ရန်ကုန်မြို့၌ အငှားယာဉ်ဖြင့် Delivery ပို့ဆောင်သည့် အမျိုးသား…see more

ရန်ကုန်၊ ဇန်နဝါရီ ၅

ရန်ကုန်မြို့၊ တောင်ဒဂုံမြို့နယ်၌ နေထိုင်ကာ အငှားယာဉ်ဖြင့် Delivery လိုက်လံပို့ဆောင်သူ အမျိုးသားတစ်ဦး ဇန်နဝါရီ ၄ ရက် ညပိုင်းက အဆက်အသွယ်မရဘဲ ပျောက်ဆုံးနေကြောင်း ၎င်း၏ မိသားစုထံမှ သိရသည်။

ဇန်နဝါရီ ၄ ရက်က တောင်ဒဂုံမြို့နယ်၊ ၆၅ ရပ်ကွက်၊ သစ်ဆိပ်မှတ်တိုင်အနီး၌ နေထိုင်သည့် အမျိုးသားမှာ အငှားယာဉ်ဖြင့် Delivery လိုက်လံပို့ဆောင်နေပြီး ည ၈ နာရီနောက်ပိုင်း၌ အိမ်ပြန်လာရာမှ အဆက်အသွယ်မရဘဲ ပျောက်ဆုံးနေကြာင်း သိရသည်။

” မနေ့က ည ၇ နာရီခွဲ၊ ၈ နာရီလောက်အထိတော့ အဆက်အသွယ်ရသေးတယ်။ နောက်ပိုင်းမရတော့တာ အခုအထိဘဲ။ သူက Delivery ပစ္စည်းတွေဘာတွေ လိုက်ပို့တယ်။

ပြီးတော့ ပိုက်ဆံတွေဘာတွေ ရှင်းပေးပြီး ည ၈ နာရီလောက်ထဲက အိမ်ပြန်သွားတာ။ အဲ့ဒီကနေ အိမ်ကိုရောက်မလာဘဲ အဆက် အသွယ်ပြတ်သွားတာ။ ပုံမှန်က အိမ်ကို ည ၈ နာရီခွဲ၊၉ နာရီဆိုပြန်ရောက်နေကြ။

ညက ၁၀ နာရီလောက်အထိ မလာတော့ ဆက်သွယ်ကြည့်တော့ ဖုန်းပါစက်ပိတ်ထားတာ ” ဟု ပျောက်ဆုံးနေသူ၏ အစ်ကိုက ယနေ့ခေတ်သို့ ပြောသည်။

ပျောက်ဆုံးနေသူမှာ အသက် ၃၄ နှစ်အရွယ်ရှိကာ မိသားစုနှင့် အတူနေထိုင်သူဖြစ်ကြောင်း သိရသည်။ ၎င်းမှာ ရွှေပေါက္ကံမြို့နယ်၌ Delivery ပစ္စည်းများ ယူဆောင်ကာ လိုက်လံပို့ဆောင်နေကြဖြစ်ပြီး

ယမန်နေ့ညကလည်း ပစ္စည်းများ ပို့ဆောင်ပေးခဲ့ကာ ငွေကြေးများ ရှင်းလင်းပေးပြီး အိမ်သို့ပြန်လာစဉ်၌ ပျောက်ဆုံးခြင်းဟု သိရသည်။

” ပစ္စည်းဒလီဗာရီယူတာက ရွှေပေါက္ကံနားမှာ။ အဲ့ဒီနားကယူပြီး ပစ္စည်းပို့၊ ပြီးရင် အဲ့ဒီမှာငွေရှင်းပြီး အိမ်ကိုပြန်လာနေကြဘဲ။ လှမ်းမေးကြည့်တော့ ဟိုမှာ ငွေရှင်းပြီး အပြန်မှာဘဲ ပျောက်နေတာ “ဟု ပျောက်ဆုံးသူ၏ အကိုက ဆက်လက်ပြောပြသည်။

လက်ရှိ၌ ယာဉ်နှင့်အတူ ပျောက်ဆုံးနေသူအား လိုက်လံရှာဖွေနေဆဲဖြစ်ကာ သက်ဆိုင်ရာ ရဲစခန်း၌လည်း လူပျောက်ဆုံးမှု တိုင်ကြားရန် စီစဉ်နေကြောင်း သိရသည်။

ဒီဇင်ဘာ ၁ ရက် ကလည်း ရန်ကုန်မြို့၊ ထောက်ကြန့်မြို့နယ်၌ အငှားယာဉ်မောင်းနှင်သူ တစ်ဦး မိသားစုနှင့် အဆက်အသွယ် ပြတ်တောက်၍ ဝိုင်းဝန်းရှာဖွေကြရာ လှော်ကားလမ်းဘေး တစ်နေရာ၌ သေဆုံးလျက်တွေ့ရပြီး မော်တော်ယာဉ်အား လုယက်သွားမှု ဖြစ်ပွားခဲ့သည်။

ရန်ကုန်မြို့၌ အငှားယာဉ်အား ငှားရမ်းစီးကာ ယာဉ်မောင်းအား တိုက်ခိုက်၍ ယာဉ်လုယက်သည့် မှုခင်းဖြစ်စဉ် အချို့မကြာခဏ ဖြစ်ပွားလျက်ရှိနေကြောင်းလည်း သိရသည်။

မောင်ဇော်
ပုံစာ-ပျောက်ဆုံးနေသည့် အမျိုးသားနှင့် မော်တော်ယာဥ်
#ယနေ့ခေတ်

Leave a Reply

Your email address will not be published. Required fields are marked *