မန္တလေး ငလျင်လှုပ်ခတ်မှု အင်း၀ ရှေးဟောင်းစေတီ ပုထိုးများ ထိခိုက်ပျက်စီးမှုရှိ

ဧရာဝတီ၊ ဒီဇင်ဘာ ၁၅၊ ၂၀၂၂
မန္တလေးမြေငလျင်စခန်းမှ တောင်-အနောက်တောင်ဘက် ၁၅ မိုင်ခန့်အကွာ တံတားဦးမြို့အရှေ့ဘက်ကို ဗဟိုပြုပြီး ယနေ့ (ဒီဇင်ဘာ ၁၅ ရက်) နံနက် ၃ နာရီကျော်က လှုပ်ခတ်ခဲ့သည့် ငလျင်ဒဏ်ကြောင့်
တံတားဦးမြို့နယ်၊ အင်း၀ ရှေးဟောင်းနယ်မြေမှ စေတီပုထိုးများ ထိခိုက်ပျက်စီးမှုအချို့ ရှိခဲ့ကြောင်း ဒေသခံများထံမှ သိရသည်။
အင်းဝ ဒေသခံတဦးက “အင်းဝထဲမှာ အပျက်အစီးကတော့ အရမ်းအများကြီး မရှိပါဘူး။ ထီးပြုတ်ကျတာ၊ ဖောင်းရစ်အက်တာ၊ စေတီလုံးပတ် အက်တာမျိုးတွေပဲ ရှိတာပါ။
အရေအတွက် အများကြီးဖြစ်တာ မရှိဘူး။ မြို့ထဲပိုင်းမှာလည်း ထိခိုက်ပျက်စီးမှု မရှိဘူး။ ပင်းယဘက်မှာလည်း မရှိဘူး။ မယ်နုအုတ်ကျောင်းကြီးကလည်း နည်းနည်းအက်ကြောင်းပေါ်တာလောက်ပဲ ရှိတယ်။
စိုးရိမ်ရတာမျိုးတော့ မဟုတ်ပါဘူး။ တခြားစေတီငယ်လေးတွေလည်း အနည်းငယ် ပျက်စီးတာလေးတွေ ရှိတယ်” ဟု ပြောသည်။
မန္တလေးမြေငလျင်စခန်းမှ တောင်-အနောက်တောင်ဘက် ၁၅ မိုင်ခန့်အကွာ တံတားဦးမြို့အရှေ့ဘက် ၄ မိုင်ခန့်အကွာကို ဗဟိုပြု၍ အင်အားရစ်(ခ်)တာစကေး ၅ ဒသမ ၂ အဆင့် အင်အား အသင့်အတင့်ရှိသော မြေငလျင်တခု ဒီဇင်ဘာ ၁၅ ရက်၊
မြန်မာစံတော်ချိန် နံနက် ၃ နာရီ ၃၅ မိနစ် ၃၅ စက္ကန့်တွင် လှုပ်ခတ်သွားကြောင်း စစ်ကောင်စီ၏ မိုးလေဝသနှင့် ဇလဗေဒညွှန်ကြားမှုဦးစီးဌာနက ထုတ်ပြန်ထးသည်။
အဆိုပါ ငလျင်လှုပ်ခတ်မှုကြောင့် မန္တလေး၊ စစ်ကိုင်း၊ တံတားဦး၊ စဉ့်ကိုင်ဒေသများတွင် သိသိသာသာ ခံစားခဲ့ကြရပြီး နေအိမ်အချို့ ပျက်စီးမှု ရှိခဲ့ကြောင်း၊
စစ်ကိုင်း မင်းကွန်းဒေသရှိ ခြင်္သေ့ကြီး၏ လက်မောင်းရင်း ယခင် အက်ကြောင်းနေရာမှ တခြမ်းပဲ့ကျခဲ့ကြောင်း သိရသည်။
ထို့ပြင် မန္တလေးမြို့၊ ပြည်ကြီးတံခွန်မြို့နယ်မှ မဏိရတနာကျောင်းဝန်းအတွင်းရှိ ပတ္တမြားစေတီ စိန်ဖူးတော်မြေခခဲ့သလို မဏိရတနာကျောင်းတော်ကြီး မျက်နှာကျက်များ ပြိုကျကြောင်း၊
ဒက္ခိဏာဝန်ကျောင်းတိုက် သိမ်ကျောင်းအတွင်းမှ ဗုဒ္ဓဆင်းတုတော်တဆူ ဦးခေါင်းတော် မြေခခဲ့သလို အမရပူရမြို့နယ်အတွင်းရှိ ဘုရား၊ စေတီ၊ ပုထိုးများလည်း အနည်းငယ် ပျက်စီးမှုများ ရှိခဲ့ကြောင်း သိရသည်။
ဓာတ်ပုံ – CJ
#WhatsHappeningInMyanmar
#RejectMilitaryCoup