အရက်ဝယ်သောက်မိရာက အရက် အဆိပ်သင့်ပြီး လူ ၁၀ ဦး သေဆုံး

CJ Platform
ကချင်ပြည်နယ်၊ လွယ်ဂျယ်မြို့တွင် အရက်ဆိုင်တဆိုင်မှ အရက်ဝယ်သောက်မိရာက အရက် အဆိပ် သင့်ပြီး သေဆုံးသူ ၁၀ ဦးထိ ရှိခဲ့ကြောင်း ဒေသခံသတင်းရင်းမြစ်များထံမှ သိရသည်။
ပြီးခဲ့သည့် ဇန်နဝါရီလ ၁ ရက်နေ့တွင် လွယ်ဂျယ်မြို့ အောင်ချမ်းသာရပ်ကွက်ရှိ တရုတ်ရိုးရာ ယဉ်ကျေးမှုဆိုင်ခန်းရှိ အရက်ဆိုင်ဖွင့်လှစ်ရောင်းချသူ တစ်ဦးထံမှ ဝယ်ယူလာသည့် အရက်များ သောက်သုံးမိပြီး အဆိပ်သင့်မှု ဖြစ်ပွားရာကနေ လူ၁၀ဦးသေဆုံးကာ ၂ ဦးဆေးကုသမှုခံယူခဲ့ ရတာပဲဖြစ်သည်။
ထိုအရက်များ သောက်မိသူများသည် ရုတ်တရက် မျက်စိအမြင် မှုန်ဝါးကာ အသက်ရှူမဝသည့် ရောဂါဝေဒနာများ ခံစားရပြီး လွယ်ဂျယ်မြို့၊ ပြည်သူ့ဆေးရုံသို့ ပို့ဆောင်ဆေးကုသမှု ခံယူစဉ် သေဆုံးခဲ့တာပဲ ဖြစ်သည်။
လက်ရှိမှာတော့ ဆေးကုသမှုခံယူနေသူ နှစ်ဦးသည်လည်း မစိုးရိမ်ရတော့ပဲ သောက်သုံးခဲ့သည့် အရက် နမူနာများအား သက်ဆိုင်ရာဌာနများမှ ယူဆောင်သွားကြောင်း သိရသည်။
“သောက်ပြီးတော့ သူတို့ခြေလက်တွေ ကွေးလာတယ်ပြောတယ် မျက်စိတွေလဲပြာလာတယ်ပေါ့ ပထမနေ့ညမှာတင် ၆ယောက်သေသွားတာ သေတဲ့ထဲ ၂ ယောက်ပဲလူလွတ်တွေလို့ကြားတယ် အရက်တွေက ဗန်းမော်က ဝင်တယ်ပြောတယ် သေချာတော့မသိဘူး အဲ့တာတော့”ဟု ဒေသခံ မေတ္တာမွန်ပရဟိအသင်းမှ ကူညီဆောင်ရွက်ပေးခဲ့သူ တစ်ဦးက ဆိုသည်။
လက်ရှိမှာတော့ အဆိုပါဆိုင်မှအရက် ဝယ်ယူထားသူများအနေဖြင့်လည်း မသောက်ဘဲ သက်ဆိုင်ရာ နယ်မြေရဲစခန်းသို့ လာရောက် အပ်နှံကြရန်လည်း အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနမှ အသိပေးထုတ်ပြန်ထားသည်။
သေဆုံးခဲ့သူများသည် ကျောက်ဆည်မြို့နယ်မှ ရွှေ့ပြောင်းအလုပ်လုပ်ကိုင်သူများဖြစ်ပြီး အသက် ၂၀ ကျော်နှင့်၄၀ ဝန်းကျင်ရှိသူများ ဖြစ်ကြောင်း သိရသည်။
🖋️ခေတ်နီ