ရန်ကုန်၊ မတ် ၉
ရန်ကုန်တိုင်းဒေသကြီး၊ ဒဂုံမြို့နယ် ရွှေတိဂုံဘုရားလမ်းပေါ်၌ အိမ်စီးကားတစ်စီး ဘီးပေါက်ရာမှ လမ်းမဘေးရှိ စေတီတစ်ဆူ၏ အုတ်ရိုးအား ဝင်တိုက်မှု ဖြစ်ပွားခဲ့ကြောင်း သိရသည်။
အဆိုပါ ယာဥ်သည် ယမန်နေ့ ည ၁၁ နာရီ ကျော်က ဗိုလ်ချုပ်အောင်ဆန်းလမ်းဘက်မှ ရွှေတိဂုံဘုရားလမ်းအတိုင်း မောင်းနှင်လာစဥ် တောင်ဘက်မုဒ်မီးပွိုင့် မရောက်ခင်တွင် ရှေ့ဘီးပေါက်ကာ အရှိန်မထိမ်းနိုင်တော့ဘဲ တန့်တော်မူစေတီ၏ အောက်ခြေအုတ်ရိုးအား ဝင်တိုက်ရာမှ တိမ်းမှောက်ခဲ့ခြင်း ဖြစ်သည်။
“ဖြစ်တဲ့အချိန် အသံတော်တော်ကျယ်တယ်။ ကျနော်တို့က မဟာဝိဇယဘုရားနားမှာရှိနေတာ၊ မောင်းလာတာသူက လူငယ်ပဲ၊ အိမ်ပြန်နေတာလို့ ပြောတယ်။ သိရတာက ညာဘက်ဘီးပေါက်ပြီး အရှိန်မနိုင်ဘဲ စေတီကိုဝင်တိုက်လိုက်တာ။ကားက ပြောင်းပြန်လှန်သွားတယ်၊ ကံကောင်းတာက လူတော့ ဘာမှမဖြစ်ဘူး” ဟု ရှင်သန်ရေးလူမှုကူညီရေးအသင်းဝင်တစ်ဦးက ယနေ့ခေတ်သို့ ပြောသည်။
ယင်းသို့ လမ်းမပေါ် ပြောင်းပြန်တိမ်းမှောက်သွားပြီး နောက် ကားအတွင်း လေအိတ်ပွင့်ထွက်လာ၍ မောင်းနှင်သူ ထိခိုက်မှုမရရှိခဲ့ဘဲ မော်တော်ယာဥ်မှာ ညာ ဘက်တစ်ခြမ်းပျက်စီးသွားပြီး တန့်တော်မူစေတီတွင်လည်း စေတီ၏ အောက်ခြေအုတ်ရိုးများ ပဲ့ကျပျက်စီးခဲ့သည်။
အဆိုပါ ယာဥ်မတော်တဆမှုကြောင့် အုတ်ကျိုးပဲ့ပျက်စီးသွားသည့် စေတီအား ပြန်လည်ပြုပြင်မွမ်းမံသွားမည်ဟု သိရပြီး ယာဥ်မောင်းအား သက်ဆိုင်ရာမှ ဆက်လက်စစ်ဆေးနေကြောင်း သိရသည်။
သတင်း – ဝသုန်
ဓာတ်ပုံ – ရှင်သန်ရေးလူမှုကူညီရေးအသင်း။
#ယနေ့ခေတ်