ရန်ကုန်က အဌားယာဥ်မောင်းတွေကို ပစ်မှတ်ထားပြီး အမျိုးသမီးတစ်ဦးက လိမ်လည်မှုတွေပြုလုပ်နေ

DTV, 04 January 2023

ရန်ကုန်မြို့မှာ အမျိုးသမီးတစ်ဦးက တက္ကစီအငှားယာဉ်မောင်းတွေဆီကနေ ဖုန်းငှားဆက်ချင်ယောင်ဆောင်ပြီး လိမ်လည်ယူဆောင်သွားမှုတွေအပြင် မိသားစုဝင်တွေဆီကနေပါ ခြိမ်းခြေက်ပြီး ငွေတောင်းခံမှု ဖြစ်ပွားနေတယ်လို့ သိရပါတယ်။

အဲဒီအမျိုးသမီးဟာ တက္ကစီမောင်းသူတွေဆီကနေ ဖုန်းငှားဆက်ပြီး လိမ်လည်ယူဆောင်သွားတာလို့ သိရပါတယ်။

အဲဒီလို ယူဆောင်သွားပြီးနောက် မိသားစုဝင်တွေဆီကနေ ပိုက်ဆံတောင်းတာမျိုးတွေ ပြုလုပ်ခဲ့တာ ဖြစ်ပါတယ်။

“သူကညီမယောကျာ်း စာပို့အနေနဲ့ မိန်းမရေ ငါ့ဖုန်းထဲ Waveနှစ်သိန်းလောက် လွှဲထည့်ပေးပါလို့ စာအရင်ပို့တာ ညီမကလည်း သူကားတစ်ခုခုဖြစ်လို့ လျော်ရမယ်ထင်တာ ချက်ချင်းမလွှဲသေးဘဲ

ဖုန်းဆက်တာ ယောကျာ်းကဖုန်းမကိုင်ဘူး နောက်မှ စာထပ်ပို့တာ နင့်ယောကျာ်းကိုအကောင်းတိုင်းမြင်ချင်ရင်ပိုက်ဆံမြန်မြန်ပို့ဆိုပြီး”လို့ ကိုယ်တိုင် ကြုံတွေခဲ့ရသူ တက္ကစီယာဉ်မောင်းရဲ့ အမျိုးသမီးက ဆိုပါတယ်။

အဲဒီဖြစ်စဉ်ဟာ ဇန်နဝါရီ၂ရက်နေ့မှာ ဖြစ်ပွားခဲ့တာ ဖြစ်ပြီး wave moneyကနေလွှဲပေးခဲ့တဲ့ ပိုက်ဆံ၂သိန်းနဲ့ အမျိုးသားဖြစ်သူရဲ့ Mi 8 Liteအမျိုးအစား ဖုန်းတစ်လုံး ဆုံးရှုံးခဲ့တာ ဖြစ်ပါတယ်။

အလားတူပင် အဆိုပါ အမျိုးသမီးဟာ ဇန်နဝါရီ၄ရက်နေ့က ကျော်သူနာရေးကူညီမှုရုံးအရှေ့ကနေ ယုဇနကို ငှားစီးလာခဲ့တဲ့ တက္ကစီမောင်းတဲ့ အမျိုးသားတစ်ဦးဆီကနေလည်း ဖုန်းငှားဆက်ချင်ယောင်ဆောင်ပြီး ထပ်မံလိမ်လည်ခဲ့တယ်လို့ သိရပါတယ်။

“ကားဌားစီးရင်း ဖုန်းခဏလောက် ဆက်ပါရစေ ဆိုပြီး ဖုန်းအလစ်သုတ်သွားတာ ယုဇနဥယျာဥ်မြို့တော်မှာ ဖုန်း ဆက်ရင်းအိမ်ရှာသလိုလိုနဲ့ဆင်းသွားတာ။ အမှီလိုက်တာတောင်မမှီဘူး”လို့ ဖုန်းလိမ်လည်ယူဆောင်သွားခံရတဲ့ အငှားယာဉ်မောင်း ကိုမောင်မောင်(အမည်လွှဲ)က ဆိုပါတယ်။

အဲဒီအမျိုးသမီးဟာ ဘယ်ဘက်မျက်လုံးအောက်မှာမှဲ့ပါပြီးတော့ ညာဘက် လက်ကောက်ဝတ်မှာ တက်တူးထိုးထားတယ်လို့ ကိုမောင်မောင်ရဲ့ ကားမှာ တပ်ဆင်ထားတဲ့ CCTVမှတ်တမ်းအရ သိရပါတယ်။

ဒါ့အပြင် သူမဟာ အဖြူအစိမ်းယူနီဖောင်းနဲ့လည်း လိမ်လည်မှုတွေ ပြုလုပ်ခဲ့သေးတယ်လို့ သိရပါတယ်။

“ကိုယ့်ဆီကဘေလ်ကုန်သွားလို့ဆိုပြီး ရန်ကင်းစင်တာအနောက်လမ်းထဲဝင်သွားပြီး ဖုန်းယူသွားတာ ကားလော့ချမမှီလိုက်လို့ အနောက်ကလိုက်တာ မမှီလိုက်ဘူး အဲဒီမိန်းမပဲ

ဆရာမဝတ်စုံနဲ့ သုံးနေရာလောက်သွားပြီး ပိုက်ဆံလဲမရ ဆီလည်းကုန် ဖုန်းလဲပါ”လို့ ကိုယ်တိုင် လိမ်လည်ခံလိုက်ရသူတစ်ဦးက ဆိုပါတယ်။

အဲဒီအမျိုးသမီးရဲ့ အလိမ်ခံလိုက်ရတဲ့သူတွေရဲ့ ရင်ဖွင့်သံတွေကိုလည်း အငှားယာဉ်မောင်းဂရုတွေထဲမှာ ခပ်စိပ်စိပ်တွေ့နေရတာ ဖြစ်ပါတယ်။

အခြား အငှားယာဉ်မောင်း အမျိုးသား နှစ်ဦးကလည်း သူမရဲ့ လိမ်လည်မှုကြောင့် Mi CC9 Proဖုန်းအမျိုးအစားနဲ့ Samsaung A33တို့ ပါသွားတယ်လို့ ကိုမောင်မောင်ရဲ့ လိမ်လည်ခံရတဲ့ ဖြစ်စဉ်ကိုတင်ထားတဲ့ ပို့စ်အောက်မှာ မှတ်ချက်ရေးသားခဲ့ကြပါတယ်။

ခုလို လိမ်လည်မှုတွေ ဖြစ်ပွားနေတာကြောင့် တက္ကစီမောင်းသူတွေအနေနဲ့ သတိထားကြဖို့နဲ့ အယုံမလွယ်ကြဖို့လိုတယ်လို့ အငှားယာဉ်မောင်းသူတစ်ဦးက ဆိုပါယ်။

Leave a Reply

Your email address will not be published. Required fields are marked *