မော်တော်ယဉ်အကြီးများ ဖြတ်သန်းခြင်းမပြုရန် သတိပေးစာကပ်ထားသော်လည်း ဖြတ်သန်းခဲ့သောကြောင့်

တနိုင်း – ဇန်နဝါရီ ၁၂၊ ၂၀၂၃။
ကချင်ပြည်နယ် တနိုင်းမြို့ ဒူကောင်းရပ်ကွက်ရှိ ဂွေတောင်ချောင်းကူးတံတား ယနေ့ ညနေ ၄ နာရီခွဲခန့်က သဲကျောက်ကားတစ်စီး ဖြတ်ကူးစဉ် ကျိုးကျမှုဖြစ်ပွားခဲ့ကြောင်းသိရသည်။
မော်တော်ယဉ်အကြီးများ ဖြတ်သန်းခြင်းမပြုရန် သတိပေးစာကပ်ထားသော်လည်း ဖြတ်သန်းခဲ့သောကြောင့်
ကျိုးကျခဲ့ခြင်းဖြစ်ပြီး အဆိုပါတံတားကို ပြန်လည် ပြင်ဆင်ခြင်းမရှိသေးကြောင်း ဒေသခံအမျိုးသားတစ်ဦး The 74 Media ကိုပြောသည်။
“ဆွေးနေတဲ့ တံတားသေးကို ကားဖြတ်တာပါ။ ကားအကြီးတွေ ကျွံတာမဖြစ်ဖို့ ရပ်ကွက်က တံတားထိပ်တွေမှာ သစ်သားပြားနဲ့စာရေးထားတယ်” ဟုပြောသည်။
ယာဉ်မောင်းဖြစ်သူမှာ တစ်စုံတစ်ရာထိခိုက်မှုမရှိကြောင်း သူကဆက်ပြောသည်။
အဆိုပါ ဂွေတောင်ချောင်းကူးတံတားကို ၂၀၁၈ ခုနှစ် ဝန်းကျင်တွင် တည်ဆောက်ခဲ့ကြောင်း ဒေသခံများ၏ပြောပြချက်အရသိရသည်။
အလားတူ ပြီးခဲ့သည့် ဒီဇင်ဘာ ၁၅ ရက်နေ့က တနိုင်းမြို့နယ် မိုင်ခွန်ရွာ စျေးတန်းရှိ တံတားပေါ်တွင် ဆီနှင့်ကုန်ပစ္စည်းများ တင်ဆောင်ထားသည့် ၁၂ ဘီးကား ဖြတ်ကူးနေစဥ် ကျိုးကျမှုဖြစ်ပွားခဲ့သည်။
ဓါတ်ပုံ – တနိုင်းစောင့်ကြည့်သတင်း