ပျောက်ဆုံးနေသည့် အဌားယာဉ်ဖြင့် Delivery လိုက်လံပို့ဆောင်သူအားလမ်းဘေးတွင် ဒဏ်ရာများဖြင့်…see more

ရန်ကုန်၊ ဇန်နဝါရီ ၆

ရန်ကုန်မြို့၊ တောင်ဒဂုံမြို့နယ်၌ နေထိုင်ကာ အဌားယာဉ်ဖြင့် Delivery လိုက်လံပို့ဆောင်သည့် လုပ်ငန်းအား လုပ်ကိုင်သူ အမျိုးသားတစ်ဦး ဇန်နဝါရီ ၄ ရက်ညပိုင်းက အလုပ်ပြီး၍ အိမ်ပြန်လာရာမှ

အဆက်အသွယ်မရဘဲ ပျောက်ဆုံးသဖြင့် လိုက်လံရှာဖွေရာမှ လှိုင်သာယာမြို့နယ် လမ်းဘေးတစ်နေရာ၌ ဒဏ်ရာများဖြင့် သေဆုံးလျက် တွေ့ရှိခဲ့ရကြောင်း သေဆုံးသူ၏ မိသားစုထံမှ သိရသည်။

ဇန်နဝါရီ ၄ ရက်က တောင်ဒဂုံမြို့နယ်၊ ၆၅ ရပ်ကွက်၊ သစ်ဆိပ်မှတ်တိုင်အနီး၌ နေထိုင်သော အမျိုးသားမှာ အဌားယာဉ်ဖြင့် Delivery လိုက်လံပို့ဆောင်ခဲ့ကြောင်း သိရသည်။

ထိုသို့ Delivey လိုက်လံပို့ဆောင်ပြီးနောက် အိမ်ပြန်လာရာမှ ည ၈ နာရီခန့်တွင် အဆက်အသွယ်မရဘဲ ပျောက်ဆုံးနေခဲ့ကြောင်း သိရသည်။

ပျောက်ဆုံးသူအား မိသားစုနှင့် မိတ်ဆွေများက ဝိုင်းဝန်းရှာဖွေကြရာ ဇန်နဝါရီ ၅ ရက် ညနေပိုင်းက လှိုင်သာယာမြို့နယ်၊

ပန်းလှိုင်တံတားအကျော်ရှိ ရွာချင်းဆက် လမ်းအနီး တစ်နေရာ၌ အဌားယာဉ်အား လမ်းဘေးထိုးချကာ ရပ်တန့်ထားလျက် တွေ့ခဲ့ရပြီး ယာဉ်မောင်းကိုမူ မတွေ့ခဲ့ရကြောင်း သိရသည်။

ထို့နောက်ပျောက်ဆုံးသူယာဉ်မောင်းအား ဆက်လက်ရှာဖွေရာမှ ည ၉ နာရီ ခန့်တွင် မော်တော်ယာဉ်အားတွေ့ရှိခဲ့သည့် နေရာမှ အတန်ငယ်ကွာဝေးသော နေရာ၌ သေဆုံးလျက် တွေ့ခဲ့ရကြောင်း သိရသည်။

” ကျွန်တော့်ညီကို တွေ့ပါပြီ။ ဒါပေမဲ့အလောင်းက ပက်ပက်စက်စက် အသတ်ခံထားရတယ်။ သူ့ပုဆိုးနဲ့ သူ့ကို ချည်ပတ်ပြီးသတ်သွားတာ။

မနေ့က တက္ကစီပရဟိတအဖွဲ့တွေနဲ့ ချိတ်ဆက်ရှာနေတုန်း သူငယ်ချင်းအသိတစ်ယောက်က တွံ့တေးဘက်က ရွာဘက်ကို အော်ဒါသွားပို့ရင်း ကျွန်တော်ညီကားကို တွေ့တယ်ဆိုပြီး ဆက်သွယ်တယ်။ ဒီကနေ ညနေ ၆နာရီလောက်သွားရှာတော့ ကားကိုတွေ့တယ်။

လူကိုမတွေ့လို့ ဆက်ရှာကြတော့ ကျွန်တော်ညီ အရိပ်အယောင်ပြတဲ့ ပုံစံမျိုး ည ၉ နာရီလောက်မှ ကားတွေ့တဲ့နေရာနဲ့ ဓာတ်တိုင် ၅ တိုင်စာအကွာလောက်မှာ လူကိုသေဆုံးလျက်တွေ့ရပါတယ်။ ” ဟု သေဆုံးသူ၏ အစ်ကိုက ယနေ့ခေတ်သို့ ရှင်းပြသည်။

သေဆုံးသူအား ကြည့်ရှုရာ ပုဆိုးဖြင့် လက်ပြန် ကြိုးတုပ်ကာ မျက်နှာ၌လည်း ထိုးကြိတ်ထားသည့် ဒဏ်ရာများစွာဖြင့် သေဆုံးလျက် တွေ့ရကြောင်း သိရသည်။

” ခြုံပုတ်နဲ့ လမ်းအောက်ဘက်ကြားထဲမှာ ရွံအိုင်ပုံစံရှိတယ်။ ရွံအိုင်ထဲမှာ ခြေထောက်ကိုလည်း သူ့ပုဆိုးနဲ့ဖြဲပြီး ကြိုးအဖြစ်တုပ်ပြီး ချည်ထားတယ်။ လက်ကိုလည်း လက်ပြန်ကြိုးချည်ထားတယ်။ နှာခေါင်းကိုလည်း ပုဆိုးစလေးနဲ့ သုံးစလုပ်ပြီး နှာခေါင်းရယ်၊

မျက်စိရယ်၊ ပါးစပ်ရယ်ကို ခေါင်းနဲ့ ပတ်ချည်ထားတယ်။ ညာဘက်မျက်ခုံးရိုးရယ် ကျိုးသွားတယ်လို့ မှုခင်းဆရာက ကောက်ချက်ချတယ်။ ဘယ်လောက်နှိပ်စက်ထားလဲ မသိဘူး။ ဖူးယောင်နေတာဘဲ။ “ဟု သေဆုံးသူ၏ အစ်ကိုက ဆက်လက် ပြောပြသည်။

သတ်ဖြတ်သွားသူမှာ သေဆုံးသူယာဉ်မောင်း၏ ဂျင်းအင်္ကျီတစ်ထည်၊ နာရီတစ်လုံး၊ နား၌တပ်ထားသော နားကပ်တစ်ဖက်နှင့် ကီးပတ်ဖုန်းတစ်လုံးတို့အား ယူဆောင်သွားပြီး အဌားယာဉ်နှင့် ယာဉ်၏ ဒက်ရ်ှဘုတ်အတွင်း ထည့်ထားသော ငွေကျပ်သုံးသောင်းခန့်တို့ကိုမူ ယူဆောင်သွားခြင်း မရှိကြောင်း သိရသည်။

” ကျွန်တော်တို့လည်း စဉ်းစားနေတာ ကားလဲလုသွားတာမဟုတ်ဘူး၊ ကျွန်တော်ညီနဲ့ ရန်ဖြစ်တဲ့လူလဲ မရှိဘူး။ အငြိုးအတေးနဲ့ သတ်သွားသလိုကြီး ခံစားရတယ်။ ခန့်မှန်းကြည့်ရတာတော့ ကားကို gas ထည့်ပြီးကာစအချိန်မှာ ဖြစ်တာနေမယ်။

သူ့ကားမှာ gas တွေအများကြီးကျန်သေးတယ်။ အဲ့တာကိုတွက်ခြင်းဖြင့် သူ့ gas ထည့်ပြီးပြီးချင်း အော်ဒါပါသွားတယ်။ အဲ့ဒီနေ့က လွတ်လပ်ရေးနေ့ဆိုတော့ အင်းစိန်ထောင်လွတ်တဲ့နေ့လည်း ဖြစ်တယ်” ဟု သေဆုံးသူ၏ အစ်ကိုက ဆက်လက်ပြောသည်။

သေဆုံးခဲ့သူမှာ အသက် ၃၄ နှစ်အရွယ်ရှိသည့် ကိုကျော်ထွန်းဝင်းဆိုသူဖြစ်ကာ မိသားစုနှင့် အတူနေထိုင်သူဖြစ်ကြောင်း သိရသည်။ ၎င်းမှာ အဌားယာဉ်မောင်းနှင်နေသည်မှာ တစ်လဝန်းကျင်ခန့်သာရှိပြီး

ရွှေပေါက္ကံမြို့နယ်၌ Delivery ပစ္စည်းများ ယူဆောင်ကာ လိုက်လံပို့ဆောင်နေကြဖြစ်ပြီး ဇန်နဝါရီ ၄ရက်နေ့ ညကလည်း ပစ္စည်းများ ပို့ဆောင်ပေးခဲ့ကာ ငွေကြေးများ ရှင်းလင်းပေးပြီး အိမ်သို့ပြန်လာစဉ်တွင် လမ်း၌အသတ်ခံရခြင်းလည်း ဖြစ်သည်။

သေဆုံးသူအလောင်းအား လှိုင်သာယာဆေးရုံသို့ ပို့ဆောင်ထားပြီး ဆက်လက်စစ်ဆေးနေကြောင်း သိရသည်။

ဒီဇင်ဘာ ၁ ရက်ကလည်း ရန်ကုန်မြို့၊ ထောက်ကြန့်မြို့နယ်၌ အဌားယာဉ်မောင်းနှင်သူ တစ်ဦးမှာ ယာဉ်ဖြင့် ခရီးသည်အား သွားရောက်ပို့ဆောင်စဉ် မိသားစုနှင့် အဆက်အသွယ် ပြတ်တောက်၍ ဝိုင်းဝန်းရှာဖွေကြရာ လှော်ကားလမ်းဘေး တစ်နေရာ၌ သေဆုံးလျက်တွေ့ရပြီး မော်တော်ယာဉ်အား လုယက်သွားမှု ဖြစ်ပွားခဲ့သည်။

ရန်ကုန်မြို့၌ အဌားယာဉ်အား ဌားရမ်းစီးကာ ယာဉ်မောင်းအား တိုက်ခိုက်၍ ယာဉ်လုယက်သည့် မှုခင်းဖြစ်စဉ် အချို့မကြာခဏ ဖြစ်ပွားလျက်ရှိနေကြောင်းလည်း သိရသည်။

မောင်ဇော်
#ယနေ့ခေတ်

Leave a Reply

Your email address will not be published. Required fields are marked *

You may have missed