အရက်ချက်စက်ရုံမီးလောင်ပြင်မှာ ထိခိုက်ဒဏ်ရာရရှိခဲ့တဲ့ မီးသတ်တပ်ဖွဲ့ဝင်တစ်ဦး ဘုရားဖူးသွားမယ်ဆိုကာ ပျောက်ဆုံးနေ

ဇန်နဝါရီ ၁၉
မှော်ဘီမြို့နယ်အတွင်းရှိ Grand Royal အရက်ချက်စက်ရုံ မီးလောင်ပြင်မှာ ထိခိုက်ဒဏ်ရာရရှိခဲ့ပြီး ဆေးကုသမှုခံယူခဲ့တဲ့ ရွှေပြည်သာအရန်မီးသတ်စခန်းက တပ်ဖွဲ့ဝင်တစ်ဦး ပျောက်ဆုံးနေတယ်လို့ မီးသတ်စခန်းရဲ့သတင်းများအရ သိရပါတယ်။
အဆိုပါရွှေပြည်သာအရန်မီးသတ်စခန်းက ပျောက်ဆုံးနေတဲ့ မီးသတ်တပ်ဖွဲ့ဝင် မောင်ပြည့်ဘုဏ်မောင်သည် အရက်ချက်စက်ရုံ မီးလောင်ပြင်မှာ ပေါက်ကွဲမှုကြောင့် မီးသတ်ကားပေါ်မှ ပြုတ်ကျပြီး ဦးခေါင်းဖုရောင်ဒဏ်ရာရရှိခဲ့တာဖြစ်ပါတယ်။
ဦးခေါင်းဖုရောင်ဒဏ်ရာရရှိခဲ့ပြီး ရွှေပြည်သာဆေးရုံမှာ တစ်ရက်တာ ဆေးကုသမှုခံယူပြီးနောက် သက်သာ၍ ဆေးရုံမှပြန်ဆင်းလာကာ ဇန်နဝါရီလ ၁၅ရက်နေ့က ဘုရားသွားမည်ဟုပြောဆိုပြီး ထွက်သွားရာမှ ပြန်လာခြင်းမရှိတာဖြစ်တယ်လို့ သိရပါတယ်။
စေတနာ့ဝန်ထမ်းအဖြစ် တာဝန်ထမ်းဆောင်နေတဲ့ အသက် ၁၈နှစ်အရွယ်ရှိ မောင်ပြည့်ဘုဏ်မောင်သည် မွေးရာပါ စကားမပီပဲ အဆက်အသွယ်ပြတ်ကာ ပျောက်ဆုံးနေသည်မှာ ယနေ့ ဇန်နဝါရီလ ၁၉ရက်နေ့အထိဖြစ်တယ်လို့ ဆိုပါတယ်။
၎င်းရဲ့နေရပ်ဖြစ်တဲ့ မော်လမြိုင်မြို့နယ်ရှိ မြိုင်သာယာသို့ မေးမြန်းခဲ့ရာမှာလည်း ပြန်မလာကြောင်း သိရပြီး သွားနိုင်သည့်နေရာများကို လိုက်လံရှာဖွေလျက်ရှိကာ တွေ့ရှိပါက စခန်းဖုန်း ၀၉-၄၀၀၅၄၄၄၀၆ သို့ ဆက်သွယ်ကူညီပေးဖို့ ပြောဆိုထားတာလည်းဖြစ်ပါတယ်။