ရွှေဝယ်ယူသူထက် ရောင်းချသူ များပြားနေတဲ့ အံဩလောက်တဲ့ ယနေ့ရွှေဈေး

ရန်ကုန်၊ ဒီဇင်ဘာ ၁၇

ပြည်တွင်းရွှေစျေးကွက်၌ ရွှေတစ်ကျပ်သားလျှင် ၂၆ သိန်းကျော် စျေးရှိနေကာ ရွှေဝယ်ယူသူထက်ရောင်းချသူ များပြားနေကြောင်း သိရသည်။

ဒီဇင်ဘာ ၁၆ ရက် ညနေပိုင်း၌ ပြည်တွင်းစျေးကွက်တွင် ရွှေတစ်ကျပ်သား ၂,၆၈၁,၀၀၀ ကျပ် ရှိခဲ့ကြောင်း သိရသည်။

ပြီးခဲ့သည့်လအတွင်းမှ ယခုရက်ပိုင်းအထိ ပြည်တွင်းရွှေစျေးမှာ တစ်ကျပ်သားလျှင် ၂၆ သိန်းကျော်ဖြင့် စျေးကွက်တည်ငြိမ်ခဲ့သည်။

” ရွှေစျေးက အတက်အကျငြိမ်နေပေမဲ့ ရွှေဆိုင်တွေမှာက ဝယ်သူထက် လာရောင်းတာက ပိုများတယ်။ ဒီစျေးထက် တက်ဖို့မစောင့်နိုင်တဲ့ လူတွေက ရောင်းကြတာ။

အခု ဝယ်မဲ့သူကျတော့ ဒီစျေးနဲ့ဝယ်ပေမဲ့ ပြန်ရောင်းရင် တချို့ဆိုင်တွေဆို အလျော့တွက်ခ အများကြီးပေးရတော့ သူ့အတွက် နစ်နာတော့ ဝယ်ဖို့စဉ်းစားနေသူတွေလည်း ရှိတာပေါ့။ “ဟု ရန်ကုန်မြို့၌ ရွှေဆိုင်ဖွင့်လှစ်ထားသူ တစ်ဦးက ပြောသည်။

ကမ္ဘာ့ရွှေစျေးမှာ နှစ်သစ်ကူးချိန်နီးကပ်လာမှုနှင့်အတူ တရိပ်ရိပ်မြင့်တက်လျက် ရှိသည်။ ပြီးခဲ့သည့် ရက်အတွင်းက ရွှေတစ်အောင်စလျှင် ၁၈၀၀ ဒေါ်လာကျော်အထိ ရောက်ရှိသွားခဲ့ကာ

ဒီဇင်ဘာ ၁၆ ရက် ညနေပိုင်းက ရွှေတစ်အောင်စလျှင် ၁၇၇၇ဒေါ်လာရှိခဲ့သည်။ ပြည်တွင်းရွှေစျေးလည်း ကမ္ဘာ့ရွှေစျေးနှင့်အတူ မြင့်တက်လာနိုင်ဖွယ်ရှိကြောင်းလည်း ခန့်မှန်းသုံးသပ်မှုများ ရှိသည်။

ရန်ကုန်မြို့ရှိ ရွှေဆိုင်အချို့တွင် ရွှေဝယ်ယူရာ၌ ဝယ်ယူသည့် ရွှေအပေါ်မူတည်၍ အလျော့တွက် တွက်ချက်မှု၌ ရွှေဝယ်သူများ နစ်နာမှုရှိသည်ဆိုကာ ဝေဖန်မှုများလည်း ပြီးခဲ့သည့် ရက်ပိုင်းက ဖြစ်ပွားခဲ့သေးသည်။

ထို့ပြင် နိုင်ငံခြားငွေကြေးလဲလှယ်နှုန်း အဖြစ် ဒီဇင်ဘာ ၁၆ ရက် ညနေပိုင်း၌ ပြင်ပစျေးကွက်တွင် အမေရိကန်တစ်ဒေါ်လာလျှင် ၂၈၆၀ ဝန်းကျင်စျေးနှုန်း ရှိနေကြောင်း သိရသည်။

ပြီးခဲ့သည့် လအတွင်းမှ စကာ ယခုရက်ပိုင်းအထိ ပြင်ပစျေးကွက်၌ အဆိုပါစျေး ဝန်းကျင်ဖြင့်သာ ဒေါ်လာအရောင်းအဝယ်ဖြစ်နေကြောင်း သိရသည်။

ယခုရက်ပိုင်းအတွင်း ပြင်ပစျေးကွက်၌ ဒေါ်လာငွေဝယ်ယူရာ၌ ဝယ်ယူ၍ မရသော အခက်အခဲများ ဖြစ်ပေါ်နေကာ ဂျပန်၊ ကိုရီးယားနိုင်ငံတို့နှင့် ချိတ်ဆက်၍ ပညာသင်ကြားနေသော ကျောင်းသားများအနေဖြင့် စာမေးပွဲကြေးအတွက် ဒေါ်လာငွေသွင်းရန်ပင် ဝယ်ယူ၍ မရကြောင်း သိရသည်။

” စာမေးပွဲကြေးငွေသွင်းဖို့ ဒေါ်လာဝယ်တာ အခုက ဝယ်မရဘူးဖြစ်နေတာ။ လုံးဝမရတာတော့ မဟုတ်ဘဲ ဝယ်ဖို့ အဆင့်ဆင့် ဆက်သွယ်နေရတာတွေ။ လိုသလောက် ဝယ်မရတာတွေ ဖြစ်နေတယ်။

အပြင်က ဒေါ်လာရောင်းတဲ့လူတွေ ပြောတာတော့ သူတို့လို ပြင်ပရောင်းတဲ့ လူတွေကို ခေါ်စစ်လိုက်၊ ဖမ်းလိုက်နဲ့ဆိုတော့ သူတို့လဲ အရင်လို မရောင်းရဲဘူး။ မှောင်ခို ပစ္စည်းလိုဘဲ လိုက်ဝယ်နေရတယ်”ဟု ရန်ကုန်မြို့မှ ကျောင်းသားတစ်ဦးက ပြောသည်။

ဒီဇင်ဘာ ၁၆ ရက် ၏ အခြားနိုင်ငံခြားငွေ လဲလှယ်သည့် စျေးနှုန်းများမှာ ယူရိုငွေ ၃၀၀၀ ကျပ်၊ စင်ကာပူဒေါ်လာ ၂၁၂၀ ကျပ်၊ မလေးရှားရင်းဂစ်ငွေ ၆၇၀ ကျပ်၊ ထိုင်းဘတ်ငွေ ၈၂.၅ ကျပ်၊ တရုတ်ယွမ်ငွေ ၄၁၀ ကျပ်၊ ဂျပန်ယမ်းငွေ ၂၁ ကျပ်တို့ အသီးသီးရှိနေကြောင်း သိရသည်။

မောင်ဇော်
ဓာတ်ပုံ-အင်တာနက်
#ယနေ့ခေတ်

Leave a Reply

Your email address will not be published. Required fields are marked *