လျှပ်စစ်ဖြင့်ရေနွေးတည်ထားရာ မီးပျက်ပြီး မပိတ်မိရာက နေအိမ်မီးလောင်လို့ ညီအကို ၂ ဦးမီးထဲပါသေဆုံ း

စစ်ကိုင်း၊ ဇန်နဝါရီလ ၃၊ ၂၀၂၃။

စစ်ကိုင်းတိုင်း၊ စစ်ကိုင်းမြို့၊ နန္ဒဝန်ရပ်ကွက်၊ ၃ လမ်းမှာ နေအိမ်မီးလောင်မှုဖြစ်ပြီး ညီအကို ၂ ဦး မီးလောင်သေဆုံးသွားတယ်လို့ သိရပါတယ်။

ဒီဇင်ဘာလ ၃ ရက်ဒီမနက် ၁ နာရီဝန်းကျင်က ဦးခင်မောင်လွင်ပိုင်ဆိုင်တဲ့နေအိမ်မှာ လျှပ်စစ်ဝါယာရှော့ဖြစ်ရာကနေ မီးစတင်လောင်ကျွမ်းခဲ့တာကြောင့် ဦးခင်မောင်လွင်ရဲ့ သားဖြစ်သူ ၂ ဦး မီးထဲပါသေးဆုံးခဲ့တာလည်းဖြစ်တယ်လို့ ဒေသခံတဦးကပြောပါတယ်။

“သူတို့က ညဘက် မီးလာတဲ့အချိန်တုန်းက အိမ်ပေါ်ထပ်မှာရေနွေးတည်ထားတယ်။ မီးပျက်တော့ မပိတ်မိဘဲ အိပ်ကြတာ။ မီးကပြန်လာတော့ အပူလွန်ဝါယာရှော့ဖြစ်ပြီး မီးလောင်တာလို့ သိရတယ်။မီးလောင်တော့ ညီအကိုနှစ်ယောက်က မီးငြိမ်းရင်းနဲ့ပိတ်မိသွားတာ။ သူတို့ပါ မီးလောင်ဆုံးသွားတယ်။

အမွှာ ညီအကိုတွေပါ။ အိမ်အောက်ထပ်က လူတွေကတော့ ပြေးနိုင်လို့လွတ်သွားတယ်။ အိမ်မှာက မိသားစုဝင်များတယ်လို့တော့ သိရပါတယ်”လို့ ပြောပါတယ်။

မီးလောင်ရာကို ဒေသလူမှုကူညီရေး အသင်းအဖွဲ့တွေ၊ မြန်မာနိုင်ငံမီးသတ်တပ်ဖွဲ့နဲ့ပြည်သူတွေ ဝိုင်းဝန်းမီးငြိမ်းသတ်လို့ မနက် ၃ နာရီကျော်မှာ မီးငြိမ်းသွားခဲ့တယ်လို့ ဆိုပါတယ်။

မီးလောင်လို့ နေအိမ်တလုံး ကာလတန်ဖိုး ကျပ်သိန်း ၂၀၀ ကျော် မီးလောင်ပျက်စီးဆုံးရှုံးခဲ့သလို အမွှာညီအကို ၂ ဦးဖြစ်တဲ့ အသက် ၄၀ အရွယ်ခန့်ရှိ မျိုးမြတ်ညီညီနဲ့ မျိုးမြတ်ကိုကိုတို့ဟာ မီးလောင်သေဆုံးခဲ့တယ်လို့ သိရပါတယ်။

မီးလောင်သေဆုံးခဲ့တဲ့ အမွှာညီအကိုအလောင်းကိုတော့ ဒေသလူမှုကူညီရေးအသင်းတွေရဲ့ အကူအညီနဲ့ စစ်ကိုင်းမြို့နယ်ပြည်သူ့ဆေးရုံကို ပို့ထားရတယ်လို့လည်း ဆိုပါတယ်။

၂၀၂၁ ခုနှစ်မှာ စစ်ကိုင်းမြို့နယ်အတွင်း မီးလောင်မှုအကြိမ်ရေ ၃၁၀ ဖြစ်ပွားခဲ့ပြီး ကျပ်သန်းပေါင်း ၃၀၀၀ ကျော်ဆုံးရှုံးခဲ့တယ်လို့ မီးသတ်ဦးစီးဌာနရဲ့ ထုတ်ပြန်ချက်အရ သိရပြီး၊ ၂၀၂၂ ခုနှစ်အတွက်တော့ ထုတ်ပြန်ထားတာ မရှိသေးပါဘူး။

သတင်း – ကျော်ကြီး၊ စာတည်း – လင်း
#မြေလတ်အသံ

Leave a Reply

Your email address will not be published. Required fields are marked *