ဆီးမှုကြီးကြီးမားမားမကြားရသေးဘဲ

အနည်းအကျဉ်း ထိခိုက်ပျက် စီးမှုများကိုသာ တွေ့ရှိရသည်ဟု မန္တလေးမြို့ကူညီကယ်ဆယ် ရေးအဖွဲ့ဝင်တစ်ဦးက နံနက် ၈နာရီခန့်တွင် သံလွင်ခက်ကိုပြောသည်။

ယနေ့နံနက်အစောပိုင်း၌ လှုပ်ခတ်သွားသည့် ငလျင်လှုပ်ခတ်မှုကို မန္တလေးမြို့ခံများအပြင် အခြားအနီးနားမြို့များရှိ ပြည်သူများပါ ခံစားသိရှိခဲ့ကြရသည်ဟု လူမှုစာမျက်နှာများပေါ်တွင် ဖော်ပြထားချက် အရ သိရှိရသည်။

Leave a Reply

Your email address will not be published. Required fields are marked *