AYA ဘဏ်နှင့်KBZ ဘဏ်အား ဓားပြတိုက်ကာ လုယက်ခဲ့သူအား ဝိုင်းဝန်းဖမ်းဆီးရမိ

ရန်ကုန်၊ ဇန်နဝါရီ ၁၇
ရန်ကုန်မြို့၊ လသာမြို့နယ်၌ ဖွင့်လှစ်ထားသော AYA ဘဏ်၌ ဓားဖြင့်ခြိမ်းခြောက်ကာ ငွေများလုယက်သွားခဲ့သူက ယနေ့ နံနက်ပိုင်း၌ ကျောက်တံတားမြို့နယ်၊
ဆိပ်ကမ်းသာလမ်းရှိ KBZ ဘဏ်အား သေနတ်အတုဖြင့် ခြိမ်းခြောက်ကာ ထပ်မံလုယက်ခဲ့ပြီး ၎င်းကို ဝိုင်းဝန်းဖမ်းဆီးခဲ့ရာ ဖမ်းမိခဲ့ကြောင်း သိရသည်။
ယနေ့ ဇန်နဝါရီ ၁၇ ရက် နံနက် ၁၁ နာရီက ကျောက်တံတားမြို့နယ်၊ ကုန်သည်လမ်းနှင့် ဆိပ်ကမ်းသာလမ်းထောင့်၌ ဖွင့်လှစ်ထားသော
KBZ ဘဏ်ခွဲ အမှတ် ၃၅ သို့ အမျိုးသားတစ်ဦး ဝင်ရောက်လာကာ အသင့်ယူဆောင်လာသော သေနတ်၊ ဓားမြှောင်တို့ဖြင့် ခြိမ်းခြောက်၍ ကောင်တာပေါ်မှ ငွေကျပ်သိန်း ၁၉၀ ခန့်အား ယူဆောင်ကာ ထွက်ပြေးသွားကြောင်း သိရသည်။
ထိုစဉ် ဘဏ်လုံခြုံရေးဝန်ထမ်းများနှင့် အနီးအနားရှိနေသူများက ဝိုင်းဝန်းဖမ်းဆီးခဲ့ရာ ဘဏ်အနီး၌ ၎င်းကို ဖမ်းဆီးရမိခဲ့ကြောင်း သိရသည်။
” ဘဏ်လုံခြုံရေးတွေက ဓားပြတိုက်သွားတဲ့ လူအနောက်ကို လိုက်ဖမ်းကြတာ တွေ့လို့ အနီးနားက လူတွေကပါ ဝိုင်းဖမ်းပေးတာ။ တရားခံကို ဖမ်းမိပါတယ်။
အဲ့ဒီအနားက တရားရုံးကိုလာတဲ့ ရဲတွေပါ ရောက်လာပြီး တရားခံကို ခေါ်သွားတယ်”ဟု ဆိပ်ကမ်းသာလမ်းအနီး၌ နေထိုင်သူ တစ်ဦးက ပြောသည်။
ဖမ်းဆီးရမိသူနှင့်အတူ လုယက်သွားသော ငွေများ၊ သေနတ်အတုတစ်လက်နှင့် ဓားမြှောင်တို့အား သိမ်းဆည်းရမိခဲ့ကြောင်း သိရသည်။
ပြစ်မှုကျူးလွန်သူအား စစ်ဆေးချက်အရ ၎င်းမှာ ဂျာနယ်ပို့သည့် လုပ်ငန်းလုပ်ကိုင်သူဖြစ်ကာ ပြီးခဲ့သည့် ဒီဇင်ဘာ ၁၉ ရက်ကလည်း လသာမြို့နယ်၊
ကမ်းနားလမ်းနှင့် လမ်းမတော်လမ်းထောင့်၌ ဖွင့်လှစ်ထားသော AYA ဘဏ်ခွဲ ၃၇ ၌ ဓားဖြင့်ခြိမ်းခြောက်ကာ ငွေကျပ်သိန်း ၁၀၀ ခန့်အား လုယက်သွားခဲ့ ဖူးသူဖြစ်ကြောင်းလည်း သိရသည်။
ထိုဖြစ်စဉ်၌ ၎င်းအား ဖမ်းမမိခဲ့ဘဲ ဘဏ်အနီးရှိ လမ်းမတော်လမ်းအား တစ်နာရီခန့် ပိတ်ဆို့ကာ ရှာဖွေမှုများ ပြုလုပ်ခဲ့ရသည်။
AYA ဘဏ်နှင့် KBZ ဘဏ်တို့၌ ခြိမ်းခြောက်ကာ ငွေလုယက်သူ အမျိုးသားအား သက်ဆိုင်ရာ ရဲစခန်း၌ အမှုဖွင့်လှစ်ထားကာ ဆက်လက်စစ်ဆေးနေကြောင်း သိရသည်။
မောင်ဇော်
ဓာတ်ပုံ – မှိုင်ဝေ၊CJ
#ယနေ့ခေတ်