လုယက်ခံရမှုကြောင့် အသက် ၁၉ နှစ်အရွယ် လူငယ်အမျိုးသားမှာ နောက်ကျော၌…see more

မန္တလေး၊ ဇန်နဝါရီ ၁၆

မန္တလေးတိုင်း၊ အမရပူရမြို့နယ်နှင့် ချမ်းမြသာစည်မြို့နယ်တို့၌ ဇန်နဝါရီ ၁၅ ရက် ညပိုင်းက ဓားဖြင့်တိုက်ခိုက်ကာ လုယက်ရန် ကြံစည်မှုများ ဖြစ်ပွားခဲ့ကြောင်း သိရသည်။

ဇန်နဝါရီ ၁၅ ရက် ည ၇ နာရီခန့် က အမရပူရမြို့နယ်၊ စွယ်တော်ဘုရားအနီး၌ ထိုင်၍ စကားပြောနေသော လူငယ်စုံတွဲတစ်တွဲအား အနောက်မှ ဓားဖြင့်ထိုးကာ အနီးရှိ ရပ်ထားသော ဆိုင်ကယ်အား လုယက်သွားမှု ဖြစ်ပွားခဲ့သည်။

လုယက်ခံရမှုကြောင့် အသက် ၁၉ နှစ်အရွယ် လူငယ်အမျိုးသားမှာ နောက်ကျော၌ ထိုးသွင်းဒဏ်ရာနှစ်ချက်ခန့် ရရှိခဲ့ကြောင်း သိရသည်။

” တစ်ခုက အမရပူရမြို့နယ် စွယ်တော်ဘုရားနားမှာ ဖြစ်တာပါ။ လူငယ်သမီးရည်းစား ထိုင်နေတုန်း အနောက်ကနေ ဝင်လုံးပြီး ဓါးနဲ့ထိုးပြီး ဆိုင်ကယ်လုသွားတာ။

ကောင်မလေးကတော့ ဒဏ်ရာမရဘူး။ ကောင်လေးက နောက်ကျောထိုးသွင်း ဒဏ်ရာနှစ်ချက်ရတယ်”ဟု ကူညီပေးခဲ့သော မြရည်နန္ဒာ လူမှုကယ်ဆယ်ရေးအဖွဲ့မှ အသင်းသားတစ်ဦးက ပြောသည်။

ထို့ပြင် ဇန်နဝါရီ ၁၅ ရက် ည ၇ နာရီခန့် တွင် ချမ်းမြသာစည်မြို့နယ်၊ ၅၄လမ်း၊ ၁၀၉ A ထောင့်၌ စက်ဘီးစီးနင်းလာသော လူငယ်အမျိုးသားအား အမည်မသိလူတစ်ဦးမှ ဓားဖြင့်တိုက်ခိုက်ကာ လုယက်ရန် လုပ်ဆောင်ခဲ့ပြီးနောက် ထွက်ပြေးသွားကြောင်း သိရသည်။

” ချမ်းမြသာစည်မြို့နယ်မှာက ဝပ်ရှော့ကကောင်လေး စက်ဘီးနဲ့ သူ့ဆရာဆီသွားတာ။ အနောက်က ပါလာတဲ့ လူက စကားပြောရင်း ဓားနဲ့ထိုးပြီး ထွက်ပြေးသွားရော။ ကောင်လေးက ဓားနဲ့ထိုးခံရလို့ အူပွင့်သွားတယ်” ဟု ၎င်းက ဆက်လက်ပြောပြသည်။

ဓားဖြင့် တိုက်ခိုက်ခံရသူ နှစ်ဦးမှာ အသက်အန္တရာယ် စိုးရိမ်စရာမရှိတော့ဘဲ မန္တလေးဆေးရုံကြီး၌ ဆေးကုသမှု ခံယူနေကြောင်း သိရသည်။

မောင်ဇော်
ဓာတ်ပုံ- မြရည်နန္ဒာ လူမှုကယ်ဆယ်ရေးအဖွဲ့
#ယနေ့ခေတ်

Leave a Reply

Your email address will not be published. Required fields are marked *