အသက် ၁၉နှစ် အရွယ် မိန်းကလေး ၁၄ ရက်ကြာသည့်အထိ ပြန်မတွေ့သေး…see more

နေပြည်တော်တွင် အသက်၁၉နှစ်အရွယ် မိန်းကလေးတဦး ပျောက်ဆုံးနေသည်မှာ ၁၄ ရက်ကြာသည့်အထိ ပြန်မတွေ့ရှိသေးကြောင်း ပျောက်ဆုံးသူ၏ အဒေါ်ဖြစ်သူက News Watch သို့ ပြောသည်။
အဆိုပါ ပျောက်ဆုံးနေသည့် အမျိုးသမီးငယ်၏ အမည်မှာ ဇူးဇင်ထိုက်(ခ)ဇူးဇူးဖြစ်ပြီး စိတ်အခြေအနေပုံမှန်မဟုတ်ဘဲ မှတ်ဉာဏ်အားနည်းသူဖြစ်ကြောင်း၊
ဇန်နဝါရီ ၁ ရက်ညပိုင်းက မိသားစု၀င်များ အိပ်ပျော်နေစဉ် နေအိမ်မှ စက်ဘီးဖြင့် ထွက်သွားခြင်းဖြစ်ကြောင်း သိရသည်။
“သူကကျတော့လေ မှတ်ဉာဏ်အားနည်းတာပေါ့။ မွေးရာပါလို့ပဲ ပြောရမလားပေါ့။ စိတ်ကလုပ်သင့်၊ မလုပ်သင့် စဉ်းစားနိုင်စွမ်းမရှိဘူး။
အတန်းပညာကလဲ ၆တန်းအထိ ပဲနေရတယ်။ ဆက်ထားလို့မရတော့လို့ ထုတ်ထားရတာပေါ့။ အိမ်နဲ့ အဆင်မပြေတာမျိုးလည်းမရှိဘူး။
ချစ်သူရည်းစားလဲမရှိဘူး။ ဖုန်းလဲသူကို ပေးသုံးတာမဟုတ်ဘူး။ သူဟာသူ အိမ်သားတွေအကုန် အိပ်ပျော်နေချိန်ထွက်သွားတာပေါ့။
ညီမတို့ ဘယ်အချိန်ကျမှသိလဲဆိုရင် မနက်၅နာရီထိုး အိပ်ရာကအထမှာ ခြံ၀န်း တံခါးကပွင့်နေတယ်။ လိုက်ရှာကြည့်တော့ သူနဲ့ စက်ဘီးတစီးက ပျောက်နေတယ်။
အဲဒါကြောင့် စက်ဘီးနဲ့ သူထွက်သွားတယ်လို့ ယူဆရတာပါ”ဟု အဒေါ်ဖြစ်သူ ကပြောသည်။
ယင်းသို့ ပျောက်ဆုံးသွားသည်ကို သိရှိပြီးနောက် လိုက်လံရှာဖွေရာတွင် စီးသွားသည့် စက်ဘီးကို ဟိုတယ်ဇုန် ၂ လမ်းဘေးပလက်ဖောင်းပေါ်တွင် သော့ခတ်ရက်သားတွေ့ရှိခဲ့ပြီး
လူကို ယနေ့ချိန်အထိ ပြန်မတွေ့သေးကြောင်း၊ ရဲစခန်းတွင်လည်း ဇန်နဝါရီ၂ရက်နေ့ကပင် လူပျောက်တိုင်ချက်ဖွင့်ထားကြောင်း ၎င်းကပြောသည်။
မဇူးဇူး ပျောက်ဆုံးနေသည့်အတွက် မိဘနှစ်ပါးမှာလည်း မအိပ်နိုင်၊ မစားနိုင် ပူပင်သောက ရောက်နေကြပြီး တွေ့ရှိပါက
ဖုန်းနံပါတ် 09420713059၊09448794191 သို့ ဆက်သွယ်အကြောင်း ကြားပေးပါရန် ပျောက်ဆုံးနေသူ မဇူးဇူး၏ မိသားစုက မေတ္တာရပ်ခံထားသည်။