၇သောင်း ချေးပြီး ၇ရက်အတွင်း တစ်သိန်း ပြန် ဆပ်ရမည်ဟုအတိုးအဆမတန်တောင်းကာ အသက်အန္တရာယ်ထိခိုက်နိုင်တဲ့အထိ ခြိမ်းခြောက်မှုတွေ ပြုလုပ်နေ

DTV,10 January 2023

ချေးငွေလုပ်ငန်း အက်ပလီကေးရှင်းတွေနဲ့ လိမ်လည်ကာ အတိုးမတန်တဆယူပြီး အသက်အန္တရာယ်နဲ့ လုံခြုံရေးတွေကိုပါ ခြိမ်းခြောက်မှုတွေ ပြုလုပ်နေတယ်လို့ သိရပါတယ်။

“စစ်ကြောရေး ရောက်ချင်လား စစ်ဖိနပ်အောက်ရောက်ချင်လား ခေတ်မကောင်းတဲ့အချိန်မှာ ငွေတိုးချေးစားတယ်ဆိုကတည်းက နင်တို့တွေးထား နင်တို့ကို သတ်ပစ်လို့ရတယ်”လို့ ခြိမ်းခြောက်ခံခဲ့ရတယ်လို့ ကိုယ်တိုင် ကြုံတွေ့ခဲ့သူ တစ်ဦးကဆိုပါတယ်။

MM Finaceက ဂုဏ်ယူပါသည် သင်သည် ၂၂၀၀၀၀ကျပ်အထိ ချေးငွေရယူနိုင်သည် ကျေးဇူးပြု၍ အမြန်ဆုံး စစ်ဆေးကြည့်ပါ https;//bithdik.ly/3jkjhkuQeAIN ဆိုတဲ့ မက်ဆေ့ချ်ကို ဖုန်းနံပါတ်အစိမ်းတွေနဲ့ ပို့ခဲ့တာဖြစ်တယ်လို့ ခြိမ်းခြောက်ခံရသူတွေဆီကနေ သိရပါတယ်။

အဲဒီ လင့်ခ် ထဲကို ဝင်လိုက်ရင် websiteတစ်ခုထဲကို ရောက်သွားပြီး အက်ပလီကေးရှင်းတစ်ခုကို ဒေါင်းလုဒ်ဆွဲခိုင်းတယ်လို့ ဆိုပါတယ်။

အဲဒီနောက် ဖုန်းခေါ်ဆိုမှုမှတ်တမ်း၊ဓာတ်ပုံ၊ဖုန်းcontact၊မက်ဆေ့ချ် စတာတွေကို ကြည့်ရှုခွင့်တောင်းတဲ့အချက်တွေကို ခွင့်ပြုခိုင်းခဲ့တယ်လို့ သိရပါတယ်။

“အက်ပလီကေးရှင်းထဲကို ဝင်လိုက်ပြီဆိုတာနဲ့ အစ်မကို allowလိုက်ခိုင်းတာတွေ အများကြီးပဲ အစ်မကလည်း သေချာမဖတ်မိဘူး ၇ဆင့်လောက်ရှိတယ် အစ်မထမဆုံးတွေ့လိုက်တာက call logရယ်၊

messageရယ်ကို သူတို့ယူမယ်ဆိုပြီးတွေ့လိုက်တယ် အစ်မကလည်းဘာမှ မဖြစ်လောက်ဘူးဆိုပြီး allowလုပ်လိုက်တာ”လို့ ခြိမ်းခြောက်ခံရသူတွေထဲက တစ်ဦးဖြစ်တဲ့ မမွန်မွန်က ဆိုပါတယ်။

သူမဆီကို ဇန်နဝါရီလ ၄ရက်နေ့က မက်ဆေ့ချ်ပို့ခဲ့တာဖြစ်ပြီး အက်ပလီကေးရှင်းကို ဒေါင်းလုဒ်ဆွဲခဲ့တာလို့ သိရပါတယ်။

သူတို့တောင်းတဲ့အချက်တွေကို ခွင့်ပြုပေးပြီးနောက် ကိုယ်ရေးအချက်အလက်တွေဖြည့်ခိုင်းပြီး မှတ်ပုံတင်ကိုပါ ဓာတ်ပုံရိုက်ပြီး ဖြည့်ခိုင်းတယ်လို့ သူမက ဆိုပါတယ်။

ဖြည့်ပေးပြီးတဲ့နောက် ချေးငွေတစ်သိန်း ချေးပြီးကြောင်းနဲ့ ၇ ရက်အတွင်း ပြန်ဆပ်ရန်ဆိုပြီး အက်ပလီကေးရှင်းမှာ ပေါ်နေတယ်လို့ သိရပါတယ်။

ဒါပေမယ့် ၇သောင်းကိုသာ ချေးငွေရရှိတာ ဖြစ်ပြီး ၇ရက်အတွင်း တစ်သိန်းပြန်ဆပ်ရမယ်လို့ ဖုန်းဆက်ပြီး ပြောခဲ့တယ်လို့ ဆိုပါတယ်။

“အစ်မကို wave accက လက်ရှိကိုင်တားတဲ့ နံပါတ်နဲ့ပဲလားတဲ့မေးပြီးတော့ ပိုက်ဆံဝင်လာတယ် တစ်ပတ်အတွင်း တစ်သိန်းပြန်ဆပ်ရမယ်လို့ ပြောတယ်”လို့ မမွန်မွန်က ပြောပါတယ်။

ပိုက်ဆံဝင်လာပြီး ၆ရက်မြောက်နေ့မှာ ဖုန်းဆက်ပြီး ပိုက်ဆံသွင်းခိုင်းခဲ့ကာ မသွင်းရင် တစ်နာရီကို အတိုး ၅ထောင်ပေးရမယ်လို့ ခြိမ်းခြောက်ခဲ့ပါတယ်။

၇ရက်ပြည့်တဲ့နေ့မှာ ပိုက်ဆံ ပြန်လွှဲပေးခဲ့ပေမယ့်လည်း ငွေမဝင်လာဘူးဆိုပြီး ခြိမ်းခြောက်မှုတွေ ဆက်တိုက် ပြုလုပ်နေခဲ့တာ ဖြစ်ပါတယ်။

“ဖုန်းနံပါတ်အစိမ်းတွေနဲ့ဆက်တိုက်ခေါ်တာ ဘလော့လဲတစ်လုံးပြီးတစ်လုံးဆက်တာ”လို့ သူမက ဆိုပါတယ်။

“အစ်မရဲ့ အသိမိတ်ဆွေတွေကို ပြောတယ် အစ်မပုံထုတ်ပြီး လမ်းဘေးတွေမှာ လိုက်ကပ်မယ်တဲ့ ဆဲဆိုလိုက်တာလဲ မိုးမွှန်ရော အစ်မလည်း ခေတ်မကောင်းတော့ ကြောက်တာပေါ့”လို့ မမွန်မွန်က ပြောပြပါတယ်။

ဖုန်းcontactနဲ့ ခေါ်ဆိုမှုမှတ်တမ်းတွေကို ကြည့်ခွင့်ပြုခဲ့တာကြောင့် မိတ်ဆွေတွေ၊မိသားစုဝင်တွေရဲ့ ဖုန်းနံပါတ်တွေကိုပါ ရရှိခဲ့တာဖြစ်တယ်လို့ သူမက ရှင်းပြပါတယ်။

မမွန်မွန်လိုပဲ အလားတူ ဖြစ်ရပ်မျိုးတွေ ကြုံတွေ့ခဲ့ရသူတွေလည်း ရှိပါသေးတယ်။

မငယ်ငယ်ကတော့ သူမဆီကို ဇန်နဝါရီ၅ရက်က လင့်တစ်ခုနဲ့အတူ မက်ဆေ့ချ်ဝင်လာပြီးနောက် အက်ပလီကေးရှင်းကိုတောင် ဒေါင်းလုဒ် မလုပ်ခဲ့ဘဲ ခြိမ်းခြောက်ခံခဲ့ရတာ ဖြစ်ပါတယ်။

သူမဆီကို အဆိုပါ မက်ဆေ့ချ်ဝင်ခဲ့ပြီး နောက်တစ်နေ့မှာတော့ သူမဆီကို ဖုန်းနံပါတ်အစိမ်းတစ်လုံးက ခေါ်ဆိုလာပြီး ချေးငွေယူထားကြောင်းနဲ့ ပြန်မဆပ်ပါက အသက်အန္တရာယ် ထိခိုက်တဲ့အထိ ပြုလုပ်မှာ ဖြစ်တယ်လို့ ခြိမ်းခြောက်ခံခဲ့ရတယ်လို့ ဆိုပါတယ်။

“ချေးတုန်းကချေးထားပြီး ဘယ်တော့ပြန်ဆပ်မှာလဲတဲ့ မယူထားပါဘူးပြောလဲမရဘူး နင့်အိမ်အထိလာပြီး သတ်ပစ်လို့ရတယ်နင့်ကို နင့်ကိုသတ်ပြီး လက်စဖျောက်ထားလိုက်လို့ရတယ်”လို့ ခြိမ်းခြောက်ခဲ့တယ်လို့ သူမကဆိုပါတယ်။

နောက်ထပ် ခြိမ်းခြောက်ခံရသူတစ်ဦး ဖြစ်တဲ့ ကိုမောင်မောင်ကတော့ “ကျွန်တော်က ခြောက်သောင်းချေးမိတယ် ပြန်တောင်းတော့ တစ်သိန်းတောင်းတယ် မပေးရင် သတ်ပစ်မယ်လို့ပြောတယ် ဆဲတာလဲ စုံနေအောင်ဆဲသွားတယ်”လို့ ဆိုပါတယ်။

အဲဒီအကြောင်းအရာနဲ့ ပက်သတ်ပြီး ခြိမ်းခြောက်ခံရသူ အများအပြားရှိနေပြီး လူမှုကွန်ယက်စာမျက်နှာတွေမှာ မှတ်ချက်ပြု ရေးသားထားကြတာတွေကိုလည်း တွေ့နေရပါတယ်။
အကြမ်းဖက်စစ်တပ်က အာဏာသိမ်းပြီးနောက် အွန်လိုင်းကနေ ငွေကြေးလိမ်လည်တာတွေ ခြိမ်းခြောက်မှုတွေ သိသိသာသာ မြင့်တက်လာနေတာ ဖြစ်ပါတယ်။

MM Finaceအက်ပလီကေးရှင်းအပြင် Pegion၊ Sun Cash၊ Morning Sky Cash၊ Cash tree၊ Easy Wallet၊ Fast Cash ၊Sky Cash၊ Money Bag၊ Cash Woo၊ U Finance၊ Lone M၊ Lxora cash၊ Cash Now၊Kind Cash Kyat၊ Wave Quick Kyatစတဲ့ အက်ပလီကေးရှင်းတွေနဲ့ ပါ ခြိမ်းခြောက် ငွေညှစ်မှုတွေ ဖြစ်ပွားနေတာ ဖြစ်ပါတယ်။

#democratictv #ချေးငွေ #ခြိမ်းခြောက်မှု

Leave a Reply

Your email address will not be published. Required fields are marked *

You may have missed