ဦးဖြိုးမင်းသိန်း၊ ဒေါ်စန္ဒာမင်းအပါအဝင် ၄ ဦးတို့ကို ပါတီဝင်အဖြစ်မှ ထုတ်ပယ်လိုက်ကြောင်း အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် (NLD) ပါတီက မတ်လ ၃ရက် ရက်စွဲဖြင့် သတင်းထုတ်ပြန်သည်။
NLD ဗဟိုအလုပ်အမှုဆောင်ကော်မတီ၏ မတ်လ ၂ရက် စည်းဝေးဆုံးဖြတ်ချက်အရ ပါတီဝင် ၄ ဦးအား ထုတ်ပယ်ရခြင်းဖြစ်ကြောင်း ထုတ်ပြန်ချက်က ဆိုသည်။
ထုတ်ပယ်ခံရသူများမှာ NLD အစိုးရလက်ထက် ရန်ကုန်တိုင်းဝန်ကြီးချုပ်တာဝန်ထမ်းဆောင်ခဲ့သူ ဦးဖြိုးမင်းသိန်း၊ ရန်ကုန်တိုင်းလွှတ်တော်ကိုယ်စားလှယ် တာဝန်ထမ်းဆောင်ခဲ့သူ ဒေါ်စန္ဒာမင်း၊ပါတီဗဟိုကော်မတီဝင်များဖြစ်သည့် ဦးတိုးလွင်၊ ဦးဝင်းမြင့်အောင်တို့ ဖြစ်ကြောင်း သိရသည်။
အဆိုပါ ၄ ဦးမှာ အဖွဲ့ချုပ်၏ စည်းမျဉ်းစည်းကမ်းများကို လိုက်နာခြင်းမရှိသည့်အတွက် တိုင်ကြားချက်များအရ ပါတီဝင်အဖြစ်မှ အပြီးအပိုင်ရပ်စဲလိုက်ကြောင်း၊ ၎င်းတို့၏ပြောဆိုဆောင်ရွက်မှုများသည် အဖွဲ့ချုပ်နှင့်မသက်ဆိုင်ကြောင်း ထုတ်ပြန်ချက်တွင် ထည့်သွင်းဖော်ပြထားသည်။
ရန်ကုန်တိုင်းဝန်ကြီးချုပ်ဟောင်း ဦးဖြိုးမင်းသိန်းဟာ ဒေါ်အောင်ဆန်းစုကြည်ကို ရွှေ ၇ ပိဿာနှင့် ဒေါ်လာ ၆ သိန်းပေးခဲ့တယ်လို့ အာဏာသိမ်း စစ်ကောင်စီဘက်နေ တရားရုံးမှာ သက်သေထွက်ဆိုခဲ့သူဖြစ်ပါတယ်။
စစ်ကောင်စီဘက်က သက်သေထွက်ဆိုခဲ့တဲ့ ဦးဖြိုးမင်းသိန်းဟာ ရွေးကောက်ပွဲကော်မရှင်ကိုမလျော် ဩဇာသုံးမှုဆိုင်ရာ ရာဇသတ်ကြီးပုဒ်မ ၁၃၀(က) နဲ့ ဒဏ်ငွေ တစ်သိန်း ပြစ်ဒဏ်သာကျခံခဲ့ရသူဖြစ်ပါတယ်။