ကမ္ဘာ့ဖလားဆုကြီးကို ကိုင်မြှောက် အောင်ပွဲခံနေချိန်မှာ မက်ဆီဝတ်ထားရတဲ့ ရွှေနားကွပ် ဇာဝတ်ရုံနက်အကြောင်း…

မနေ့ညက ကျင်းပခဲ့တဲ့ ကမ္ဘာ့ဖလားပြိုင်ပွဲမှာ အနိုင်ရရှိခဲ့တဲ့ အာဂျင်တီးနား အသင်းကို တဦးချင်း ဆုဖလားနဲ့ ကမ္ဘာ့ဖလားဆုကြီး ပေးအပ်စဉ်မှာ ထူးခြားတဲ့ ကိစ္စ တခု ဖြစ်ပွားခဲ့ပါတယ်။

ပထမဆုရရှိခဲ့တဲ့ အာဂျင်တီးနားအသင်းရဲ့ အသင်းခေါင်းဆောင် ဘောလုံးဂန္ထဝင် မက်ဆီကို တဦးချင်း ဆုတံဆိပ် ပေးအပ်ပြီးတဲ့အခါမှာ ကမ္ဘာ့ဖလားဆုကြီးကို မချီးမြှင့်ခင် ဖီဖာဥက္ကဌ အင်ဖာတီနိုနဲ့ ကာတာစော်ဘွားကြီး တာမင် ဘင်ဟာမက်တို့က ရွှေနားကွပ်ထားတဲ့ အနက်ရောင်ဇာဝတ်ရုံကို ဆင်မြန်းပေးခဲ့ပါတယ်။

မက်ဆီဟာ အဆိုပါ ဝတ်ရုံကို ဝတ်ဆင်ခဲ့ပြီး ကမ္ဘာ့ဖလားဆုကြီးကို ကိုင်မြှောက် အောင်ပွဲခံခဲ့ပါတယ်။ ဘောလုံး ပရိသတ်တွေရဲ့ မျက်လုံးထဲမှာတော့ အဆိုပါ ဝတ်ရုံဟာ အမြင်ဆန်းနေပြီး တမူထူးခြားနေပါတယ်။

တချို့ ပရိသတ်တွေကလည်း အာဂျင်တီးနားအသင်းရဲ့ နိုင်ငံအရောင်ဖြစ်တဲ့ အဖြူနဲ့ မိုးပြာရောင် အစင်းကျားဝတ်စုံကို အနက်ရောင် ဝတ်ရုံက ဖုံးကွယ်ထားသလို ဖြစ်နေတာကြောင့် ဝေဖန်နေကြပါတယ်။

အဆိုပါ ဝတ်ရုံဟာ အာဂျင်တီးနားအသင်းခေါင်းဆောင်နဲ့ အသင်းသား‌တွေ ကမ္ဘာ့ဖလားကိုင်မြှောက်ချိန်မှာလည်း မက်ဆီရဲ့ဂန္တဝင်နံပါတ် ၁၀ ဝတ်စုံပေါ်မှာ လွှမ်းခြုံလျက်ရှိနေဆဲဖြစ်တာမို့ ပရိတ်သတ်အချို့ရဲ့‌ ဝေခွဲမရတဲ့ပဟေဠိဆန်ဆန် အမြင်တွေ ဖြစ်ပေါ်ခဲ့ပါတယ်။

ကာတာနိုင်ငံခေါင်းဆောင်က မက်ဆီကိုတရားဝင်ဆင်မြန်းပေးခဲ့တဲ့ ဘစ်ရှ် လို့ခေါ်တဲ့ အနက်ရောင်ဇာပါးမှာ ရွှေကွပ်ထားတဲ့ဝတ်ရုံဟာ မင်္ဂလာဆောင်လို အခမ်းအနားမျိုး‌တွေမှာ အာရပ်အမျိုးသားများဝတ်ဆင်ကြတဲ့ ရိုးရာဝတ်စုံဖြစ်ပါတယ်။

အဆိုပါဝတ်ရုံဟာ အာရပ်နိုင်ငံခေါင်းဆောင်များနဲ့ ဘာသာရေးခေါင်းဆောင်များမကြာခဏဝတ်ဆင်လေ့ရှိတဲ့အတိုင်း ကြီးကျယ်ခမ်းနားမှုရဲ့အသွင်သဏ္ဍာန်ကိုဖော်ညွှန်းပါတယ်။

အာရပ်ကမ္ဘာမှာတော့ ဂုဏ်ထူး ဆောင် အမျိုးသားတွေ ဝတ်ဆင်လေ့ ရှိပါတယ်။ မင်္ဂလာပွဲ၊ ဆုပေးပွဲ စတဲ့ အခမ်းအနားတွေမှာ ဂုဏ်သရေရှိ အမျိုးသားတွေအနေနဲ့ ဝတ်ဆင်ခွင့်ရတဲ့ ဝတ်ရုံအမျိုးအစား ဖြစ်ပါတယ်။

အာရပ်ကမ္ဘာမှာ ပထမဆုံး ကျင်းပတဲ့ ကမ္ဘာ့ဖလားပြိုင်ပွဲ ဖြစ်တာကြောင့် အာရပ်တွေရဲ့ ထုံးတမ်းဓလေ့ကို နားမလည်တဲ့ ဘောလုံးပရိသတ်တွေကတော့ ဝေဖန်နေကြတာ ဖြစ်ပါတယ်။

မက်ဆီ မဟုတ်ဘဲ တခြား တယောက်ယောက်သာ ဖလားရခဲ့ရင်ရော ဒီလို ဝတ်ရုံမျိုး ဝတ်ဆင်ပေးမှာလားဆိုတဲ့ မေးခွန်းတွေလည်း ထွက်ပေါ်လာပါတယ်။

မက်ဆီဟာ အဆိုပါဝတ်ရုံကို ကမ္ဘာ့ဖလားဆုကြီး ကိုင်မြှောက် အောင်ပွဲခံချိန်မှာပဲ ဝတ်ဆင်ခဲ့ပြီး ချွတ်ပစ်ခဲ့ကာ ကြယ်သုံးပွင့် ပါဝင်တဲ့ အာဂျင်တီးနားအသင်း အင်္ကျီကို ဝတ်ဆင်ပြီး ထပ်မံ အောင်ပွဲခံခဲ့ပါတယ်။

“တကျောင်း တဂါထာ တရွာတပုဒ်ဆန်း” ဆိုတဲ့ စကားအတိုင်း ခေတ်သစ်အခြေအနေတွေမှာ ရိုးရာဓလေ့တွေကို ဦးစားပေးလွန်းတဲ့ အခါ ဝေဖန်မှုတွေ အများအပြား ခံရမှာ ဖြစ်ကြောင်းကို ကာတာ ကမ္ဘာ့ဖလားက ထပ်မံ သက်သေပြသွားခဲ့ပြီ ဖြစ်ပါတယ်။

Credit

Leave a Reply

Your email address will not be published. Required fields are marked *

You may have missed