ရန်ကုန်မန္တလေးကားလမ်းဟောင်းပေါ်၌ ယာဉ်တစ်စီးအရှိန်လွန်ပြီး ချိုင့်ထဲကျ၊ လေးဦးေ…see more

ပဲခူးတိုင်း၊ ရန်ကုန်မန္တလေးကားလမ်းဟောင်းပေါ်ရှိ ကျောက်တံခါးမြို့အဝင်ဆိုင်းဘုတ်အနီး ဓမ္မအောင်လံဘုန်းတော်ကြီးကျောင်းရှေ့၌
ယနေ့ (ဇန်နဝါရီ ၁၅ ရက်) မွန်းလွဲ ၁ နာရီခွဲဝန်းကျင်တွင် မော်တော်ယာဉ်တစ်စီးအရှိန်လွန်ပြီး ချိုင့်ထဲကျကာ အမျိုးသားလေးဦးသေဆုံးပြီး နှစ်ဦးဒဏ်ရာရရှိခဲ့ကြောင်း ဒေသခံများထံမှသိရသည်။
“သူတို့ရေချိုးပြီးပြန်လာတာ။ အရှိန်လွန်ပြီး ကားက ဓမ္မအောင်လံဘုန်းတော်ကြီးကျောင်းရှေ့က ချိုင့်ထဲကိုကျသွားတာ။ လေးယောက်ကတော့ ပွဲချင်းပြီးသေတယ်။ နှစ်ယောက်ကစိုးရိမ်ရတယ်” ဟု ဒေသခံတစ်ဦးက စံတော်ချိန်ဒစ်ဂျစ်တယ်သို့ပြောသည်။
အဆိုပါယာဉ်မှာ Honda Fit အမျိုးစားဖြစ်ပြီး ကျောက်တံခါးမြို့အဝင်ဆိုင်းဘုတ်အနီး နတ်စင်ရွာထိပ် ဓမ္မအောင်လံဘုန်းတော်ကြီးကျောင်းရှေ့တွင် အရှိန်လွန်ကာ ဘုန်းကြီးကျောင်းရှေ့ရှိ ချိုင့်ထဲသို့ထိုးကျခဲ့ခြင်းဖြစ်ကြောင်း၊
ယာဉ်ပေါ်တွင်လိုက်ပါလာသည့် အမျိုးသားခြောက်ဦးအနက် အမျိုးသားလေးဦးမှာ အခင်းဖြစ်ရာနေရာ၌ပင်သေဆုံးခဲ့ပြီး၊ ဒဏ်ရာရရှိသူနှစ်ဦးတွင် တစ်ဦးမှာခြေထောက်ကျိုးပြီး တစ်ဦးမှာအတွင်းလူနာအဖြစ်စိုးရိမ်ရကြောင်း ဒေသခံများထံမှသိရသည်။
သေဆုံးသွားသူများနှင့် ဒဏ်ရာရသူများအား ပဲခူးတိုင်းအခြေစိုက်နားရေးကူညီမှုအသင်းတစ်ခုမှ ကျောက်တံခါးမြို့ဆေးရုံသို့ပို့ဆောင်ခဲ့ကြောင်း၊ ၎င်းတို့မှာ မည်သည့်မြို့နယ်တွင်နေထိုင်သူများဖြစ်သည်ကို အတည်မပြုနိုင်သေးကြောင်း ဒေသခံများထံမှသိရသည်။
စံတော်ချိန်ဒစ်ဂျစ်တယ်
ဓာတ်ပုံ – Kyaw Min San