တောင်ဒဂုံမြို့နယ်၌ ကလေး ငယ်တစ်ဦးကို လာရောက်စွန့်ပစ်(အပစ်ကင်းတဲ့ ချစ်စရာ ကလေးကို လုပ်ရက်လိုက်တာ)

ရန်ကုန်၊ ဒီဇင်ဘာ ၂၂

ရန်ကုန်တိုင်းဒေသကြီး၊ ဒဂုံမြို့သစ် တောင်ပိုင်း၊ အမှတ် ၁၀၅ ရပ်ကွက် ၌ အော်ဒဇင် (Autism) ကလေးတစ်ဦးအား လာရောက်စွန့်ပစ်သွားခဲ့ကြောင်း ရပ်ကွက်နေပြည်သူများထဲမှ သိရသည်။

ဒီဇင်ဘာ ၁၈ ရက်၊ နေ့လည် ၁ နာရီခန့်က အမှတ် ၁၀၅ ရပ်ကွက်၊ မင်းရဲကောင်းပုံလမ်းနှင့် ရေနံသာလမ်းရှိ ရေနံသာဈေး၏ ဈေးဆိုင်ခန်းအလွတ်အတွင်း

ကလေးငယ်အား အဝတ်အစားထုတ် တစ်ထုတ်ဖြင့် လာရောက်စွန့်ပစ်ခဲ့သည်ဟု ကူညီပေးထားသည့် အမျိုးသမီးတစ်ဦးကဆိုသည်။

” ဈေးရဲ့နောက်ကျောလမ်းဘေးကြားထဲမှာ ဈေးဆိုင်လေးတွေရှိတယ်၊ အဲ့ဆိုင်လေးတွေမှာတစ်ချို့ကထွက်တယ် တစ်ချို့ကလည်း မထွက်ဘူးပေါ့ အဲ့နားမှာ အသက် ၃၀ ကျော်အရွယ် ကောင်မလေးနှစ်ယောက်က ကလေးကိုချီပြီး


ရစ်သီရစ်သီလုပ်နေတာကို သတိထားမိကြတယ်ပေါ့၊ ပထမတော့ သတိထားမိတယ်နောက် သူတို့က လမ်းလျှောက်နေတာပဲဆိုတော့ ကိုယ့်အလုပ်ကိုယ်လုပ်နေကြတာပေါ့၊ ကလေးငိုသံကြားမှ ကလေးက တအားဆိုးဆိုးဝါးဝါးငိုတော့မှ

ကလေးကိုသွားကြည့်ကြတာ အဲ့မှာ ကလေးလေးက ၁ နှစ်ကျော်လို့ယူဆရတဲ့ အရွယ်ပေမယ့် သူကိုသေချာကြည့်တော့ ကလေးက အော်ဒဇင်လေးဖြစ်နေတယ် ကလေးက ၃နှစ်နီးပါးလောက်ရှိမယ်” ဟု စောင့်ရှောက်ပေးထားသည့် အမျိုးသမီးတစ်ဦးက ယနေ့ခေတ်သို့ ပြောသည်။

ကလေးငယ်အားတွေ့ရှိချိန်တွင် ထိုင်ခုံတစ်ခုပေါ်တွင် ရှိနေပြီး သူ၏ဘေးတွင် အဝတ်အစားအဟောင်း လေးထည်ခန့်နှင့် ဦးထုပ်တစ်လုံး ပါဝင်သည့် အထုပ်လေးတစ်ထုပ်နှင့်အတူတွေ့ရှိခဲ့သည်ဟုဆိုသည်။

ထို့နောက် ကလေးငယ်အား ၁၀၅ ရပ်ကွက်၊ အပြၽချုပ်ရေးမှူးရုံးသို့ ပို့ဆောင်ခဲ့ပြီး တောင်ဒဂုံ ကလေး သူငယ်အလင်းတန်း ကာကွယ်စောင့်ရှောက်ရေးအဖွဲ့ မှ ကလေးငယ်အတွက်

လိုအပ်ချက်များအားလုပ်ဆောင်ပေးပြီးနောက် လူမှု ဝန်ထမ်းဦးစီးဌာနသို့ ဆက်သွယ်အကြောင်းကြားထားကြောင်းသိရသည်။

” လူမှုဝန်ထမ်းကိုလည်း ဆက်သွယ်ထားတယ်၊ ခိုင်နှင်းဝေကိုလည်းဆက်သွယ်ထားတယ် ခိုင်နှင်းဝေက တော့ ခရီးသွားနေလို့တဲ့၊ လူမှုဝန်ထမ်းဘက်ကတော့ ၁၀ ရက်လောက်ကို ခဏစောင့်ကြည့်မယ်ပေါ့၊

ကလေးမိဘက ကိုယ်တိုင်စွန့်ပစ်တာလား၊ တခြားသူကစွန့်ပစ်တာလားဆိုတာကိုသိရအောင် စောင့်ကြည့်မယ်၊ ပြီးရင်တော့ သူတို့ဆီပို့ပေးရမှာပေါ့ ၊ သူတို့ လဲ အဆင့်ဆင့်စာတင်ရသေးတာဆိုတော့ စောင့်နေရတယ်” ဟု ကလေးသူငယ်အလင်းတန်း ကာကွယ်စောင့်ရှောက်ရေးမှ တာဝန်ရှိသူက ဆိုသည်။

ကလေးငယ်မှာ ယောင်္ကျားလေးဖြစ်ကာ အမေ ဟုသာစကားပြောနိုင်ကြောင်းသိရသည်။ ကလေးငယ်၏ အရပ်နှင့် အရွယ်မှာ ၁ နှစ်ခွဲဝန်းကျင် ကလေးတစ်ယောက်၏ အရွယ်သာရှိသော်လည်း ဖွံ့ဖြိုးမှု အားနည်းနေသည့် ကလေးမျိုးဖြစ်ကြောင်း ၎င်းက ပြောပြခဲ့သည်။

” ကလေးက အမေလို့တော့ခေါ်တယ်၊ နို့ကို နို့ဗူးနဲ့ မသောက်ဘူး ခွက်နဲ့သောက်ချင်တယ်၊ ခြေထောက်ကတော့ သန်တယ် လက်ချောင်းကလေးတွေက ကုတ်နေတယ်၊ မျက်လုံးအကြည့် နည်းနည်းချို့ယွင်းနေတယ်၊

ဒီလောက်ပါပဲ ကျန်တာအကုန်ကောင်းတယ်၊ ဆီချက်ခေါက်ဆွဲ ကောင်းကောင်းစားနိုင်တယ်၊ အဲ့တော့ ကလေးက တစ်နှစ်အရွယ်တော့ မဟုတ်ဘူး ၃ နှစ်ဝန်းကျင်မှာ ရှိနိုင်တယ်၊ ကလေးက ဖွံ့ဖြိုးတိုးတက်မှုအားနည်းနေတဲ့ ပုံစံမှာ ရှိတယ်ပေါ့၊

အခုတော့ ကလေးကို အသဲရောင်အသားဝါ ဘီပိုးစီပိုးနဲ့ ကိုဗစ်စစ်ထားပေးတယ်” ဟု ကလေးသူငယ်အလင်းတန်း ကာကွယ်စောင့်ရှောက်ရေးမှ တာဝန်ရှိသူကဆိုသည်။

လက်ရှိတွင် ကလေးငယ်အား ၁၀၅ ရပ်ကွက်၌ ကျွေးမွေးစောင့်ရှောက်ထားပြီး ကလေးငယ်အား သိရှိသူဖြစ်ပါက တောင်ဒဂုံ ၁၀၅ ရပ်ကွက် အုပ်ချုပ်ရေးမှူးရုံးသို့ လာရောက်ဆက်သွယ်ပေးပါရန် လူမှုကွန်ယက်မှု တစ်ဆင့် ​ကြေညာထားပါသည်။

ဂျူဂျူး
ဓာတ်ပုံ-CJ
#ယနေ့ခေတ်

Leave a Reply

Your email address will not be published. Required fields are marked *