စစ်ကိုင်းတိုင်းထဲက ရွေးကောက်ပွဲကော်မရှင်ရုံးနဲ့ လဝကရုံးတချို့ ဆက်တိုက် တိုက်ခိုက်ခံရ

စစ်ကိုင်းတိုင်းထဲက ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲရုံးတချို့နဲ့ လူဝင်မှုကြီးကြပ်ရေးနဲ့ပြည်သူ့အင်အားဦးစီးဌာန (လဝက) ရုံးတချို့ ဒီရက်ပိုင်းအတွင်း ဆက်တိုက်ဆိုသလို တိုက်ခိုက်ခံရပါတယ်။

မနေ့ ဇန်နဝါရီ ၁၉ ရက်နေ့မှာ တမူးမြို့နယ်က ရွေးကောက်ပွဲကော်မရှင်ရုံးကို တမူးမြို့ ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ နဲ့ မြန်မာနိုင်ငံလုံးဆိုင်ရာ ကျောင်းသားများဒီမိုကရက်တစ်တပ်ဦး (ABSDF) တပ်ရင်း ၅ တို့ ပူးပေါင်းပြီး မီးရှို့ဖျက်ဆီးခဲ့တယ်လို့ တမူးမြို့နယ် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့က ထုတ်ပြန်
ထားပါတယ်။

စစ်ကောင်စီရဲ့ အတုအယောင်ရွေးကောက်ပွဲကို အသိပေးတားမြစ်တဲ့အနေနဲ့ လုပ်ဆောင်တာဖြစ်ပြီး ဒီရွေးကောက်ပွဲနဲ့ပတ်သက်ဆက်နွှယ်သူမှန်သမျှကိုလည်း ပြင်းပြင်းထန်ထန်အရေးယူမယ်လို့ တမူးမြို့နယ် ပကဖ တာဝန်ခံ ဗိုလ်စင်္ကြာ အမည်နဲ့ ထုတ်ပြန်ထားပါတယ်။

မနေ့မနက်ပိုင်းက ဖြစ်ပွားခဲ့တဲ့ ဒီဖြစ်စဥ်မှာ ရွေးကောက်ပွဲကော်မရှင်ရုံးကိုလာရောက်တိုက်ခိုက်တဲ့ လက်နက်ကိုင်လူတစ်စုနဲ့ စစ်ကောင်စီတပ်တွေ ထိတွေ့တိုက်ပွဲဖြစ်ပွားပြီး နှစ်ဖက်ပစ်ခတ်မှုဖြစ်ပွားခဲ့တယ်လို့ စစ်ကောင်စီသတင်းတွေကို ထုတ်ပြန်တဲ့ တယ်လီဂရမ်ချန်နယ်တချို့မှာဖော်ပြနေပါတယ်။

ဒါ့အပြင် ပြီးခဲ့တဲ့ ဇန်နဝါရီ ၁၇ ရက်နေ့ညနေပိုင်းကလည်း စစ်ကိုင်းတိုင်း အင်းတော်မြိုန့ယ်က ရွေး ကောက် ပွဲကော်မရှင်ရုံးခွဲကို ပြောက်ကျားအဖွဲ့တစ်ခုက လက်လုပ်မိုင်းနဲ့ တိုက်ခိုက်ခဲ့တဲ့နောက် စစ်ကောင်စီဘက်ကလည်း ပြန်လည်ပစ်ခတ်တာရှိခဲ့ပြီး ဒီဖြစ်စဥ်အတွင်းမှာ အသက် ၃ နှစ်အရွယ်ကလေးငယ်တစ်ဦးနဲ့ အသက် ၃၀ အရွယ် အမျိုးသားတစ်ဦးတို့ ထိခိုက်ဒဏ်ရာရခဲ့တယ်လို့ အင်းတော်ပြည်သူ့ကာကွယ်ရေးတပ်က သတင်းထုတ်ပြန်ထားပါတယ်။

ဒါ့အပြင် စစ်ကိုင်းတိုင်းမြင်းမူမြို့နယ်က လဝက ရုံးကို မနေ့ ဇန်နဝါရီ ၁၉ ရက်ညပိုင်းက မီးရှို့ဖျက်ဆီးခဲ့တယ်လို့ အာဏာရှင်စနစ်တိုက်ဖျက်ရေးပြည်သူ့တပ်ဖွဲ့ (PAFD)က ထုတ်ပြန်လာပါတယ်။

လဝကရုံးအတွင်း ဝန်ထမ်းတချို့ လျှို့ဝှက်ပြီး မဲစာရင်းတွေလုပ်နေချိန်မှာ မဲစာရင်း၊ စာရွက်စာတမ်းနဲ့ ကွန်ပျူတာတွေကို မီးရှို့ဖျက်ဆီးနိုင်ခဲ့ပြီး မီးသတ်တပ်ဖွဲ့ရုံးနဲ့ကပ်လျက်တည်ရှိတာကြောင့် စနစ်တကျ ပြင်ဆင်ဆောင်ရွက်ခဲ့ရတယ်လို့လည်း ဆိုထားပါတယ်။

လူပုဂ္ဂိုလ်ကိုတိုက်ခိုက်တာမဟုတ်ဘဲ​အာဏာရှင်စနစ်ကို တိုက်ဖျက်တာဖြစ်လို့ တက်နိုင်သမျှ ငဲ့ညှာစွာဆောင်ရွက်ခဲ့တယ်လို့လည်း ဆိုပါတယ်။

ဒီဖြစ်စဥ်မှာတော့ ထိခိုက်ဒဏ်ရာရမှုနောက်ဆက်တွဲအခြေအနေကိုမသိရှိရသေးပါဘူး။

စစ်ကောင်စီက ကျင်းပဖို့ပြင်နေတဲ့ရွေးကောက်ပွဲကို လုံးဝလက်မခံဖို့နဲ့ ပူးပေါင်းပါဝင်မှုမလုပ်ဖို့ တော်လှန် ရေးအင်အားစုတွေဘက်က သတိပေးထားတာတွေ ရှိနေပြီး

တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့တွေကိုလည်း ဒီရွေးကောက်ပွဲကိုထိရောက်စွာဟန့်တားဖို့ ဆိုပြီး တအာန်းလက်နက်ကိုင်အဖွဲ့ TNLA က တိုက်တွန်းထားပါတယ်။

Leave a Reply

Your email address will not be published. Required fields are marked *