အရင်းအနှီး

“မွေးပြီဟေ့…မွေးပြီ…ယောက်ျားလေးဟေ့…ယောက်ျားလေး… တစ်လုံးတစ်ခဲကြီး…ချစ်စရာလေးဟေ့”
အခန်းတွင်းမှ လက်သည်ဒေါ်နု၏ အော်ဟစ်သံကြောင့် အပြင်မှာဘုရားစာ ရွတ်ရင်း ရပ်စောင့်နေသော ကျော်ကြီး ထခုန် မတတ် ဝမ်းသာမိသည်။ ကျော်ကြီး အပျော် လွန်သည်မှာလည်းမဆန်း။

အိမ်ထောင်သက် ခြောက်နှစ်ရှိသည့်တိုင် သားသမီးမထွန်းကား ခဲ့သော သူတို့လင်မယား။ အခုတော့ သားဆုပန် လို့ရသည်ဆိုသော ဆရာသမားတစ်ယောက်ဆီ သွားရာမှ ယတြာတွေချေရင်း မျှော်လင့်ချက် တွေပြည့်ဝခဲ့ရသည်။ ဟုတ်သည်မဟုတ်သည် အပထား။ ကလေးအရမ်းလိုချင်နေသော ကျော်ကြီးတစ်ယောက် သားဦးလေးရပြီမို့ ရူးမတတ်ပျော်ရွှင်နေမိသည်။

“ဒေါ်နုရေ..ကျွန်တော်.. အထဲဝင်လို့ ရပြီလားဗျ”
“ဟဲ့..ကျော်ကြီး.. ဘယ်လိုဖြစ်နေတာလဲ..အဖြစ်ကိုသည်းလွန်းတယ်။ ဝင်လို့ရပြီဆို ငါပြောမယ်.. စိတ်မပူနဲ့.. ကလေးရော အေးသီရော ကျန်းမာတယ်”

ဒေါ်နုက အခန်းတွင်းမှ အော်ပြောလိုက် သည်။ ကျော်ကြီးမှာတော့ ခြေမကိုင်မိ လက်မကိုင်မိဖြင့် ဂနာမငြိမ်ဖြစ်နေခဲ့ရသည်။ “ကဲဟေ့..ဝင်လို့ရပြီ ကျော်ကြီးရေ”ဒေါ်နု၏ အသံမဆုံးမီမှာပင် ကျော်ကြီး အခန်းတွင်းသို့ လှစ်ခနဲဝင်လိုက်တော့သည်။

“အေးသီ…နေလို့ကောင်းရဲ့လား”

အေးသီ၏ လက်ဖဝါးလေးကို အသာ ဆုပ်ကိုင်ရင်းမေးလိုက်သည်။ အေးသီက ပြုံးရင်း ခေါင်းညိတ်ပြသည်။ အေးသီဘေးနားမှ အနှီးဖြင့်ပတ်ထားသော သူ၏ သားလေးကို ရင်ခုန်စွာနှင့် ကြည့်လိုက်သည်။

“ဟာ..ငါ့..ငါ့.. သားလေးက ချောလိုက်တာ။

ငါနဲ့တူလိုက်တာဟာ…နော်..အေးသီ နော်” “အမလေး.. ကျော်ကြီးရယ်.. နင်က ပိုကို ပိုလွန်းတယ်”ဒေါ်နု သည် သူ့အားဝင်၍ ခနဲ့လိုက်သည်။ သူကတော့ အပျော်လွန်နေ၍ ဘာကိုမှပင် ဂရု မစိုက်အားပေ။

“သားလေးရေ…ဖေ့သားလေးရေ.. ဪ အေးသီ..ငါ..ငါ. ကလေးကိုချီလို့ရမလားဟင်” “ကိုကျော်ကြီးရယ်…ချီတတ်ပါ့မလား””နေ..နေ..အေးသီ..ငါလာပြီ”ဒေါ်နုသည် ကလေးကို အသာအယာ ပွေ့ယူပြီး သူ၏ ပေါင်ပေါ်သို့တင်ပေးလိုက် သည်။

ကျော်ကြီး၏ မျက်နှာတစ်ခုလုံးသည် ပီတိ တွေဖြင့် ဖုံးလွှမ်းနေပြီး နှုတ်ခမ်းပင်စေ့မရအောင် ဖြစ်နေခဲ့ရသည်။ သူ အိပ်မက်မက်ခဲ့သော ပြည့်စုံသည့် မိသားစုဘဝလေးရလာပြီဖြစ်သည့် အတွက် အရမ်းကိုကြည်နူးနေခဲ့ရသည်။

သူ့ကိုကြည့်ရင်း အေးသီပင် ပီတိတွေဝေဆာ နေခဲ့သည်။ ထိုပျော်ရွှင်မှုနှင့်အတူ သူပို၍အလုပ် ကြိုးစားရမည်ဆိုသော အသိတရားကလည်း သူ၏ခေါင်းထဲသို့ ဝင်ရောက်လာခဲ့တော့သည်။

“ကွမ်းယာ ရမယ်.. ဆေးလိပ်ရမယ်..ရေသန့်ရမယ်..”
မီးပွိုင့်မိနေသော ကားများကြားထဲတွင် ရင်ခွင်ပိုက်ခြင်းတောင်းလေးဖြင့် ကျော်ကြီး ရောင်းချနေသည်။ တစ်နေကုန်တစ်နေခန်း နေပူမရှောင် မိုးရွာမရှောင်လုပ်နေရပေမယ့် ယခု အလုပ်လေးက တွက်ခြေတော့ကိုက်လှ သည်။
ပညာအရည်အချင်းက ခြောက်တန်းပင် မအောင်တော့ စက်ရုံအလုပ်ရုံတွေမှာ ဝင်လုပ်ဖို့ သူ့အတွက်မဖြစ်နိုင်။ ယခင်က အေးသီသည် အိမ်မကွမ်းယာတွေကို ယာပေးသည်။ သူက တော့ ယခုလို ထွက်ရောင်းသည်။ ဆိုင်ဖြင့် ရောင်းချဖို့အတွက်ကျတော့လည်း ဆိုင်ခန်း အတွက် အရင်းအနှီးမရှိသောကြောင့် အိပ်မက်ပင်မမက်နိုင်ခဲ့ပါ။

ကားမှတ်တိုင်မှာထိုင်ရောင်းမည်ဆိုတော့လည်း ဈေး သည်တွေက ရှိနှင့်ပြီးသားမို့ ယခုလိုကားကြိုကားကြားလိုက်လံရောင်းချနေရခြင်းဖြစ်သည်။

အေးသီက ယခု ကလေးမွေးပြီးခါစမို့ ကွမ်းယာ ပေးဖို့အဆင်မပြေ။ မွေးခါနီး နှစ်လ လောက်အလိုက တည်းက အေးသီကို သူမှ ဘာမခိုင်းဘဲ ထမင်းဟင်းကအစ သူချက်ပြုတ် ပေးခဲ့သည်။ မနက်အစောကြီးထ ထမင်းဟင်း ချက်ပြီး ကွမ်းယာတွေကို ထိုင်ယာပြီးသည်နှင့် ဈေးရောင်းထွက်ရသည်မှာ ကျော်ကြီး၏ နိစ္စ ဓူဝ လုပ်ငန်းစဉ်ပင်ဖြစ်သည်။

မည်မျှပင် ဆင်းရဲပင်ပန်းပါစေ ကျော်ကြီး သည် မိသားစုအတွက် ရှာဖွေကျွေးမွေးနေရ တာကိုပင် ပျော်ရွှင်ကျေနပ်နေသူဖြစ်သည်။

“ကျော်ကြီးရေ.. ညနေမိုးအေးအေးနဲ့ သွားကစ်ရအောင်””ဟာ ဖိုးစိန်ရာ.. ငါမသောက်တတ်တာ လည်း သိသားနဲ့””မင်းမသောက်တတ်တာသိပါတယ်ကွ..အချိုရည်သောက်ပြီး အမြည်းစားပေါ့ကွာ..အရင်လည်း မင်းလိုက်နေတာပဲကို”

“အေး..အရင်ကတစ်ခါတလေ လိုက်တာက ဟုတ်တယ်။ အခုငါက ကလေးရနေပြီကွ၊ ပိုက်ဆံတစ်ရာနှစ်ရာကအစ ငါ့အတွက် အရေး ကြီးနေတယ်။ မလိုက်တော့ပါဘူးကွာ ဆောရီးပဲ ဖိုးစိန်ရာ”

အရက်သွားသောက်ရန် အဖော်ညှိနေသော သူငယ်ချင်း ဖိုးစိန်အား ကောင်းမွန်စွာပင် ငြင်းလိုက်သည်။ ဒီနေ့မှ ဈေးရောင်းကလည်းသိပ်မကောင်းသည့်အပြင် မိုးကလည်းရွာထား သောကြောင့် နေရထိုင်ရတာကိုက ဖျားချင် သလို နာချင်သလိုဖြစ်နေသည်။

မနက်က ဈေးရောင်းမထွက်ခင်အေးသီပြောသော စကားကို နားထဲပြန်လည်ကြားယောင်လာမိ သည်။

“ကိုကျော်ကြီး.. ကလေးနို့မှုန့်က ကုန်ခါနီး နေပြီ။ အေးသီလည်း.. ကိုကျော်ကြီးကို..ပြောသာပြောနေရတယ်..ဒါတွေအားလုံးက..အေးသီမကောင်းလို့ဖြစ်ရတာပါ”

မျက်ရည်လေးစမ်းစမ်းဖြင့် ပြောလာသော အေးသီစကားကြောင့် သူစိတ်မကောင်းဖြစ်ခဲ့ရ သည်။ မည်သို့ပင်ဆိုစေ အိမ်ထောင်ဦးစီးဖြစ် သည့် သူ့အတွက် အရာအားလုံးကတာဝန်ရှိနေ သည်မို့ အေးသီကိုလည်းအပြစ်မတင်လိုပါ။

“အေးသီမကောင်းလို့မှ မဟုတ်ဘဲ အေးသီရာ.. မငိုပါနဲ့””ဟုတ်တယ်လေ.. အေးသီညံ့ဖျင်းလို့ဖြစ် ရတာ မိခင်ဖြစ်ပြီးနို့မထွက်လို့ ကိုယ့်သား သမီးကို အပြင်က နို့မှုန့်ဖျော်တိုက်နေရတယ် လေ။ အေးသီသာ နို့ထွက်ရင် ကိုကျော်ကြီး လည်း ပိုက်ဆံအပိုမကုန်တော့ဘူးလေ”

“ဒါကတော့ အေးသီရယ် ကံကဒီလိုဖြစ်ဖို့ အ ကြောင်းတရားပါလာတာပဲ။ သားလေးကို လပေါင်းများစွာ အသက်နဲ့ရင်းပြီး မွေးလာ တာနဲ့တင် ပြည့်စုံနေပြီလေ။ နို့ထွက်တာမထွက် တာက အရေးမကြီးပါဘူး။ နို့မထွက်လည်း နို့မှုန့်ဖျော်တိုက်လို့ရနေတာပဲ။

ကဲ..အပြန် သားလေးအတွက် နို့မှုန့်ဝယ်ခဲ့မယ်နော်..မငိုနဲ့..ဟုတ်ပြီလား”အေးသီကို ခေါင်းလေးပုတ်ရင်းပြောလိုက် သည်။ အေးသီသည် သူ့ထက်သုံးနှစ်လောက် ငယ်ပြီး အရမ်းကို ရိုးလွန်းအလွန်းသူဖြစ်သည်။ သူ့ကိုပင် သမီးရည်းစားဘဝထဲက ယခု အချိန်ထိ ကိုကျော်ကြီးဟုပင် နှုတ်ကျိုးခဲ့သူ ဖြစ်သည်။

နှစ်ဦးစလုံး မိဘမရှိ တစ်ကောင်ကြွက် ဘဝတွေမို့ တစ်ဦးကိုတစ်ဦး သံယောဇဉ်ပိုခဲ့ရ သည်။ မနက်ကဖြစ်ရပ်များကို ပြန်လည် တွေးရင်း စိတ်မသက်သာမှုတွေက သူ့ရင် တစ်ခုလုံးကြီးစိုးနေခဲ့ရသည်။ ဈေးရောင်း ကလည်းပါးသောကြောင့် အတွေးတွေက မငြိမ် မသက်ဖြစ်နေခဲ့သည်။

လက်မှာပတ်ထားသော နာရီအစုတ်လေးကိုကြည့်လိုက်တော့ မွန်းလွဲ နှစ်နာရီထိုးတော့မည်ဖြစ်သည်။ အချိန်ရှိသေး တာပဲဆိုပြီး အားတင်းလိုက်သည်။ ကလေး နို့မှုန့်ဖိုး၊ အေးသီနှင့်သူ့အတွက် စားစရိတ်တွေ က သူ့အတွက်မဖြစ်မနေ ကြိုးပမ်းရမည့်အရာ တွေပင် ဖြစ်သည်။

ထို့ကြောင့်ပင် မီးပွိုင့်မိနေ သော ကားတွေကြားထဲသို့ဝင်၍ ပုံမှန် ထမ်းဆောင်နေရသည့်တာဝန်ကို သရုပ်ပြလိုက် ရတော့သည်။

“ကွမ်းယာရမယ်.. ဆေးလိပ်ရမယ်..ရေသန့်ရမယ်..”

“အေးသီရေ….အေးသီရေ…”
သူအိမ်အောက်မှ တကြော်ကြော် အော်ခေါ် နေသော်လည်း အေးသီ၏တုံ့ပြန်လာသော အသံကိုမကြားရပါ။ ထို့ကြောင့် စိုးရိမ်ပူပန်နေ သော သူ၏စိတ်တွေသည် အတိုင်းအဆမဲ့စွာ ပြင်းထန်နေခဲ့ရသည်။
အိမ်ပေါ်တက်မည်အပြု အိမ်ပေါ်မှ အမှတ် တမဲ့ကြားလိုက်ရသော စကားသံအချို့ကြောင့် သူထရံပေါက်မှ ချောင်းကြည့်ရင်းနားစွင့်လိုက် သည်။

အိမ်ပေါ်တွင် အေးသီငိုနေတာကိုတွေ့ လိုက်ရသည်။ အေးသီ၏ဘေးနားတွင် ဒေါ်နု ထိုင်နေသည်။ ဒေါ်နုလည်း မျက်ရည်တွေသုတ် နေသည်။ အရက်သွားသောက်မည်ဆိုသော ဖိုးစိန်ကလည်း သူ့အိမ်ပေါ်ရောက်နေပြန်သည်။ ထို့ပြင် ရပ်ကွက်လူကြီး ဦးဝင်းတင်နဲ့အတူ သူတစ်ခါမှမမြင်ဖူးသော လူစိမ်းတစ်ဦးလည်း ရောက်နေသည်။ သိလိုဇောတွေပြင်းထန်စွာဖြင့် သူတို့ ဘာပြောကြမည်ဆိုတာကို နားထောင် နေလိုက်သည်။

“အခုကိစ္စက.. ကျွန်တော့်သားမှားတာပါ။ ဒါပေမယ့် တမင်ရည်ရွယ်ပြီး မှားတာမဟုတ်ပါ ဘူး။ ဘာပဲဖြစ်ဖြစ် ကိစ္စအားလုံးကိုတာဝန်ရှိ တာမို့ ကျွန်တော်တို့အစအဆုံးတာဝန်ယူပေးပါမယ်”
အသက်ငါးဆယ်ကျော်ခန့်ရှိသော လူစိမ်း ပုဂ္ဂိုလ်ကြီး၏ ပြောစကားကိုကြားလိုက်ရသည်။ ဘာကိုဆိုလိုနေမှန်းတော့သူမသိပါ။ အေးသီ ကတော့ ဘာမှမပြောဘဲ ငို၍သာနေတော့သည်။

“အေးသီ..သမီးဆန္ဒကို ပြောဦးလေ”
ရပ်ကွက်လူကြီးက အေးသီကိုဝင် ပြောလိုက်သည်။ ဘာတွေဘယ်လိုဖြစ်နေကြတာလဲဆိုသည်ကို သူနားမလည်ပါ။

“သမီး.. ဘာမှမပြောတတ်တော့ပါဘူး ဦးလေးရယ်။ သမီးသေချင်တာပဲသိတယ်”

“သမီးသေလို့ဖြစ်မလား.. သမီးမှာ သားလေးရှိသေးတယ်လေ”
ဒေါ်နုက အေးသီအား ရင်ခွင်ထဲ ထည့်ရင်း နှစ်သိမ့်လိုက်သည်။ ဘာတွေဘယ်လောက်များ စိတ်ညစ်စရာတွေရှိ၍ အေးသီသေချင်နေရ တာလဲ သူမသိပါ။ သူမသိသော မည်သည့်ကိစ္စ တွေ အေးသီမှာရှိနေသလဲ။ သူအတွေးများစွာ ဖြင့် ဆက်ပြီးနားထောင်နေလိုက်သည်။
“ကျွန်တော် အားနာနာနဲ့ပဲပြောပါ့မယ် ဗျာ။ ဒါငွေနဲ့ တန်ဖိုးဖြတ်တာလည်းမဟုတ်ပါ ဘူး။ ဖြစ်ပြီးသားကိစ္စတွေကလည်း ပြန်ပြီး ပြင်လို့မှမရတော့တာ။ နောက်ပြီး ကျွန်တော်တို့ ဘက်က မတော်တဆအမှားဆိုပေမယ့် ပေးဆပ်လိုက်ရတဲ့တန်ဖိုးက ကြီးမှန်းလည်း သိပါတယ်။ ရှောင်ပြေးလို့ရပေမယ့်လည်း တာဝန်ရှိတဲ့သူမို့ တာဝန်သိစွာနဲ့ ဒီကိုလိုက်လာ တာပါ။ ဘယ်လိုမှသဘောမထားပါနဲ့ဗျာ။ ဖြစ်ပျက်ခဲ့သမျှကိစ္စတွေအတွက် သိန်းတစ်ရာ ကို လျော်ကြေးအဖြစ်မဟုတ်ဘဲ ကူညီပေးတယ် လို့ပဲ သဘောထားစေချင်ပါတယ်”

နားထောင်လို့ကောင်းသော လူစိမ်းပုဂ္ဂိုလ် ကြီး၏စကားတွေက ဘာကိုဆိုလိုနေမှန်း မသိပါ။

“ကျွန်မက အဲဒီငွေတွေနဲ့ လဲရမှာတဲ့ လားရှင်။ ကျွန်မဘက်ကလည်း စဉ်းစားပေး ပါဦး။ သိန်းပေါင်းဘယ်လောက်များစွာဖြစ်နေ ပါစေ ကျွန်မအတွက် ဘာမှအရေးမကြီးဘူး”
အေးသီက ငိုကြွေးရင်းပြောလိုက်သည်။

“မဟုတ်သေးဘူးလေ။ သမီးမှာသားလေး ရှိသေးတယ်။ ရှေ့ဆက်ရမယ့်အနာဂတ်ရှိသေး တယ်။ ဘယ်လိုရပ်တည်မှာလဲ။ သမီးဆုံးဖြတ် ချက်မမှားဖို့တော့လိုတယ်လို့ ဦးဝင်ပြောပါရ စေ။ သမီးလက်ခံလိုက်မယ်ဆိုရင်လည်း မောင်ကျော်ကြီးက သမီးကို အပြစ်တင်မှာ မဟုတ်လောက်ပါဘူး။ သူကြည်ဖြူမှာပါ။ အခုက သမီးတို့သားအမိနှစ်ယောက် ရှေ့ဆက် ဖို့ အချိန်တွေအများကြီးရှိသေးတယ်လေ”
ရပ်ကွက်လူကြီးက အေးသီအား ဝင်၍ ဖျောင်းဖျနေသည်။ သူ့ကိုပင် ကြည်ဖြူပေးနိုင် မည်တဲ့။ ဘာတွေလဲဆိုတာ သူလုံးဝနားမလည် နိုင်တော့ပါ။

“ဟုတ်ပါတယ်.. အေးသီရယ်။ အခု နင်ငိုနေလည်း ကျော်ကြီးကအသက်ရှင်လာတော့မှာမှမဟုတ်တာ။ နင်တို့သားအမိကို ကျော်ကြီး စိတ်ချလက်ချဖြစ်အောင် ငါလက်ခံ သင့်တယ်လို့ထင်တာပဲ”
“ဟင်”
အေးသီကို ပြောလိုက်သော ဖိုးစိန်စကား ကြောင့် သူအံ့ဩမှုတွေဖြစ်ခဲ့ရသည်။ အိမ်ပေါ် ကပြောဆိုပုံတွေအရ စကားတွေကိုဆက်စပ်မိ သောအခါ သူနားလည်လာသလိုလိုတော့ရှိ လာသည်။

“အခုဒီဦးလေးရဲ့သားက ကျော်ကြီးကို မတော်တဆတိုက်မိတာပါ။ မတော်တဆဆို တာကလည်း ကျော်ကြီးက အမြန်ဖြတ်ကူးလို့ ဖြစ်ရတာပါ။ အခုသူတို့က တာဝန်ရှိစွာနဲ့ မိသားစုဝင်တွေဆီလိုက်ချင်တယ်ဆိုလို့ ငါက လိုက်ပို့ပေးရတာပါ”
ဖိုးစိန်၏ စကားကြောင့် အရာအားလုံးကို သူသဘောပေါက်သွားမိတော့သည်။ ယခု ဆိုလျှင် သူသည်ကားတိုက်၍ သေဆုံးသွားခဲ့ ပြီဖြစ်မှန်းသိလိုက်ရသည်။ ဖြေမဆည်နိုင်သော မျက်ရည်များက တရစပ်စီးကျလာသည်။ ရင်ဘတ်တစ်ခုလုံးမှာလည်း ဆို့နင့်ခြင်းတွေ အပြည့်။ အရာအားလုံးကိုမြင်တွေ့နေရပေမယ့် ထိုအရာအားလုံးသည် သူနှင့်မသက်ဆိုင်တော့ မှန်း ခံစားသိရှိလာခဲ့ရတော့သည်။

“ကျွန်မ.. ဘာလုပ်ရမလဲမသိတော့ပါ ဘူးရှင်။ ကျွန်မ လက်ခံလိုက်လို့ ကိုကျော်ကြီး ရောက်ရာဘဝက ခွင့်မလွှတ်နိုင်မှာစိုးတယ်”
အေးသီ၏ ပြောစကားတွေကြောင့် အေးသီသူ့အပေါ်မှာ မေတ္တာတရားရော၊ သစ္စာ တရားပါကြီးမားသည်ကို ကျေနပ်စွာသိရှိလိုက် ရပြီဖြစ်သည်။
“အေးသီ.. နင်လက်ခံလိုက်။ သူတို့ပေးတဲ့ပိုက်ဆံကိုနင်လက်ခံလိုက်ပါ။ ငါ..ငါ..နင့်ကို ခွင့်လွှတ်တယ်သိလား။ နင်လက်ခံလိုက်နော်”
ဝေခွဲရခက်နေသော အေးသီအား အိမ်ရှေ့ဝ မှ အသံကုန်ဟစ်ရင်းအော်ပြောလိုက်သည်။ အေးသီကတော့ ကြားနိုင်မည်မထင်ပေ။ အေးသီငိုကြွေးနေသလို သူလည်းငိုကြွေးနေပါ သည်။ ဘာပဲဖြစ်ဖြစ် အေးသီနှင့်သားလေး အတွက် သူစိတ်ချချင်သည်။ ယခုစိတ်မချ၍ပင် သေဆုံးသည်ကို မသိနိုင်ဘဲ အိမ်ကိုရောက်လာ ခဲ့ရသည်။

“လက်ခံလိုက်ပါ..အေးသီရယ်။ ငါခွင့်လွှတ် ပါတယ်”
“ကောင်းသလိုသာစီစဉ်ကြပါတော့ရှင်”
ထိုသို့ပြောရင်း အေးသီသည် ဒေါ်နုရင်ခွင် ထဲသို့တိုးဝှေ့ကာ ငိုလိုက်သည်ကို မြင်တွေ့လိုက် ရသည်။ ဘာပဲဖြစ်ဖြစ် သူကျေနပ်နိုင်ခဲ့ပါပြီ။ အေးသီနှင့်သားလေးအတွက် သူအရင်းအနှီး ပြုပေးနိုင်ခဲ့ပြီလေ။ အိမ်ထောင်ဦးစီးကောင်း တစ်ယောက်ပီသစွာ မိသားစုကို အထောက် အပံ့ပြုနိုင်ခဲ့သည်ဟုတွေးရင်း သူအားရစွာ ပြုံးလိုက်မိတော့သည်။ သို့သော်လည်း သူ့ ပါးပြင်မှာ မျက်ရည်စတွေနှင့်…။ ။

ပိုင်ဆု(အင်းစိန်)
The Mirror Daily
14-6-2020
#လေးစားစွာcreditပေးပါသည်

Leave a Reply

Your email address will not be published. Required fields are marked *