နဝဒေးတံတားအောက်၌ ထိုင်နေသည့် စုံတွဲအား လူနှစ်ဦးမှ ဓာ းဖြင့်အချက်များစွာထို းကာ…see more

ရန်ကုန်၊ ဇန်နဝါရီ ၉

ပဲခူးတိုင်း၊ ပြည်မြို့ရှိ နဝဒေးတံတားအောက်၌ ထိုင်နေသည့် စုံတွဲအား လူနှစ်ဦးမှ ဓားဖြင့်အချက်များစွာထိုးကာ လုယက်ရန်ကြံစီမှု ဖြစ်ပွားခဲ့ကြောင်း သိရသည်။

ဇန်နဝါရီ ၈ ရက် ညနေ ၆ နာရီက ပြည်မြို့၊ နဝဒေးတံတားအောက်ရှိ လမ်းပေါ်၌ အမျိုးသားနှင့် အမျိုးသမီး လူငယ်စုံတွဲတစ်တွဲမှာထိုင်၍စကားပြောနေကြောင်း သိရသည်။

ထိုစဉ် ဆိုင်ကယ်တစ်စီးဖြင့် အမျိုးသားနှစ်ဦးရောက်ရှိလာကာ လုယက်ရန် အသင့်ယူလာသော ဓားဖြင့်အမျိုးသားအား ၁၁ ချက်ခန့်ခုတ်ကာ အမျိုးသမီးအားလည်း ဓားဖြင့်တိုက်ခိုက်ခဲ့ကြောင်း သိရသည်။

” တံတားအောက်နားမှာ သမီးရည်စားနှစ်ယောက်ထိုင်နေရင်း ဆိုင်ကယ်နဲ့ လူနှစ်ယောက်ရောက်လာတာ။ တစ်ယောက်က လျှာထိုးဦးထုပ်နဲ့ထောင်ထောင် မောင်းမောင်း အရွယ်။

သူတို့ကရောက်လာပြီး ပစ္စည်းလုဖို့ ဓားနဲ့ဝင်ထိုးပြီး အကြမ်းဖက်တာ။ ဒဏ်ရာတွေက များတယ်။ “ဟု ကူညီပေးခဲ့သော မြန်မာနိုင်ငံလူမှုကယ်ဆယ်ရေးအဖွဲ့ (ပြည်)မှ အသင်းသားတစ်ဦးကပြောသည်။

ဓားဖြင့်ခုတ်ခံရသော အမျိုးသား၌ ကျောကုန်း၊ နောက်စေ့၊ လက်မောင်း၊ ပခုံးအပါအဝင် ခန္ဓာကိုယ်အနှံ့အပြား ပြတ်ရှဒဏ်ရာများ ရရှိကာ သွေးထွက်လွန်ခဲ့ပြီး အမျိုးသမီး၌ လက်သန်းပြတ်ရှဒဏ်ရာများ ရရှိခဲ့ကြောင်း သိရသည်။

လုယက်သူနှစ်ဦးမှာ လုယက်စဉ်ရုန်းရင်းဆန်ခတ်ဖြစ်ပြီး အနီးအနားမှ လူများတွေ့ရှိသွားသဖြင့် ထွက်ပြေးသွားခဲ့ကာ ဆိုင်ကယ်နှင့် ဖုန်းတို့ကိုမူ လုယက်သွားနိုင်ခြင်း မရှိကြောင်း သိရသည်။

ဒဏ်ရာရရှိသူနှစ်ဦးမှာ ပြည်မြို့ရှိ ဆေးရုံ၌ ဆေးကုသမှုခံယူနေရကြောင်း သိရသည်။

မောင်ဇော်
ဓာတ်ပုံ- မြန်မာနိုင်ငံလူမှုကယ်ဆယ်ရေးအဖွဲ့ (ပြည်)
#ယနေ့ခေတ်

Leave a Reply

Your email address will not be published. Required fields are marked *