” နတ်ဖြစ်သွားသော မြန်မာဘုရင်များ “

ရှေးမြန်မာဘုရင်များလက်ထက်ကပင် ပွဲတော်များ၊ အခမ်းအနား အစီအရင်များတွင် ဗုဒ္ဓဘာသာထုံးတမ်းစဥ်လာများအပြင် မြောက်ပိုင်းမဟာယန နှင့် ဗြဟ္မဏဝါဒတို့မှပါလာသော နတ်ကိုးကွယ်မှု့ဆိုင်ရာတို့ကို ထည့်သွင်းခဲ့ကြသည်ကို တွေ့ရပါသည်။





နတ်တော်လ နတ်ပူဇော်ပွဲမှစ၍ ရှေးမင်းတို့ နန်းတက်အခမ်းအနား၊ လယ်ထွန်မင်္ဂလာအခမ်းအနားများမှစ၍ ဟိန္ဒူဗြဟ္မဏပုဏ္ဏားများက ဦးဆောင်၍ နတ်ပင့်ခြင်း၊ ဗလိနတ်စာကြွေးခြင်းများ ပါဝင်နေလေသည်။

ယခုတိုင် လူတို့ ပူဇော်နေကြသည့် အတွင်း၃၇မင်း၊အပြင်၃၇မင်းဟူသော နတ်များ ရှိကြသည်။ထို၃၇ဟူသောဂဏန်းမှာ ဘာသာရေး လောကီပညာရပ်များ၌လည်း ဗောဓိပက္ခယတရား ၃၇ ပါး ရှိသကဲ့သို့ ကာရေး၃၇ချင်း၊ ဓါးရေး၃ရချင်း၊ အဲမောင်းရေး၃၇ချင်း၊ တက်ရေး၃၇ချင်း၊ သဘင်၃၇ချင်း၊

မြင်းရေး၃၇ချင်း စသဖြင့် စစ်ရေး၊ လူမှု့ရေး၊ ယဥ်ကျေးမှု့တို့တွင် တွေ့ရသည့်အပြင် မြတ်စွာဘုရားသခင် ဟောကြားတော်မူခဲ့သော သုတ်ပါထေယျပါဠိတော် အာဋာနာဋိယသုတ်တော်၌
နတ်စစ်သူကြီး ၃၇ ပါးရှိကြောင်း ဖော်ပြထားရာ မြန်မာလူမျိုး ဗုဒ္ဓဘာသာဝင်တို့အဖို့ ၃၇ ဂဏန်းသည်ယဥ်ပါးနေပြီ ဖြစ်၏။

ပုဂံခေတ် အနော်ရထာမင်းမတိုင်မီကပင် မြန်မာနိုင်ငံ၌ ထေရဝါဒသာသနာရှိခဲ့ပြီပင်ဖြစ်သော်လည်း မဟာယန၊
မန္တရ၊တန္တရဝါဒ(အရည်းကြီး)ဘာသာများလည်း ရောနှောနေလေရာ နတ်ကိုးကွယ်မှု့လည်း လိုအပ်သည်ထက် ပိုမို
ရှေ့တန်းရောက်ခဲ့ဟန် တူပါသည်။ အေဒီ ၄ရာစု
သေဥ်လည်ကြောင်မင်း(၂၆၆-၃၀၉)လက်ထက်မှစ၍
မင်းမဟာဂီရိနတ်ကို မင်းနှင့်တကွပြည်သူအများ နှစ်စဥ်အခမ်းအနားဖြင့် ကိုးကွယ်ပူဇော်ခဲ့ကြသည်။

ထိုမှ နတ်ကိုးကွယ်မှု့ အလွန်အကျွံရှေ့တန်းရောက်လာခဲ့ရာ
အနော်ရထာမင်းလက်ထက်တွင် သထုံမှ ရှင်အရဟံ
အကူအညီဖြင့် ပိဋကတ်သုံးပုံကို ရရှိခဲ့ပြီး ထေရဝါဒ
စစ်စစ်ကို အလေးထားရှေ့တန်းတင်ကြိုးပမ်းခဲ့သော်လည်း နတ်ကိုးကွယ်မှု့မှာ ပပျောက်ခြင်းမရှိခဲ့ပဲ ဆက်လက်
တည်ရှိနေခဲ့ပါသည်။





အနော်ရထာမင်းကြီးသည် မင်းမိန့်ဖြင့် နတ်ကွန်းနတ်စင်တို့ကို ဖျက်သိမ်းစေပြီး နတ်ရုပ်များကို စုစည်းချည်တွဲကာ ကောင်းမှု့တော်ရွှေစည်းခုံဘုရားကြီး တံတိုင်းအတွင်းစုရုံးထားခဲ့သည်။ ယင်းနတ်ရုပ်များကို ရွှေစည်းခုံဘုရားတံတိုင်းထောင့်တစ်နေရာတွင် ယခုတိုင် တွေ့နိုင်ပါသေးသည်။

ထိုအချိန်က ရွှေစည်းခုံဘုရားတံတိုင်းအတွင်းရှိနတ်များကို အတွင်း၃၇ မင်းဟုလည်းကောင်း၊ တံတိုင်းအပြင်ဘက်တွင် ထားရှိသောနတ်များကို အပြင်၃၇ မင်းဟု ခေါ်ဆိုသတ်မှတ်​ခဲ့ကြသည်။သို့သော် ပုဂံခေတ်က အတွင်း၃၇မင်းမှာ ၃၇ပါးလုံး
အရေအတွက်အစေ့ရှိသော်လည်း အပြင်၃၇မင်းမှာ၂၂ပါးသာ ရှိသေးသည်။ အရေအတွက်မပြည့်သေးပေ။ နောင်တောင်ငူခေတ်ရောက်မှသာ အပြင် ၃၇မင်းမှာ ၃၇ ပါးအပြည့်သတ်မှတ်ခဲ့​နိုင်ခဲ့ကြောင်းဆိုပါသည်။

နတ်သမိုင်း နတ်အတ္ထုပတ္တိများတွင် လည်း တစ်ပါးချင်းစီအကြောင်းကို မူကွဲများစွာ တွေ့ရပါသည်။

မြန်မာရာဇဝင်ပါ မင်းများထဲတွင် သေလွန်ပြီးသောအခါ နတ်အဖြစ် သတ်မှတ်ကိုးကွယ်ခံရသော ဘုရင် ၇ပါးရှိကြောင်းတွေ့ရပါသည်။ ၃၇မင်းနတ်စာရင်းဝင် နတ်များအနက်
ပုဂံဘုရင်က ၃ပါး၊ ပင်းယဘုရင်က ၁ပါး၊ အင်းဝဘုရင်က ၁ပါး၊ တောင်ငူဘုရင်က ၂ပါး ပါဝင်ရာ အေဒီ ၂ရာစု မှ ၇ရာစုအထိ မြန်မာဘုရင်အချို့နတ်ရွာစံလွန်သွားပြီးနောက် နှစ်ပေါင်းများစွာကြာသည့်တိုင် နတ်အဖြစ် ကိုးကွယ်ခံနေရဆဲဟု ဆိုနိုင်ပါသည်။

” ထီး ဖြူ ဆောင်း နတ် ”

ပုဂံဘုရင်များအနက် ပထမဆုံးနတ်စဖြစ်သည်မှာ ကျောင်းဖြူမင်း(၉၉၁-၁၀၁၃)ဖြစ်၏။နတ်ရာဇဝင်အရ ပုဂံကွမ်းဆော်မင်း(ခေါ်) ကျောင်းဖြူမင်းသည် ရဟန်းဘဝမှ ပျံလွန်တော်မူပြီးနောက် နတ်ဖြစ်ခဲ့ရာ သင်္ကန်းဒုကုဋ်ကိုင်ဟန် နှင့် မိုးကြိုးသွားပုံ ဒေါက်ချာဆောင်းထားရကြောင်း အဆ်ိုရှိသည်။ မင်းတုန်းမင်းတရားကြီးလက်ထက် စစ်တမ်းတစ်ခုတွင် နတ်အုပ်ဒေဝကျော်သူက ၁၈၅၇ ခုနှစ် ဖေဖော်ဝါရီလ ၁၈ရက်နေ့တွင် ပြောပြခဲ့သည့် မှတ်တမ်း၌ အောက်ပါအတိုင်း ဖော်ပြထားသည်။

“ပုဂံမြို့ ကွမ်းဆော်မင်းကို မြောက်နန်းမိဘုရားသား
စုက္ကတေးနန်းချ၍ ပရိမ္မအရပ်တွင် စမုတ်ကျောင်းဆောက်လုပ်တင်ထားသည်။ မကြာမြင့်မီရောဂါကပ်ရောက်၍
သေလျင်နတ်ဖြစ်သည်။ ပရိမ္မမြို့တွင် ထီးဖြူဆောင်းနတ်သမုတ်၍ နှစ်စဥ်နတ်ပွဲ ပြုပါသည်။’ဟူ၍ ဖြစ်သည်။
ယင်းသို့ နတ်ထိန်းကြီးအဆိုကို ရာဇဝင်များနှင့် ချိန်ထိုးကြည့်သင့်ပါသည်။

ကွမ်းဆော်မင်းဟု ခေါ်ဆိုခြင်းမှာ ဘုရင့်ဘဏ္ဍာတော်အတွက် အခွန်အတုတ်ပေးအပ်ရန် လိုက်လံနှိုးဆော်ကောက်ခံရသူ ကို ပုဂံခေတ်က ကွမ်းဆော်ဟု သုံးနှုန်းခေါ်ဆိုသဖြင့် ထိုမင်း ဘုရင်မဖြစ်မီကကွမ်းဆော်အဖြစ် အမှု့ထမ်းခဲ့ရသောကြောင့် ကွမ်းဆော်မင်းဟု ခေါ်ဆိုသည်။

ကျောင်းဖြူမင်းဟု ဆိုခြင်းမှာ မင်းအဖြစ်မှ နန်းကျပြီးနောက် ရဟန်းဝတ်ဖြင့် ကျောင်းဖြူထက်တွင် နေထိုင်သီတင်းသုံး
ရသောကြောင့်ဟု အဆိုရှိသည်။ ဦးကုလား၏ မဟာရာဇဝင်ကြီး(ပထမတွဲ) ၌ “ကွမ်းဆော် ကျောင်းဖြူမင်း”ဟု ထိုမင်း၏ ဘဝ နိဒါန်းရော နိဂုံးပါ ခြုံငုံမိအောင် ခေါ်ဆိုထားသည်ကို
တွေ့ရသည်။





ကွမ်းဆော်မင်းတွင် မိဘုရား ၃ပါးရှိရာ တောင်ပြင်သည်မှ သား ကျည်းစို၊ အလယ်ပြင်သည်မှ သား စုက္ကတေး၊
မြောက်ပြင်သည်မှ သား အနော်ရထာတို့ ဖွားမြင်ကြောင်း
သိရသည်။ ယခင်က သမိုင်းသုတေသနပညာရှင်အချို့သည် အနော်ရထာမတိုင်မီ ပုဂံဘုရင်များ၏အမည်ကို
အသိအမှတ်မပြု၊ ကျောက်စာအထောက်အထားနည်းပါးခြင်း နှင့် ဒဏ္ဍာရီဆန်လွန်းသောအဖြစ်အပျက်များကြောင့် ဖယ်ထုတ်ထားခဲ့ကြသည်။

သို့သော် နောက်ပိုင်း စောရဟန်း(၉၄၆-၉၉၁) သိမ်၊ ကျောက်စာကို တွေ့ရှိခဲ့ရာ သိမ်ဟူသည်မှာ ဗုဒ္ဓဘာသာရဟန်းတော်များ ကံဆောင်ရာ အထွဋ်အမြတ်နေရာဖြစ်သဖြင့်
ထိုကျောက်စာအရ အနော်ရထာမတိုင်မီကပင်စောရဟန်းဟူသော မင်းတစ်ပါးအမှန်တကယ်ရှိခဲ့ပြီးပုဂံပြည်၌ ဗုဒ္ဓဘာသာ ရောက်ရှိကိုးကွယ်နေပြီ ဖြစ်ကြောင်း သိရှိခဲ့ကြ၏။

ကျောင်းဖြူမင်းကိုလည်း ယခင်က ဒဏ္ဍာရီလာမင်းတစ်ပါးလောက်သာ မှတ်ထင်ခဲ့ကြသော်လည်းခရစ်နှစ် ၁၃၁၃ခုနှစ်တွင် ပုဂံမြင်းကပါဂူပြောက်ငယ်ဘုရားနံရံထက် ရေးမှတ်ခဲ့သည့် မင်စာအရ”က္လောင်ဖ္လူ” (ကျောင်းဖြူ)မင်း အမှန်တကယ်ရှိကြောင်း လက်ခံလာခဲ့ကြရသည်။

အချို့ပညာရှင်တို့က ကျောက်စာ၊ မင်စာများ၌ မတွေ့ဖူးလျှင် လက်မခံလိုကြပေ။ ထိုအတွေးအခေါ်မှာအလွန်တစ်ဖက်သတ်ဆန်လွန်း လှပါသည်။အကြောင်းအရာတိုင်း ကျောက်စာမင်စာတို့တွင် မရှိနိုင်ပေ။ ကျောက်စာမင်စာဟူသည်မှာ လှူဒါန်းသည့် အရာနှင့်ပက်သက်သော အကြောင်းအရာတို့ကိုသာရေးထိုး
မှတ်တမ်းတင်ခြင်း ဖြစ်ပါသည်။ မြန်မာဘုရင်အချို့ ၃၇ မင်းဝင်နတ် အမှန်တကယ် ဖြစ်သည်မဖြစ်သည်ကို အပထား၍ နတ်ချင်း၊ နတ်ရာဇဝင်လာ သမိုင်းဆိုင်ရာ အချက်အလက်များ
ကိုလည်း မူကွဲအမှတ်အသားအထောက်အထားများအဖြစ် လေ့လာနိုင်ပေသည်။

” ပ ရိ မ္မ မင်း ခေါင် နတ် ”

နတ်အဖြစ်သတ်မှတ်ခံရသည့် ပုဂံဘုရင်နောက်တစ်ပါးမှာ အထက်ပါ​ကျောင်းဖြူမင်း၏ သားတော် ကျည်းစိုမင်း(၁၀၁၃-၁၀၁၉)ဖြစ်သည်။မင်းသားဘဝက ပရိမ္မရွာကို စားခဲ့ရဘူးသဖြင့်ပရိမ္မမင်းသားဟု အမည်တွင်ခဲ့သည်။ နတ်သမိုင်း၌ ထိုမင်းကို “ပရိမ္မမင်းခေါင်နတ်”ဟု သတ်မှတ်ခဲ့သည်။

ကျည်းစိုမင်းသည် သမင်လိုက်သွားရင်းနှင့် မုဆိုးတစ်ဦး၏ မှားယွင်းပစ်ခတ်ခံရသော မြားချက်ဖြင့် နတ်ရွာစံလွန်ကာ
နတ်ဖြစ်ခဲ့သည်ဟု ဆိုသည်။ မြန်မာ ရာဇဝင်တွင် ဤသို့မှားယွင်း ပစ်ခတ်ခံရသောကြောင့် ကံကုန်သည့်မင်း
အချို့ရှိနေပါသေးသော်လည်း ကျည်းစိုးမင်းကဲ့သို့
နတ်အဖြစ်သတ်မှတ်ခြင်း မခံရပေ။

ကျည်းစိုမင်းသည် ညောင်ဦးစောရဟန်းမင်း(၉၅၈-၉၉၁) နတ်ရွာစံလွန်သော ခရစ်နှစ်၉၉၁တွင်ဖွားမြင်ခဲ့ပြီး သက်တော်၂၂ နှစ်အရွယ်၌ ထီးနန်းရရှိကာ၂၈နှစ်အရွယ်(ခရစ်နှစ်-၁၀၁၉)ခုနှစ်တွင် နတ်ရွာစံလွန်ခဲ့သည်။ မဟာရာဇဝင်ကြီး၌ ထီးနန်းရရှိပြီးနောက် ဗန့်ကျီဆယ်ရွာတိုက်သို့ သွားရောက် တောကစားလေ့ရှိသည်ဟု ဖော်ပြထား၏။

” မင်း စည် သူ နတ် ”

အပြင် ၃၇မင်းဝင် “မင်းစည်သူနတ်”မှာ ကျန်စစ်သားမင်းကြီး၏ မြေးတော် အလောင်းစည်သူမင်း(၁၁၁၃-၁၁၆၀)ကိုပင် ဆိုလိုခြင်း ဖြစ်သည်။ဇာတာတော်ပုံ ရာဇဝင်အရ အလောင်းစည်သူမင်းကို ခရစ်နှစ် ၁၀၉၀ခုနှစ် ဇန်နဝါရီလ ၁၇ရက်နေ့တွင် ဖွားမြင်ကြောင်း တွေ့နိုင်သည်။ သက်တော် ၂၃နှစ် အရွယ်၁၁၁၃ခုနှစ်တွင် ထီးနန်းစိုးစံခွင့်ရရှိခဲ့ပြီး ၁၁၆၀ပြည့်နှစ်တွင် နတ်ရွာစံလွန်သည်ဟု ဖော်ပြထားသည်။သူ၏ မိဘုရားများအနက် မိဘုရား ရတနာပုံမှဖွားမြင်သော သားတော်
နရသူက လုပ်ကြံ၍ ကွယ်လွန်ခဲ့ရာမှ နတ်ဖြစ်သည်ဟု
ယူဆကြလေသည်။

” ငါး စီး ရှင် နတ် ”





“ငါးစီးရှင်နတ်” မှာ ပင်းယဘုရင် ငါးစီးရှင်ကျော်စွာမင်း (သီဟသူရ ၂) (၁၃၄၄-၁၃၅၀) အပြင်းဖျားနာ၍ ကံတော်ကုန်လွန်ခဲ့ရာမှ နတ်ဖြစ်သည်ဟု ယူဆကြ၏။ မင်းတုန်းမင်းကြီးလက်ထက် နတ်အုပ်ကဝိဒေဝကျော်သူ၏ စစ်တမ်းတွင် “ပင်းယမြို့တည် တစ်စီးရှင်သီဟသူ(သီဟသူရ ၁)၏သားဥဇနာမင်း၏ ညီ ငါးစီးရှင်ကျော်စွာမင်း သေလွန်ပြီး နတ်ဖြစ်သည်ကို ရာဇစူဠာမဏိ(ကောင်းမှု့တော်)ဘုရား ဒါယကာ သာလွန်မင်းတရား၏ သားတော်ငါးထပ်ဒါယကာမင်းလက်ထက်တွင် ၃၇ မင်း တွဲဆက်၍မြို့စောင့်နတ် ၁၂ ရပ်အပါအဝင်ထားရပါသည်။”ဟု
တွေ့ရှိရသည်။

ကျောက်စာမှတ်တမ်းများအရမူ သီဟသူရ ၂ ဘွဲ့ခံသည့် ငါးစီးရှင်ကျော်စွာမင်းသည် ပင်းယမြို့တည် တစ်စီးရှင်သီဟသူ၏ သား ဥဇနာမင်းမှ ဖွားမြင်သော မြေးတော်သာဖြစ်သည်။ငါးစီးရှင်ကျော်စွာသည် ၁၃၄၄ခုနှစ် မတ်လ ၂၉ ရက်နေ့တွင် ဦးရီးတော် စည်သူမင်း(၁၃၄၀-၁၃၄၄)ကို ဆက်ခံ၍
နန်းတက်ခဲ့ကြောင်း ရာဇဝင်တို့၌လည်း ဖော်ပြပါရှိပါသည်။ ၁၃၅၀ပြည့်နှစ်တွင် နတ်ရွာစံလွန်ကာ သားဖြစ်သူ ကျော်စွာ (အဖနှင့်အမည်တူ)က ထီးနန်းဆက်ခံခဲ့သည်။

” မင်း တ ရား နတ် ”

အင်းဝခေတ်ဘုရင်များတွင် ရှားရှားပါးပါး နတ်အဖြစ်သတ်မှတ်ခံရသော ဘုရင်တစ်ပါးသာတွေ့ရသည်။ “မင်းတရားနတ်” ဟုခေါ်တွင်သော ဆင်ဖြူရှင် တရဖျားမင်း ( ခရစ်နှစ်၁၄၀၀ပြည့်နှစ်)ပင်ဖြစ်ပါသည်။ဆင်ဖြူရှင်တရဖျားသည် အင်းဝဘုရင်မင်းကြီးစွာစော်ကဲနှင့် မိဘုရားခမည်းမိတို့မှ ခရစ်နှစ် ၁၃၆၈ ခုနှစ်တွင် ဖွားမြင်ခဲ့သူဖြစ်သည်။

အသက်၁၇ နှစ်အရွယ်တွင် အိမ်ရှေ့ဥပရာဇာ အရာရရှိခဲ့ပြီး ခရစ်နှစ် ၁၄၀၀ပြည့်နှစ် သက်တော် ၃၂နှစ်တွင် အင်းဝထီးနန်းဆက်ခံခဲ့ရသည်။ သို့သော် ထီးနန်းစည်းစိမ် ၇လသာ စိုးစံခဲ့ရပြီးနတ်ရွာစံခဲ့၏။ဆင်ဖြူရှင်တရဖျားမင်းအကြောင်းကို မဟာရာဇဝင်ကြီး (ပတွဲ) တွင် ဤသို့ဖော်ပြခဲ့ပါသည်။

“မင်းဖြစ်ပြီး ၅လအကြာတွင် အောင်ပင်လယ်အရပ်၌ တောကစားရာ သမင်နောက်သို့ လိုက်ပါရင်း တစ်ပါးတည်း အဖော်ကွဲ၍ ခြုံထူရာရောက်လေ၏။ ထိုအခိုက်ဇော်ဂျီတစ်ပါးကောင်းကင်မှ ကျလာပြီး မင်းကြီးရှိ ခရုသင်းလက်ယာရစ်ကို ငါ့ကိုပေးပါ လိုသမျှအတတ်သင်ပေးမည်ဟု ဆိုသည်။
မင်းကြီးက အခြားအတတ်မသင်လို နတ်သမီးသာ အလိုရှိသည်ဟု ဆို၏။

ဇော်ဂျီလည်း လက်ဖျစ်တီး၍ မန်းလျှင် ကောင်းကင်မှ သူရဿတီနတ်သမီးကျလာ၍ မင်းကြီးကိုအပ်ကာ လက်ယာရစ်ခရုသင်းကို ယူဆောင်သွားလေသည်။ မင်းကြီးလည်း ထိုနတ်သမီးနှင့် သံဝါသဖြစ်ပြီးနောက် နတ်သမီး ကွယ်ပျောက်လေသည်။ ထိုနေ့မှစ၍ နှလုံးတော်မရပ်မတည်ရှိတော်မူ၏။

စိတ်နှလုံးမတည်မတန့် ပြင်းစွာရှိ၍ ထီးလှိုင်ရှင်ဂူအောက်တွင် တစ်ပါးတည်းငါးမျှားနေစဥ် အထိန်းတော် တကောင်းစား ငနောက်ဆံ လုပ်ကြံ၍ ကွယ်လွန်ခဲ့ရသည်။ အိမ်နိမ့်၃၇နှစ်၊စည်းစိမ် ၇လ၊အနိစ္စရောက်လိုသော် စနေဂြိုလ် ဓနုမှဗြိစ္ဆာသို့ ဗျဂ္ဃစရိယာပြု၏။ နံတော်သောကြာသားတည်း”ဟု ဖော်ပြထားပါသည်။ ဤမင်းနတ်ရွာစံသောအခါ နတ်ဖြစ်သည်ဟု အယူရှိပြီး “အောင်ပင်လယ် ဆင်ဖြူရှင်နတ်” ဟူ၍ လည်းခေါ်ဆိုသည်။

” တ ပင် ရွှေ ထီး နတ် ”

တောင်ငူခေတ်တွင် နတ်ဖြစ်သွားသော ဘုရင်၂ ပါးကို တွေ့ရလေသည် ။ တပင်ရွှေထီးနှင့် တောင်ငူရှင်မင်းခေါင်နတ်တို့ ဖြစ်ကြသည်။ တပင်ရွှေထီးမင်း(၁၅၃၀-၁၅၅၁)သည် ယောက်ဖတော်ဘုရင့်နောင်နှင့်တူ မြန်မာနိုင်ငံအဝှမ်းစည်းရုံးတိုက်ခိုက်ပြီး ပိုင်နက်နယ်ပယ်ချဲ့ထွင်ခဲ့ကာ ရဲစွမ်းသတ္တိအရာ၌ ထင်ရှားခဲ့သော ဘုရင်တစ်ပါး ဖြစ်သည်။

သူ၏ ဝန်ကြီး စစ်တောင်းစားသမိန်စောထွတ်က
ဇာတာတော်မသန့်ရှိသဖြင့် စစ်တောင်းသို့ ယာယီပြောင်းရွှေ့နန်းစံသင့်ကြောင်း ဆွဲဆောင်ခဲ့သည်။ ၁၅၅၁ ခုနှစ်၊
ဧပြီလ ၂၀ရက်နေ့ ညဥ့် ၃ချက်တီးကျော်တွင် မင်းတရားရွှေထီးစက်တော်ခေါ်နေစဥ် သမိန်စောထွတ်၏အကြံဖြင့် လက်ဝဲဓါးမှူးက မိမိစွဲသောဓါးဖြင့် ခုတ်ပိုင်းလုပ်ကြံခဲ့သည်။
“ဦးခေါင်းပြတ်၍ သလွန်တော်အောက်သို့ စဥ်ကျလေသည်ကို မိုးသောက်မှ ကြည့်ရှု့ကြလေသော် အသက်ရှိသူကဲ့သို့ မျက်တောင်တဖျတ်ဖျတ်ခတ်လျှက် တွေ့ရသည်။

နေ့တစ်ချက်တီးကျော်မှသာ ငြိမ်သောဟူ၏။ ထိုအကြောင်းကို ဇောတိသာယံဆရာတော်ကြီးကြားလျှင်ဟံသာဝတီကို မွန်တို့ ဦးစွန်းမပြုရချေ၊ မြန်မာတို့သာ ဦးစွန်းပြုပေမည်ဟု နိမိတ်ဖတ်လေ၏”ဟု တပင်ရွှေထီးမင်း နတ်ရွာစံရပုံကို မဟာရာဇဝင်ကြီး၊ တွင်းသင်း၊ မှန်နန်းစသည့် ရာဇဝင်ကြီးများတွင် ဖော်ပြထားပါသည်။

မြန်မာ ၃၇ မင်းနတ်စာရင်း၌ သူတစ်ပါးလုပ်ကြံ၍ အနိစ္စရောက်ရသော မင်းတရားရွှေထီးကိုလည်း နတ်ရွာစံလွန်ပြီးနောင် နတ်အဖြစ် သတ်မှတ် ယူဆခဲ့ကြသည်။ တပင်ရွှေထီးနတ်ရုပ်တုတွင် ကြာပန်းခံပလ္လင်ထက်၌ မင်းမြှောက်တန်ဆာငါးပါး ဆင်မြန်းလျှက် လက်၌ သန်လျက်ကိုင်ဆွဲထားသည်။

” တောင် ငူ မင်း ခေါင် နတ် ”

တောင်ငူမင်းခေါင်နတ် ဟုလည်းကောင်း၊ တောင်ငူရှင်ဘုရင် နတ်ဟုလည်းကောင်း သတ်မှတ်ခြင်း ခံရသူမှာ တောင်ငူဘုရင်၏ သားတော်တစ်ပါးဖြစ်ပြီး ကိုးသိန်းသခင်(ပုသိမ်သခင်)ဟုလည်း ခေါ်တွင်သော တောင်ငူရှင်မင်းခေါင်(၁၅၄၂-၁၅၈၄)ဖြစ်သည်။မကွယ်လွန်မီ ဝမ်းရောဂါကျရောက်သဖြင့် စစ်တောင်းမြစ်အနီးသွားရောက်နေထိုင်ကာ ဆေးဝါးကုသမှု့ခံယူခဲ့သည်။





ထိုမှပြန်လာခဲ့ပြီး နန်းတော်သို့ အရောက်၌ပင် ဝမ်းရောဂါဖြင့်ပင် နတ်ရွာစံလွန်ခဲ့ပါသည်။ ဤ နတ်ရုပ်ကို ကြာပလ္လင်ပေါ်၌ မင်းဝတ်တန်ဆာဝတ်လဆင်လျှက် လက်၌ယပ် တစ်ခုကိုင်ထားသည်ကို တွေ့ရသည်။ဘုရင်မှ ဖြစ်လာသော နတ်စာရင်းဝင်တို့ကို လေ့လာကြည့်သောအခါ ပုဂံခေတ်၊ ပင်းယခေတ်၊ အင်းဝခေတ်၊တောင်ငူခေတ်ဘုရင်တို့သာ တွေ့ရပြီး ကုန်းဘောင်ခေတ်ဘုရင်တို့မပါရှိချေ။

အများအားဖြင့် ဥပစ္ဆေဒကံဖြင့်လည်းကောင်း၊ ထူးခြားသော ကွယ်လွန်ပုံအရလည်းကောင်း၊ မမျှော်လင့်ပဲ ရုတ်တရက်ကံကုန်ခြင်းကြောင့်သော် လည်းကောင်း ထိုသို့ နတ်အဖြစ် သတ်မှတ်ခဲ့ကြသလော မဆိုနိုင်ပေ။

ဘုရင်ကိုသာမဟုတ် အခြားမင်းညီမင်းသားမင်းမျိုးမင်းနွယ် နတ်စာရင်းဝင်များလည်း ကျန်ရှိနေပါသေးသည်။ ကုန်းဘောင်ခေတ်၊ ဘုရင်များမပါဝင်ပဲ တောင်ငူခေတ်ဘုရင်များအထိသာ သတ်မှတ်ခဲ့သည်မှာ တောင်ငူခေတ်၌ပင် ၃၇မင်းနတ်စာရင်း၌ ၃၇ ပါးပြည့်သွားခဲ့ပြီဖြစ်သောကြောင့်ဟုလည်း ဆိုနိုင်ပါသည်။

စာကိုး။ ဦးကုလား “မဟာရာဇဝင်ကြီး”
( ပ၊ဒု၊တ တွဲ)
ဦးဘညွန့် “မိရိုးဖလာနတ်သမိုင်း”
တင်နိုင်တိုး”သမိုင်းအတွေး၊သမိုင်း
အရေး”တို့ကို ကိုးကားဖော်ပြသည်။
Credit,မူရင်းရေးသားသူအားလေးစားစွာဖြင့်

Leave a Reply

Your email address will not be published. Required fields are marked *