မဲခေါင်၊ မတ် ၈
ရန်ကုန်တိုင်း၊ သန်လျင်မြို့နယ်၊ ချောင်းစောက်ကျေးရွာရှိ ဘုန်းကြီးကျောင်းမှာ မြွေပွေးကို ဘုရားမြွေအဖြစ် မှန်ပုံးထဲထည့်ထားရာ ငွေကြေး လာရောက်လှူဒါန်းနေပြီး
အဆိုပါပုံကို လူမှုကွန်ရက်မှ တွေ့ရှိတဲ့အတွက် ကျောင်းထိုင်ဆရာတော်နဲ့ ရွာသူ ရွာသားများကို မြွေအကြောင်း ရှင်းပြ ကူညီပေးခဲ့တယ်လို့ ရွှေမေတ္တာ လူမှုကူညီရေးအသင်း ဥက္ကဋ္ဌ မရွှေလဲ့က မဲခေါင်သတင်းကို ပြောပါတယ်။
အဆိုပါ ဘုန်းကြီးကျောင်းမှာ နဂါးရုံ ဘုရား တည်နေစဉ် မြွေပွေး ရောက်လာတဲ့ အတွက် မှန်ပုံးအတွင်းထည့်ကာ ဘုရားမြွေအဖြစ်
သတ်မှတ်ရာက လာရောက်ကြည့်ရှုသူ အချို့က အလှူငွေများ ထည့်ဝင်ကြတယ်လို့ သိရပါတယ်။
“ကျွန်မတို့ရောက်တော့ မြွေကိုကြည့်ပြီး မြွေပွေးဖြစ်ကြောင်း အထောက်အထားနဲ့ ရှင်းပြရတယ်။ ဆရာတော်နဲ့ ကျေးရွာနေ ပြည်သူတွေ လက်ခံမှ မြွေပွေးကို ဖမ်းပြီး ယူလာတယ်။
မြွေလည်း အန္တရာယ်ကင်းမယ့် နေရာ၊ လူတွေလည်း အန္တရာယ်ရှင်းမယ့် နေရာမှာ မြွေကို ပြန်လွှတ်ပေးခဲ့ပါတယ်။ အားလုံးလည်း ပူးပေါင်း ဆောင်ရွက်ကြလို့ အဆင်ပြေပါတယ်” လို့ မရွှေလဲ့ ကပြောပါတယ်။
ယခုကာလဟာ မြွေထွက်တဲ့ ရာသီဖြစ်လို့ စပါးရိတ်၊ ကောက်ရိတ်ရာမှာ လည်ရှည်ဖိနပ် ဝတ်ဆင်ရန်၊ မြွေအန္တရာယ် မကျရောက်ဖို့ အသံပေးပြီး တုတ်နဲ့ ခြောက်လှန့် သွားလာကြဖို့ လိုအပ်ပြီး မြွေနဲ့ပတ်သက်တဲ့ အသင်းအဖွဲ့တွေမှာ သိလိုသမျှ မေးမြန်းနိုင်တယ်လို့ သူကပြောပါတယ်။
အဆိုပါ မြွေပွေးကို အများပြည်သူ အန္တရယ်ကင်းစေနိင်ဖို့ မေတ္တာအလင်း၊ စိမ်းလန်းသောမြေ (ကျောက်တန်း)၊ M.A.N သွေးလှူဒါန်းမှုအသင်း (သန်လျင်) နဲ့ 9 Grouop (သန်လျင်) လူမှုရေးအသင်းများက ဘေးလွတ်ရာ ရောက်ရှိရေး ကူညီ ဆောင်ရွက်ပေးခဲ့ကြတယ်လို့ သိရပါတယ်။