ကလေးပျောက်ဆုံးနေမှုမှာ တစ်ပတ်ကျော်ကြာပြီဖြစ်ပြီး ရောဂါအခံရှိသည့် ကလေး၏မိခင်မှာ ကလေးစိတ်ဖြင့် သေဆုံးသွား

ရန်ကုန်၊ ဒီဇင်ဘာ ၁၈

ကရင်ပြည်နယ်၊ မြဝတီမြို့၊ အမှတ် ၄ ရပ်ကွက်၊ ရွှေဘုန်းပွင့် ၁၉ လမ်း၌ နေထိုင်သည့် အသက် ၇ နှစ်အရွယ် ကလေးငယ် ပျောက်ဆုံးနေသည်မှာ

တစ်ပတ်ကျော်ကြာသည်အထိ ရှာမတွေ့သေးသော်လည်း ရောဂါအခံရှိသည့် မိခင်မှာ ကလေးစိတ်ဖြင့် ယမန်နေ့ညနေပိုင်းက သေဆုံးသွားခဲ့ကြောင်း မိသားစုဝင်များထံမှ သိရသည်။

” ကလေးအခုထိ ဘာသတင်းမှမကြားသေးဘူး၊ ဆရာတွေက တော့ ဟိုနေရာဒီနေရာနဲ့ဟောပေးကြပါတယ်၊ ရှာပေမယ့်လည်း မတွေ့ဘူး၊

သူ့အမေက မနေ့က ဆုံးတာပါ၊ အသည်းခြောက်ရောဂါနဲ့ ရေဖျင်းရောဂါခံစားနေရတာပါ”ဟု ပျောက်ဆုံးနေသည့် ကလေး၏ ဖခင်ဖြစ်သူက ဆိုသည်။

ဒီဇင်ဘာ ၁၁ ရက် က မြဝတီမြို့ အမှတ် ၄ ရပ်ကွက်၊ ရွှေဘုန်းပွင့် ၁၉ လမ်း၌ နေထိုင်သည့် အသက် ၇ နှစ် အရွယ် မောင်ချစ်ချစ်တုန် သည် နာတာရှည်ရောဂါ ခံစားနေရသူ မိခင်နှင့်

နေအိမ်၌ အတူရှိနေစဥ် ပျောက်ဆုံးသွားခဲ့ခြင်းဖြစ်ပြီး ယခင်ကတည်းက ကလေးမှာ တခြားသူခေါ်သည့်နောက် လိုက်သွားသည့် ဖြစ်စဥ်မျိုး မရှိခဲ့ကြောင်း ဖခင်ဖြစ်သူ ကပြောပြခဲ့သည်။

“ကလေးက သူများခေါ်လည်းမလိုက်တက်ဘူး၊ အိမ်မှာနေရင်းနဲ့ပျောက်တာ ဘယ်သူခေါ်လို့ခေါ်သွားမှန်းလည်းမသိဘူး၊ ကလေးက သူ့အမေနဲ့ပဲနေတာ၊

ကျွန်တော်တို့ ကလည်းအလုပ်ခဏသွားတာပေါ့၊ မိန်းမကလည်း နာတာရှည်ဆိုတော့ အလုပ်မလုပ်လို့မရဘူးလေ အဲ့နေ့က အလုပ်တစ်ချက်သွားတာ ပြန်လာတော့ ကလေးမရှိတော့ဘူးနေ့လည်ကျတော့၊

ခု နယ်စပ်ဂိတ်ပေါက်တွေမှာလည်း လိုက်ရှာနေတာပေါ့” ဟု ပျောက်ဆုံးနေသည့် ကလေးငယ်၏ ဖခင်က ဆိုသည်။

ပျောက်ဆုံးနေသည့် ကလေး၏ မိခင်မှာ လည်း အသည်းခြောက်ရောဂါနှင် ရေဖျင်းရောဂါများကြောင့် အိပ်ယာထဲမှ မထနိုင်ရာက ကလေးပျောက်ဆုံးနေသည့် စိတ်ဖြင့်ပါ

ရောဂါပိုမိုပြင်းထန်လာခဲ့ပြီး ဒီဇင်ဘာ ၁၇ ရက်၊ ညနေ ၃ နာရီ ခန့်က သေဆုံးသွားခဲ့ကာ လာမည့် ဒီဇင်ဘာ ၁၉ ရက် တွင် သင်္ဂြိုလ်မည် ဖြစ်ကြောင်းသိရသည်။

ကလေးပျောက်ဆုံးနေသည်မှာ ၈ ရက်ကြာမြင့်နေပြီဖြစ်ပြီး သတင်းအစအနပင် ကြားသိရခြင်းမရှိသေးပေ၊ သို့ဖြစ်ပါ၍ ကလေးငယ်အား အကောင်းတိုင်းပြန်တွေ့နိုင်ရန်မျှော်လင့်ချက်များစွာဖြင့် ရှာဖွေနေကြောင်းလည်း သိရသည်။

ပျောက်ဆုံးနေသည့် အသက် ၇ နှစ်အရွယ် မောင်ချစ်ချစ်တုန်အား တွေ့ရှိပါကလည်း မိသားစုထံ ဆက်သွယ်ပေးရန် လူမှုကွန်ယက် စာမျက်နှာများမှ တစ်ဆင့် တောင်းဆိုထားသည်။

ဂျူဂျူး
ဓာတ်ပုံ- ဘီဝမ်း
ပုံစာ- ပျောက်ဆုံးနေသည့် ကလေးငယ်နှင့် သေဆုံးသွားသည့် မိခင်
#ယနေ့ခေတ်

Leave a Reply

Your email address will not be published. Required fields are marked *