MFP ၊ မတ် – ၉
မန္တလေးမြို့ ချမ်းအေးသာစံမြို့နယ်၊ (၆၆)လမ်းနှင့် (၃၂)လမ်းအနီးက ဇလုံကြီး ဟင်းအနှစ်ထုပ် ရောင်းတဲ့ဆိုင်ကို စစ်အုပ်စုက ဒီမနက်(၁၁)နာရီဝန်းအချိန် စီးနင်းဝင်မွှေပြီး ဆိုင်ပိုင်ရှင်ကို ဖမ်းဆီးသွားတယ်လို့ မန္တလေးမြေပြင်ကင်းထောက်အဖွဲ့တွေက ဖော်ပြပါတယ်။
“မန္တလေးမြို့၊ မတ်(၉)ရက် မနက်(၁၁)နာရီ ဝန်းကျင် အချိန်ခန့်က (၆၆)လမ်း၊ (၃၁)လမ်းနှင့် (၃၂)လမ်းကြားရှိ ဇလုံကြီးဟင်းအနှစ် အထုပ်ရောင်းသော ဆိုင်ပိုင်ရှင်အား စခများမှ လာရောက် ဖမ်းဆီးသွားကြောင်း” လို့ မန္တလေး မြေပြင်ကင်းထောက် Mdy Revolution က ဖော်ပြပါတယ်။
တချိန်တည်းမှာပဲ စစ်အုပ်စုဟာ သူတို့နဲ့ ဆက်စပ်တဲ့ ဇလုံကြီးထမင်းဆိုင်ကလွဲပြီး ဒီမနက်ပိုင်း မန္တလေးမြို့ပေါ်က ဇလုံကြီး အမည်နဲ့ ဖွင့်လှစ်ထားတဲ့ ထမင်းဆိုင်တချို့ကိုလည်း စီးနင်း စစ်ဆေးတာတွေ လုပ်နေတယ်လို့ ဒေသခံတချို့က ပြောပါတယ်။
အဲ့ဒီ ဖြစ်စဉ်တွေနဲ့ ပတ်သက်ပြီး MFP အနေနဲ့ ဆက်လက် စုံစမ်းနေဆဲ ဖြစ်ပါတယ်။စစ်လော်ဘီတွေကတော့ ဇလုံကြီးဆိုင်တွေကို ဖမ်းဖို့ စစ်အုပ်စုကို တိုက်တွန်း လှုံ့ဆော်နေကြပါတယ်။
“သူများကို တိုက်ခိုက်ချင်လို့ သက်သေ မရှိဘဲ အလှူငွေတွေ ခိုးပါတယ် ပြောလိုပြော။ ခိုးတာ မဖြစ်နိုင်ကြောင်း ချက်နဲ့လက်နဲ့ အကုန် ဝိုင်းပြောကြတော့ ဘာမဆိုင် ညာမဆိုင် ဇလုံကြီး BC ပါ ဆိုပြီး တင်ရောင်းလို့ ထပ်ဆဲကြ။
ဇလုံကြီးဘက်က မဟုတ်တဲ့ အကြောင်း ပြန်ရှင်းတော့ ခွေးတွေက တော်လှန်ရေး ထောက်ပံ့တယ် ဆိုပြီး ခေါင်းစဉ်တပ် ဖမ်းသွားပြီ။ ပျော်လား။ ကိုယ့်ကြောင့် ကောင်းရောင်း ကောင်းဝယ် လုပ်စားနေတဲ့ မိသားစု တစ်စု ဘဝ ပျက်သွားတာ။
အခုတော့ တင်တဲ့ သူတွေက သူတို့ မဟုတ်သလိုနဲ့ ပို့စ်တွေဖျက်ပြီး ဟီးဟီးဟားဟား လုပ်နေကြတယ်။ ထောင်ထဲ ရောက်တဲ့သူက ရောက်သွားပြီ” လို့ ဇင်သော်နိုင်က သူရဲ့ ဖေ့စ်ဘွတ်မှာ ရေးသားထားပါတယ်။
မန္တလေးမြို့မှာ ဇလုံကြီး အမည်နဲ့ ဖွင့်လှစ်ထားတဲ့ နာမည်ကြီး ထမင်းဆိုင် သုံးဆိုင်ထက်မနည်း ရှိပါတယ်။
Mandalay_Free_Press