ခုံးတံတားအနီး တောင်းရမ်းနေသည့် အဖိုးအိုထံမှ ရိုက်နှက်လုယက်မှုဖြစ်ပွားပြီး အဖိုးအို…see more

ရန်ကုန်၊ ဇန်နဝါရီ ၉

ရန်ကုန်တိုင်းဒေသကြီး၊ လမ်းမတော်မြို့နယ်၊ မော်တင်ခုံးတံတားအနီး၌ ယမန်နေ့ နံနက်ပိုင်းက ထိုင်ပြီး တောင်းနေသည့် အဖိုးအိုထံမှ အမျိုးသားသုံးဦး က ရိုက်နှက်ခါ တောင်းရငွေများ လုယက်သွားကြောင်း သိရသည်။

ဇန်နဝါရီလ ၈ ရက်၊ နံနက် ၁၁ နာရီ ခွဲ ဝန်းကျင်ခန့်က လမ်းမတော်မြို့နယ်၊ မော်တင်ခုံးတံတားအနီး၊ လမ်းသစ်လမ်းထဲ၌ လမ်းဘေးတစ်နေရာ၌ ထိုင်ကာ တောင်းနေသည့် အသက် ၇၀ ဝန်းကျင်ရှိ အဖိုးအိုထံမှ တောင်းရငွေ ၅ ထောင်ခန့်အား အမျိုးသား ၃ ဦးမှရိုက်နှက်လုယက်သွားကြောင်း သိရသည်။

“အဖိုးက အသက်တော်တော်ကြီးနေပြီ ပိုက်ဆံ ၄၊ ၅ ထောင်လောက်နဲ့ ရိုက်နှက်လုသွားတာ အဖိုးက ခေါင်းပေါက်သွားတယ်၊ လုတဲ့အချိန်မှာ ထွက်ကြည့်တဲ့ သူတွေကို စိန်ခေါ်သွားသေးတယ်တဲ့၊

ကျွန်တော်တို့လဲ အဲ့နားရှိနေတာပါ၊ ဖြစ်တဲ့အချိန်က ရုတ်တရက်မို့သတိမထားမိလိုက်ဘူး၊ ဘယ်သူမှလဲ ဝင်မကူညီရဲကြဘူး” ဟု အဖိုးအိုအားကူညီပေးခဲ့သူ တစ်ဦးကဆိုသည်။

ရိုက်လုခံရသည့် အဖိုးအိုမှာ ဒလမြို့နယ်၊ ကျန်စစ်သားလမ်းတွင် နေထိုင်ပြီး အသက် ၇၀ ဝန်းကျင်ခန့် ရှိသည်ဟု ခန့်မှန်းရပြီး လမ်းသူလမ်းသားအချို့မှ ဆေးခန်းသို့ ပို့ပေးခဲ့ကြောင်းသိရသည်။

” အိမ်အရောက်တော့ မပို့ပေးနိုင်ခဲ့ဘူးဗျ၊ အလုပ်ချိန်ဖြစ်နေလို့ပါ၊ ဆေးခန်းပို့ပြီး ဆိုက်ကား ငှားပေးလိုက်တယ်၊ ပတ်ဝန်းကျင်ကလည်း တတ်နိုင်သလောက် ဝိုင်းကူပြီးလှူပေးကြပါတယ်၊

ဆေးခန်းကလည်း ဆေးဖိုးမယူပါဘူး၊ အဘကြီးအတွက် အသုံးစရိတ်ပဲထောက်ပံ့လိုက်ကြတာပါ” ဟု ကူညီပေးခဲ့သည့် အမျိုးသားတစ်ဦးမှ ဆိုသည်။

ရန်ကုန်တိုင်းဒေသကြီးအတွင်း လုယက်မှု များသည် အချိန်နေရာမရွေး၊ အသက်ကြီးငယ်မရွေး ကျူးလွန်ခံနေရပြီး နေ့စဥ်နှင့်အမျှ အသက်အန္တရာယ် စိုးရိမ်နေကြရ​ပေသည်။

ထိုသို့ လုယက်သတ်ဖြတ်မှုများသည် မြန်မာတစ်နိုင်ငံလုံးအတိုင်းအတာဖြင့် ၂၀၂၁ ခုနှစ် ဖေဖော်ဝါရီလ နောက်ပိုင်းတွင် ပိုမိုဖြစ်ပွားလာခဲ့ပြီး ကုန်လွန်ခဲ့သည့် ၂၀၂၂ ခုနှစ်အတွင်း အဆိုးရွားဆုံး ဖြစ်စဥ်များစွာ ဖြစ်ပွားခဲ့ကြောင်း သိရသည်။

ဂျူဂျူး
ဓာတ်ပုံ-CJ
#ယနေ့ခေတ်

Leave a Reply

Your email address will not be published. Required fields are marked *