ဈေးရောင်းရန် တစ်ဦးတည်းမောင်းနှင်လာသည့်ယာဥ် ရေမြောင်းထဲထိုးကျ၍ သေဆုံး

ရန်ကုန်၊ ဒီဇင်ဘာ ၁၆
ကရင်ပြည်နယ်၊ ဘားအံမြို့နယ်ရှိ ဘားအံစျေးတွင် ဈေးရောင်းရန် အမျိုးသားတစ်ဦး ကားမောင်းလာစဥ် လမ်းဘေးရေမြောင်းထဲသို့ ထိုးကျသွားပြီးမောင်းနှင်လာသည့် အမျိုးသားမှာ သေဆုံးသွားကြောင်းသိရသည်။
ယနေ့ ဒီဇင်ဘာ ၁၆ ရက်၊ နံနက်အစောပိုင်းက ဘားအံမြို့နယ်၊ ကော့မူယာကျေးရွာ၊ ဘားအံ-မော်လမြိုင်အဖြောင့်လမ်း၊ ထုံးအိုင်လမ်းခွဲအကျော်ရှိ လမ်းဘေးရေမြောင်းထဲသို့ ယာဥ်တစ်စီး ထိုးဆင်းသွားခဲ့ကြောင်းသိရသည်။
”သူက ဘားအံစျေးထဲမှာကြက်သားရောင်းတာ၊ဈေး လာရင်းနဲ့ဘယ်ကဘယ်လိုကျသွားလဲတော့မသိဘူးပေါ့၊ သေသွားပါတယ်၊ ကားထဲမှာပဲ၊
ကားပေါ်မှာ သူတစ်ယောက်တည်းပါတာပါ”ဟု မာဃလူမှုကူညီရေးအသင်းမှ တာဝန်ရှိသူတစ်ဦးက ယနေ့ခေတ်သို့ ပြောသည်။
ရေမြောင်းအတွင်း ထိုးကျခဲ့သည့်ယာဥ်မှာ Honda fit ယာဥ်အမျိုးအစားဖြစ်ပြီး ထိုဖြစ်စဥ်ကြောင့် သေဆုံးခဲ့သည့် အမျိုးသားအား ဘားအံပြည်သူ့ဆေးရုံကြီးသို့ပို့ဆောင်ထားကြောင်း သိရသည်။
ထက်ပိုင်
ဓာတ်ပုံ-မာဃလူမှုကူညီရေးအသင်း
#ယနေ့ခေတ်